ရန်ကုန်-၂၀၂၃ ဇွန် ၂၂ (မော်ကွန်း)
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ အခုနှစ် ဇွန် ၂၁ ရက်အထိ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကြောရေးမှာ သတ်ဖြတ်ခံရသူပေါင်း ၉၁ ဦးအထိရှိလာပြီး အမျိုးသမီးသုံးဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကြောရေးမှာ သတ်ဖြတ်ခံရသူတွေဟာ ၂၀၂၁ ဖေဖော်ဝါရီကနေ ဒီဇင်ဘာအထိ ၁၁ လအတွင်း ၄၅ ဦး၊ ၂၀၂၂ မှာ ၃၂ ဦးနဲ့ အခုနှစ် ဇန်နဝါရီကနေ ဇွန်၂၁ ရက်အတွင်း ၁၄ ဦးသတ်ဖြတ်ခံရပါတယ်။
စစ်ကြောရေးမှာသတ်ဖြတ်ခံရမှုအများဆုံးဟာ မန္တလေးတိုင်းကဖြစ်ပြီး အယောက်၂၀ အထိ သတ်ဖြတ်ခံထားရတယ်လို့ AAPP ကထုတ်ပြန်ပါတယ်။
တွံတေးမြို့ပေါ်မှာ ၂၀၂၂ အတွင်းက စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးခံရကာ စစ်ကြောရေးမှာနှိပ်စက်ခံခဲ့ရပြီး ပြန်လွတ်လာသူတစ်ဦးက သူ့ရဲ့စစ်ကြောရေးအတွေ့အကြုံကို အခုလိုပြန်ပြောပြပါတယ်။
“ ကျွန်တော်တို့ကိုစဖမ်းကတည်းက ခေါင်းတွေချည်းရိုက်တာ၊ ပြီးတော့ ကျောက်ခဲအချွန်တွေပေါ် သွေးထွက်တဲ့အထိ အချိန်အကြာကြီးဒူးထောက်ခိုင်းတယ်။ ခြေသလုံးရိုးကိုလည်း ဝါးနှစ်ချောင်းနဲ့ညှပ်ပြီးဖိတာ။ မင်းတို့ကို အချိန်မရွေးသတ်ပစ်လို့ရတယ်လို့ ခြိမ်းခြောက်တယ်။ အခုချိန်ထိ အဲဒီဒဏ်တွေက မသက်သာသေးဘူး၊ အဓိကကတော့ သူတို့ကိုပုန်ကန်ရင် အချိန်မရွေးသတ်ပစ်လို့ရတယ်ဆိုတဲ့ အကြောက်တရားရိုက်ထည့်တာ ” လို့ ပြောပါတယ်။
အခုနှစ် ဧပြီ ၂၇ ရက်ကလည်း ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာက ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ အနီးနားကရွာတွေက ဒေသခံ ၃၀ ကျော်ကိုဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ကျုံပါရွာက ဦးမြသိန်းနဲ့ ကိုကျော်မြင့်သိန်း၊ ဖိုးစပါယ်ရွာက ဒေါ်တင်မျိုးခိုင်၊ ဦးဝင်းဇော်ဌေးနဲ့ ဦးဆံရှည်တို့ငါးဦးဟာ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။
AAPPရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဇွန် ၂၁ ရက်အထိ ဖမ်းဆီးခံရသူပေါင်း နှစ်သောင်းကျော်ရှိကာ ၁၉,၀၀၀ ကျော်ဟာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ထဲက ၁၁၅ ဦးဟာ သေဒဏ်ချမှတ်ခံထားရပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ဦးရှိတာကြောင့် သေဒဏ်ချမှတ်ခံရသူပေါင်း ၁၂၁ ဦးရှိတယ်လို့ AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။
ပုံစာ-၂၀၂၁ မတ် ၁၄ ရက်က သင်္ဃန်းကျွန်းသပိတ်ကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖြိုခွင်းစဉ် သေနတ်မှန်သေဆုံးသူတစ်ဦး
ဓာတ်ပုံ-မော်ကွန်း
#Dailynews

