ရန်ကုန်-၂၀၂၃ ဇူလိုင် ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်နေတာကြောင့် လေးရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံစုစုပေါင်းလေးဦးသေဆုံးကာ ၁၀ ဦးဝန်းကျင် လက်နက်ကြီးထိမှန်ဒဏ်ရာရထားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို အတည်ပြုပါတယ်။
“မနက် ၈း၁၅ ဝန်းကျင်လောက်က လက်နက်ကြီးနဲ့ ရေဦးမြို့ တိုင်းရင်းဆေးရုံကနေပစ်တာ၊ သက်ပေးရွာရဲ့မြောက်ဘက် မူးသာရွာထဲကျတယ်။
ဒေသခံအမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦးဆုံးတယ်၊ သုံးဦးဒဏ်ရာရတယ်။ မနေ့ကလည်းပစ်တယ်။ မနေ့က မူးသာ(ရွာ)ရဲ့တောင်ဘက် သက်ပေးရွာထဲကျတာ။ သက်ပေးရွာထဲက KG ကျောင်းသားလေး မောင်မိုးထက်ဝေ(၆နှစ်အရွယ်) ပွဲချင်းပြီးဆုံးသွားတယ်။ ဒေသခံသုံးဦးလည်း ဒဏ်ရာရတယ်” လို့ ၎င်းကပြောပါတယ်။
ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ အခုလ ၁၆ ရက်ကစပြီး ဒီနေ့မနက်ပိုင်းအထိ ခင်ဦးမြို့နယ်ထဲကကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတာဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးလို့ သူကဆိုပါတယ်။
“ရေဦးအနီးဝန်းကျင်ကရွာတွေ အားလုံးက လက်နက်ကြီးရန်က ဂရုပြုနေရတယ်။ တချို့ဆို လက်နက်ကြီးကြောက်လို့ ရွာထဲတောင်မအိပ်ရဲလို့ တခြားဝေးလံတဲ့ နေရာတွေဆီသွားအိပ်တဲ့ ဒေသခံတွေလည်း အများကြီးရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးရန်ကြောင့် ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ရွာသစ်၊ မူးသာ၊ သက်ပေး၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ အင်းပက်၊ ချမ်းသာကုန်းစတဲ့ရွာတွေက ဒေသခံငါးထောင်ကျော် မိုးထဲရေထဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ထွက်ပြေးနေရတဲ့ ခင်ဦးဒေသခံများ
Photo – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

