ရန်ကုန် – ၂၀၂၄ မေ ၂၇ (မော်ကွန်း)
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ဟာ ဧရာဝတီမြစ်ကူးဗလမင်းဒင်တံတားပဲခြားပြီး KIA ရဲ့ ထိုးစစ်ဟာလည်း ဝိုင်းမော်မြို့ပေါ်ထိကို ရောက်ရှိလာတာပါ။
ဝိုင်းမော်-ဗန်းမော် လမ်းပိုင်းတစ်လျှောက်က စစ်ကောင်စီစခန်းကုန်းတွေကို KIA ပူးပေါင်းတပ်တွေက ယခုလဆန်းပိုင်းကစပြီး ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ KIA ပူးပေါင်းတပ်တွေဟာ ဝိုင်းမော်မြို့တွင်းထိ ထိုးဖောက်လာနိုင်ခဲ့ပြီး မြို့အထွက်လမ်းမှာရှိတဲ့ ခမရ ၃၂၁ တပ်စခန်းကိုလည်း KIA က သိမ်းပိုက်လိုက်ပါတယ်။
စစ်ကောင်စီတပ်ကလည်း KIA ထိုးစစ်ကို ခုခံဖို့ မြစ်ကြီးနားဘက်ကနေ အတွဲလိုက်ဒုံးတွေ အပါအဝင် လက်နက်ကြီးတွေပစ်ခတ်နေသလို လေကြောင်းပစ်ကူတွေနဲ့လည်း ခုခံပစ်ခတ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ ဝိုင်းမော်မြို့က ဒေသခံအများစုဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းက မြစ်ကြီးနားမြို့က နီးစပ်ရာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေမှာ စစ်ဘေးရှောင်နေရတယ်လို့ အဲဒီ စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“နီးစပ်ရာ အိမ်ငှားတဲ့သူကငှား တချို့လည်း မတတ်နိုင်တော့ မြစ်ကြီးနားဘက်က ကူညီပေးတဲ့ နေရာတွေလည်းရှိတယ်၊ အခုလောလောဆယ်တော့ မြို့ပေါ်ကလူတွေကတော့ လှူတာရှိကြတယ်” လို့ ၎င်းက ပြောပါတယ်။
မနေ့ကညပိုင်းကလည်း ဝိုင်းမော်မြို့အဝင်အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကားလမ်းပေါ်မှာ ပိတ်မိနေတဲ့ ငှက်ပျောခြံလုပ်သားတွေနဲ့ ရွှေမှော်လုပ်သား ၂၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဝိုင်းမော်မြို့ခံ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းက မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ခဲ့ရပါသေးတယ်။
ယခုလပိုင်းအတွင်းမှာ KIA ဟာ ဝိုင်းမော်မြို့နယ်ထဲက နာမည်ကျော် ဂီးဒွန် (Gidon) စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၂၄ ခုကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနတချို့ကို ပြောထားပါတယ်။
ပုံစာ – မနေ့ညက လက်နက်ကြီးထိမှန်ကာ ဒဏ်ရာရခဲ့တဲ့ ငှက်ပျောခြံလုပ်သားတွေနဲ့ ရွှေမှော်လုပ်သားတွေကို မြင်တွေ့ရစဉ်
ဓာတ်ပုံ – မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း