စစ်ကောင်စီအပြင် မွတ်ဆလင်အကြမ်းဖက်သမားတွေကိုပါ ကြောက်လန့်နေရတယ်လို့ မောင်တောဒေသခံတချို့ပြော

စစ်ကောင်စီအပြင် မွတ်ဆလင်အကြမ်းဖက်သမားတွေကိုပါ ကြောက်လန့်နေရတယ်လို့ မောင်တောဒေသခံတချို့ပြော

မောင်တော – ၂၀၂၄ အောက်တိုဘာ ၂၃( မော်ကွန်း)

ရခိုင်ပြည်နယ်က မောင်တောမြို့နယ်ထဲမှာနေထိုင်ကြတဲ့ ရခိုင်နဲ့မွတ်ဆလင်ဒေသခံတွေဟာ စစ်ကောင်စီကိုသာမက ARSA ၊ RSO နဲ့ ARA စတဲ့ မွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်တွေရဲ့ အန္တရာယ်ကိုပါ ကြောက်လန့်ကာနေထိုင်နေရတယ်လို့ မောင်တောဒေသခံတချို့က ပြောပါတယ်။

” လေယာဉ်ကို ကြောက်ရတာတစ်မျိုး၊ မွတ်ဆလင်လက်နက်ကိုင်တွေကို ကြောက်နေရတာတစ်မျိုး။ AA က လုံခြုံရေးတွေ ချထားပေမယ့် နေရာတိုင်းတော့ မဟုတ်ဘူး။ ပြီးတော့ ARSA တွေကလည်း AA တွေမရှိတဲ့ နေရာတွေကိုမှ ခြုံခို တိုက်ခိုက်ဖို့ ချောင်းနေကြတာ။ သွားရေးလာရေး လုံခြုံမှုမရှိတော့ စားဝတ်နေရေးတွေလည်း ထိခိုက်တယ်။ တောတောင်ထဲကို သွားဖို့ မပြောနဲ့ ရွာနားပတ်ဝန်းကျင်ကိုတောင် မသွားရဲကြဘူး” လို့ မောင်တောမြို့နယ်မြောက်ပိုင်းဒေသက ဒေသခံ အမျိုးသမီးတစ်ဦးက ဒီနေ့ပြောပါတယ်။

မောင်တောမြို့နယ်တစ်ခုလုံးကို လက်ရှိမှာ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီး စစ်ကောင်စီကတော့ မောင်တော မြို့ပြင်က နခစ(၅)နယ်ခြားစောင့်စခန်းအတွင်းကနေ ခုခံနေရတဲ့အခြေအနေလို့ သူတို့ကဆိုပါတယ်။

ဒါပေမဲ့ မောင်တောမြို့နယ်ထဲက တောတောင်ထူထပ်တဲ့နေရာတွေမှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ အပါအဝင် စစ်ကောင်စီသင်တန်းပေးထားတဲ့ ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့ (RSO) နဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (ARA) တွေဟာ တပ်စခန်းချနေထိုင်ကာ ဒေသခံတွေကို မကြာခဏဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ ပြုလုပ်နေတယ် လို့ AA က ထုတ်ပြန်ထားပါတယ်။

အဲဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ဘေးက ကင်းဖို့ မောင်တောနယ်ထဲက ကျေးရွာဒေသခံတွေကို AA က သွားရေးလာရေး သတိရှိကြဖို့ နဲ့ လုံခြုံရေးချထားတာမရှိသေးတဲ့ဒေသတွေကို မသွားကြဖို့ သတိပေးထားတယ်လို့ အထက်ပါ မောင်တော ဒေသခံအမျိုးသမီးက ပြောပါတယ်။

အဲဒီအဖွဲ့တွေဟာ အဲဒီဒေသတွင်းက လူနည်းစု ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေကိုသာမက မွတ်ဆလင်အချင်းချင်းကိုလည်း ဓားပြတိုက်တာ၊ ပြန်ပေးဆွဲတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်နေတာကြောင့် မောင်တောဒေသမှာ နေထိုင်တဲ့ မွတ်ဆလင်ဒေသခံတွေဟာ AA ရဲ့ လုံခြုံရေး အကာအကွယ်ယူကာ နေထိုင်နေရတယ်လို့ မွတ်ဆလင်ဒေသခံတချို့ က ပြောကြပါတယ်။

” အရင်တုန်းကလည်း AA နဲ့ ပတ်သက်တယ်ဆိုပြီး မွတ်ဆလင်နှစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မွတ်ဆလင်ဒေသခံတွေလည်း အရမ်းသတိထားပြီး နေရတယ်။ ရွာထဲကို လူစိမ်းတွေ ဝင်လာတာမြင်ရင် သတင်းပို့ပေးကြဖို့ AA က စည်းကမ်းချထားတယ်။ အကြမ်းဖက်သမားတွေရဲ့ အဓိကရည်ရွယ်ချက်က ဓားပြတိုက်ဖို့၊ သတ်ဖြတ်ဖို့နဲ့ မူးယစ်ဆေးလုပ်ဖို့လောက်ပဲ။ မွတ်ဆလင်ဒေသခံတွေ ကောင်းဖို့အတွက်လုပ်တာ ဘာတစ်ခုမှမပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီမွတ်ဆလင်အကြမ်းဖက်သမားတွေကို နေရာပေး လက်မခံနိုင်သလို သူတို့ရဲ့ လုပ်ရပ်တွေကိုလည်း လုံးဝလက်မခံနိုင်ဘူး” လို့ မောင်တောမြို့နယ်မြောက်ပိုင်းဒေသမှာနေထိုင်တဲ့ မွတ်ဆလင်ကျေးရွာ ဒေသခံတစ်ဦးက ရခိုင်ဘာသာနဲ့ ပြောပါတယ်။

အဲဒီဒေသကိုထိန်းချုပ်ထားတဲ့ AA ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်ထဲမှာ ပင်လယ်ပြင်မှာ အကြမ်းဖက်သမားတွေရဲ့ ဓါးပြတိုက်တာခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို ကယ်တင်ပြီး သူတို့အစိုးရထံ ပြန်ပို့ပေးခဲ့ပါသေးတယ်။

ARSA၊ RSO၊ ARA လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ပြည်သူတွေကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတွေကို ဆက်တိုက်ကျူးလွန်နေကြောင်းနဲ့ အဆိုပါ မွတ်ဆလင် အကြမ်းဖက်သမားတွေနဲ့ စစ်ကောင်စီတို့ ပူးတွဲစစ်ရေးလှုပ်ရှားကာ တပ်စခန်းတွေကို လာရောက်တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း မနေ့တုန်းက AA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို အကြမ်းဖက်လုပ်ရပ်တွေဟာ အာရက္ခဒေသတွင်းသာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ် နှစ်ဘက်မှာနေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအတွက်ပါ စိုးရိမ်စရာကောင်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတို့အနေနဲ့ အကြမ်းဖက်အဖွဲ့တွေ ခိုအောင်ရာ တောတောင်ထူထပ်တဲ့ ဒေသတွေကို လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပုံစာ- AA ဝင်ရောက်ရှင်းလင်းခဲ့တဲ့ မေယုတောင်တန်းပေါ်က အကြမ်းဖက်စခန်းတချို့နဲ့ တည်နေရာပြမြေပုံ။
ဓါတ်ပုံ- AA Info Desk


🌐 Website

 မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ


🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine

Mawkun Magazine #Chronicle #dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."