ရန်ကုန်- ၂၀၂၃၊ မေ ၁၄ (မော်ကွန်း)
စစ်တွေမြို့မှာမိုခါဆိုင်ကလုန်းမုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေပြီးစစ်တွေအနောက်ဘက်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာသစ်ပင်လဲပြိုတာတွေ၊ နေအိမ်ပျက်စီးတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။
“မနက် ၆ နာရီ ကနေ ၁၁ နာရီထိလေကအသင့်သင့်ပဲ။ အခု ၁၂ နာရီနောက်ပိုင်းမှာတော့လေကတော်တော်ပြင်းလာတယ်။ လမ်းပေါ်လူတောင်ရပ်မရဘူး။” လို့ စစ်တွေမြို့အနောက်ဘက်၊ ဘုမေကျေးရွာအုပ်စု၊သက္ကယ်ပြင်ကျေးရွာမှဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဖုန်းလိုင်းတွေပြတ်တောက်နေပြီး လူအထိအခိုက်တော့မရှိသေးဘူးလို့ဆိုပါတယ်။
စစ်တွေမြို့အနောက်ဘက်က ဘုမေကျေးရွာအုပ်စုမှာ ရိုဟင်ဂျာဒုက္ခသည်စခန်း ၁၄ ခုရှိပြီး လူဦးရေ ခုနှစ်သောင်းကျော်နေထိုင်ကြတယ်လို့ဆိုပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကတော့ မိုခါဆိုင်ကလုန်းမုန်းတိုင်းဟာ လက်ရှိ စစ်တွေမြို့အနီးမှဖြတ်ကျော်လျက်ရှိပြီး အညိုရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပါတယ်။
#Dailynews

