စစ်ကိုင်း-၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်သင်္ဘောအုပ်စုက ဒီနေ့မနက်ပိုင်းမှာ ကနီမြို့နယ်ထဲက မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံအများအပြားထွက်ပြေးနေရတယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးနဲ့ပစ်တာမှ တရစပ်ပဲ။ ဒေသခံတွေ အခုထိရှောင်နေကြရတုန်းပဲ။ ကနီမြစ်ကမ်းတစ်လျောက်ကရွာတွေအကုန်ပြေးရတာ၊ ဒေသခံအထိခိုက်ရှိမရှိမသိရသေးဘူးဗျ” လို့ ကနီဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သင်္ဘောအုပ်စုရဲ့ ပစ်ခတ်မှုကြောင့် သရက်ပင်၊ ချိုင်၊ အိုင်တောင်၊ ဝါးတန်း၊ မင်းအို၊ သပြေတောစတဲ့ရွာတွေအပြင် မြစ်ကမ်းနံဘေးမှာရှိတဲ့ ကျေးရွာအများစုက ဒေသခံထောင်ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သင်္ဘောအုပ်စုကို ဒီနေ့မနက်ပိုင်းက ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အသေအပျောက်ရှိနိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“ကိုယ်တွေဘက်က အခြေအနေကောင်းတယ်၊ သူတို့တော့အထိအခိုက်ရှိတယ်။ သူတို့သင်္ဘောအုပ်စု မင်းအိုရွာနားကပ်တာ၊ ရှေ့ထွက်(မိုင်း)နဲ့မိသွားတယ်။ မော်တော်တစ်စီးဆိုရင် မျောသွားလို့ အောက်ဘက်အထိလိုက်ဆယ်ရတာ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အခုလ ၁၂ ရက်ကလည်း မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီတပ်သင်္ဘောခုနစ်စီးကို ကနီမြို့နယ်အရောက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက စနိုက်ပါနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းကို ခြေလျင်စစ်ကြောင်းထိုးတာ၊ မြစ်ကြောင်းကနေပစ်ခတ်တာတွေ မကြာခဏလုပ်ဆောင်နေတာကြောင့် ယင်းမာပင်နယ်ထဲက ကျေးရွာအများအပြားက စစ်ရှောင်တစ်သောင်းကျော်အထိရှိနေပြီး စာနပ်ရိက္ခာအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ လွန်ခဲ့တဲ့နှစ်ရက်ကထုတ်ပြန်တဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၉ သန်းကျော်အထိရှိလာနေပြီး အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ပုံစာ-ချင်းတွင်းမြစ်ကြောင်းထဲက စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီး
ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ
#Dailynews

