ပေါက်တော- ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ( မော်ကွန်း)
ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ်မှာ စစ်ကျန်ဗုံးသီးကို မသိဘဲထုရိုက်ကြည့်ရာကနေ ဗုံးသီးပေါက်ကွဲသွားတာကြောင့် လူငယ်နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။
မနေ့က ညနေပိုင်းအချိန်လောက်မှာ ပေါက်တောမြို့နယ်၊ ဂြင်းဒွေရွာသားသေဆုံးထိခိုက်သူတွေဟာ ခရီးသွားရာကနေ ကောက်ရလာတဲ့ဗုံးသီးကို သူငယ်ချင်းတချို့နဲ့စမ်းထုကြည့်ရာကနေ ပေါက်ကွဲ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတချို့ကပြောပါတယ်။
“အဲ့ဒီရွာက ကောင်လေးတစ်ယောက်က မင်းပြားနယ်ဘက်ကိုခရီးသွားရင်း ကောက်ရလာတာလို့ သိရပါတယ်။ ရွာရောက်တာနဲ့ သူငယ်ချင်းတွေကိုခေါ်ပြီး ရွာအပြင်ကအပင်အောက်မှာ ထုကြည့်ကြတာ။ မလုပ်သင့်တာကို လုပ်ကြည့်တော့ မသေသင့်ဘဲ လူငယ်တွေသေသွားရတယ်။ ရွာမှာလည်း တခြားကလေးတွေကို တော်တော်သတိပေးထားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကို ရခိုင်ပြည်နယ်ထဲကနေ အပြီးတိုင်ဖယ်ရှားမယ်လို့ ကြွေးကျော်ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီကြားက တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်အနှံ့မှာ ပြင်းထန်ခဲ့သလို စစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို အရပ်သားတွေ ခံစားနေရဆဲဖြစ်ပါတယ်။
ဒီလ ၉ ရက်ကလည်း ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်မှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားသလို ၈ ရက်နေ့ကလည်း ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်၊ ရွှေဇားဂုံးနား (မွတ်ဆလင်ရွာ)မှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ တစ်ဦးသေပြီး လေးဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဲဒီရွာမှာပဲ ဒီလ ၅ ရက်နဲ့ ၆ ရက်တုန်းက နေအိမ်ခြံဝန်းထဲမှာပဲ မြေမြုပ်မိုင်းတွေနင်းမိကြလို့ အရပ်သားနှစ်ဦး ခြေပြတ်တဲ့ဒဏ်ရာတွေ ရခဲ့ကြပါသေးတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအထိ ရခိုင်ပြည်နယ်မှာ ပေါက်ကွဲစေတဲ့စစ်ကျန်ပစ္စည်းတွေကြောင့် လူ ၉၀ ခန့် ထိခိုက်ခဲ့ပြီး ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီအထဲမှာ ကလေးသူငယ် ၂၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ငါးဦးသေဆုံးခဲ့တယ်လို့ UNICEF- မြန်မာက ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဗုံးသီးပေါက်လို့ သေဆုံး၊ ထိခိုက်ခဲ့ကြတဲ့ ပေါက်တောဒေသခံတစ်ဦး။
ဓါတ်ပုံ- APM

