ဘုတလင် – ၂၀၂၁ နိုဝင်ဘာ ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်လို့ ဘုန်းကြီးကျောင်းဓမ္မာရုံပေါ် လက်နက်ကြီးကျပြီး ကျောင်းမှာလာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်ရွာသူရွာသား ငါးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ဘုတလင်မြို့နယ် နဲ့ ကနီမြို့နယ် အစပ် ဘုတလင်မြို့နယ် ရေဘုတလင်ရွာ၊ သာယာကုန်း ကျောင်းကုန်းရွာ အနီးတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဲဖြစ်ပွားနေပြီး ကျေးရွာတစ်ရွာက ဘုန်းကြီးကျောင်းဓမ္မာရုံပေါ် လက်နက်ကြီးကျခဲ့တာပါ။
ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒါအပြင် ပြည်သူတစ်ယောက်ပေါင် ကျည်ထိခဲ့ပြီး ပြည်သူနောက်တစ်ဦးလည်း မိုင်းထိထားကြောင်း ဒေသခံတွေက ပြောပါတယ်။
“မိုင်းထိတဲ့တစ်ယောက်ကတော့ သေတော့မသေဘူး။ ခြေထောက်ဖြတ်ပစ်ရမယ်ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကနီတစ်ဖက်ကမ်း ချင်းတွင်းမြစ်ဘေး ရေဘုတလင်ရွာ ၊ကျောင်းကုန်းရွာ၊ မင်းကြီးကန်ရွာ၊ ရသစ်ရွာများမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ နိုဝင်ဘာလ ၂၄ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်ပွါးနေပါတယ်။
အဲဒီရွာတွေက ထောင်ချီတဲ့ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပြီး တောထဲမှာပဲ နေထိုင်စားသောက်ညအိပ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

