စစ်တွေမှဝင်ရောက်လာသူများ Quarantine ဝင်ရမည်ဟုလူမှုရေးဝန်ကြီးပြော

စစ်တွေမှဝင်ရောက်လာသူများ Quarantine ဝင်ရမည်ဟုလူမှုရေးဝန်ကြီးပြော

သဇင်လတ်
ရန်ကုန် – ၂၀၂၀ သြဂုတ် ၂၀ (မော်ကွန်း)

လတ်တလော ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မြင့်တတ်လာသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ရန်ကုန်မြို့သို့ ဝင်ရောက်လာသူများသည် ယနေ့မှစ၍ Quarantine ဝင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ကာကွယ် တားဆီးရေး ကော်မတီ ဥက္ကဋ္ဌ ၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မော်ကွန်းသို့ ပြောသည်။

“ညွှန်ကြားချက်အတိုင်းပေါ့။ ပြည်ထောင်စုကနေ ညွှန်ကြားတဲ့ဟာကို Quarantine ယူဖို့အတွက် ဆောင်ရွက်ပေးမယ်။ အဲ့ဒါက ဘာမှမထူးပါဘူး။ နိုင်ငံခြားကလာတဲ့လူတွေလိုပါပဲ။ လေကြောင်းနဲ့ပြန်လာတဲ့လူတွေလိုပါပဲ။ ကျွန်တော်တို့ Quarantine ထားဖို့ ပြင်ရမှာပေါ့” ဟု ဦးနိုင်ငံလင်းက ပြောသည်။

ယနေ့စတင်မည်ဖြစ်သော်လည်း အသေးစိတ်မသိရှိရသေးကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအစည်းအဝေးအပြီး ထုတ်ပြန်မှသာ သိရမည်ဟု ဦးနိုင်ငံလင်းကပြောသည်။

မော်ကွန်းက မေးမြန်းအပြီး ဦးနိုင်ငံလင်းက ၎င်း၏ Facebook စာမျက်နှာတွင် “စစ်တွေမှ ရန်ကုန်သို့လာသူများ Quarantine ဝင်ရမည်ဖြစ်ကြောင်း၊ အာခေါင်တို့ဖတ်(Swab) နှစ်ကြိမ်ယူရမည်ဖြစ်ကြောင်းနှင့် ဟိုတယ်သို့မဟုတ် Facility Quarantine ဝင်ရမည်ဖြစ်ကြောင်း” ရေးသားထားသည်။

ပြည်တွင်းကူးစက်မှု မတွေ့ရှိရသည့် တစ်လအကြာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဘဏ်ဝန်ထမ်းတစ်ဦးတွင် ရောဂါပြန်လည်တွေ့ရှိခဲ့ရပြီး ယနေ့အထိ စစ်တွေမြိုတွင် ပြည်တွင်းကူးစက်မှုခံရသူ ၆ ဦးအထိ ရှိလာပြီဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."