ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၂၃ (မော်ကွန်း)
စစ်ကောင်စီထံလက်နက်ချအညံ့ခံသွားတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုတက်တူးကို လက်စားခြေတုံ့ပြန်သွားမယ်လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လကျ်ာကပြောပါတယ်။
“ဒီကောင်ကကျတော့ ကာကွယ်ရေးတွေကိုအကြောင်းပြပြီး သစ္စာဖောက်လုပ်သွားတာ၊ ပြည်သူတွေကိုသစ္စာဖောက်တာ။ သူ့ကိုထမင်းကျွေးထားတဲ့ရွာတွေကို သစ္စာဖောက်တာ။ သစ္စာဖောက်ကတော့ သစ္စာဖောက်သွားရာလမ်းသွားရမှာပဲ။ သူ့ရဲ့ဒေတာအချက်အလက်တွေကိုကျွန်တော်တို့လိုက်နေတယ်။ ရှိသင့်သလောက်ဒေတာတွေလည်းရှိထားပြီးပါပြီဗျ။ ကျွန်တော်တို့ကတော့ ဒီတိုင်းပြီးသွားရောဆိုပြီးနေမှာမဟုတ်ဘူး။ ပြည်သူတွေခံစားရတဲ့အပူကို သူပြန်ခံစားရမယ်။” လို့သူကပြောပါတယ်။
ယခုလ ၁၅ ရက် မွန်းလွဲ ၂:၀၀ နာရီ ကျော်မှာ မြိုင်မြို့နယ်ပကဖ ဒုခေါင်းဆောင်ရဲ့ M-16 မောင်းပြန်သေနတ်တစ်လက်ကို ကိုတက်တူးကခိုးယူပြီး စစ်ကောင်စီထံအလင်းဝင်သွားတာလို့ ဗိုလ်လကျာ်ကပြောပါတယ်။
စစ်ကောင်စီထံအလင်းဝင်သွားတဲ့ကိုတက်တူးဟာ မြိုင်ပကဖမှာ နှစ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
သူဟာပခုက္ကူခရိုင်အတွင်းက အရေးကြီးတဲ့ပကဖစခန်းတွေ၊ ပကဖခေါင်းဆောင်တွေနေတဲ့ကျေးရွာတွေ နဲ့အခြားထိစပ်နယ်မြေကတော်လှန်ရေးအဖွဲ့တွေရဲ့စခန်းတွေကို မြေပုံနဲ့တကွ စစ်ကောင်စီထံသတင်းထွက်ဆိုထားတာကြောင့် အမြန်ဆုံးနေရာပြောင်းရွှေ့ကြဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြိုင်မြို့နယ်လိုပဲ ပခုက္ကူခရိုင်အတွင်းက Earthquake People Defence Force ကတိုက်ခိုက်ရေးခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦးဟာလည်း မေလ ၂၄ ရက်က စစ်ကောင်စီထံ လက်နက်ချအလင်းဝင်ခဲ့ပါသေးတယ်။
ပခုက္ခူခရိုင်အတွင်းမှာ အခုလိုစစ်ကောင်စီထံလက်နက်ချအညံ့ခံတဲ့ဖြစ်စဉ်တွေ ဖြစ်ပွါးလာရတာဟာ စည်းကမ်းပိုမိုတင်းကြပ်လိုက်တာကြောင့်ရယ် လက်နက်ကိုင်တော်လှန်ရေးခံယူချက်မခိုင်မာတာကြောင့်ရယ် ဖြစ်တယ်လို့ဗိုလ်လကျာ်ကပြောပါတယ်။
ပုံစာ-စစ်ကောင်စီထံအလင်းဝင်သွားသူကိုတက်တူး
ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်။
#Dailynews

