ဆားလင်းကြီး – ၂၀၂၁ နိုဝင်ဘာ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားက ကျေးရွာတွေမှာ ဝင်ရောက်ပစ်ခတ်နေလို့ ရွာခြောက်ရွာထက်မနည်း ရှောင်တိမ်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးနေရတဲ့ရွာတွေကတော့ ဆားလင်းကြီးမြို့နယ်၊ကံကုန်းကျေးရွာ၊ကျေးစာကျကျေးရွာ၊ ဘိန်းနွယ်ချောင်းကျေးရွာ၊ ကျောင်းကုန်းရွာအစရှိတဲ့ ကျေးရွာတွေနဲ့ အနီးနားက ကျေးရွာတွေ စုစုပေါင်း ခြောက်ရွာခန့် ဖြစ်ပါတယ်။
မနေ့မနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်မှာ စစ်ကောင်စီ ကား နှစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးခဲ့ကာ ဒဏ်ရာရသူတချို့လည်းရှိကြောင်း၊ အဲဒီနေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေဟာ အနီးအနားက ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။
ကံကုန်းကျေးရွာက သစ်စက်အနီးခန်းမထဲမှာ စစ်သားအင်အား၅၀ ဝန်းကျင်ခန့် တပ်စွဲထားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာထဲ ဗုံးတွေဝင်ရှာနေတယ်ကြားတယ်။ ရွာထဲကလူကုန်ထွက်ပြေးနေရတယ်”လို့ ဒေသခံက ပြောပါတယ်။
ထွက်ပြေးတဲ့ရွာတွေအားလုံးမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲနေပြီဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်ကို ဖြတ်သန်းသွားတဲ့ ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
#Dailynews

