စစ်ကောင်စီငြိမ်းချမ်းရေးပွဲတက်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာကို ထုတ်ပယ်ထားပြီး ဖြစ်ကြောင်း PNLO ပြော

စစ်ကောင်စီငြိမ်းချမ်းရေးပွဲတက်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာကို ထုတ်ပယ်ထားပြီး ဖြစ်ကြောင်း PNLO ပြော

ပအိုဝ်း – ၂၀၂၅ ဇွန် ၃၀ (မော်ကွန်း)

စစ်ကောင်စီ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်နေတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာဟာ PNLO/PNLA က မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မော်ကွန်းကိုပြောပါတယ်။

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) ကို နေပြည်တော်မှာ ဇွန် ၂၅ ကနေ ၂၇ ရက်ထိ သုံးရက်ကြာပြုလုပ်ခဲ့ပြီး အဲဒီအထဲမှာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အာဏာမသိမ်းမီက NCA လက်မှတ်ရေးထိုးထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေးပွဲစားတွေ၊ နိုင်ငံရေးသမားတချို့တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်က ကောင်စီဝင်၊ စစ်တပ်အရာရှိတွေ၊ အကြံပေးတွေနဲ့ နိုင်ငံတချို့က သံတမန်၊ ပညာရှင်ဆိုသူတွေ တက်လာတာတွေ့ရပါတယ်။

အဲဒီအထဲမှာ တက်ရောက်လာတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ပတ်သက်လို့ မီဒီယာတချို့မှာတော့ PNLO/PNLA ကိုယ်စားပြုလာတဲ့သဘောနဲ့ ဖော်ပြကြတာကိုတွေ့ရပေမယ့် “ကျွန်တော်တို့ PNLO/PNLA မှာတော့ ဗိုလ်မှူးကြီးခွန်ဥက္ကာဆိုတဲ့ နာမည်နဲ့လူမရှိပါဘူး၊ အရင်တုန်းက ခွန်ဥက္ကာဆိုတဲ့ နာမည်နဲ့ ရှိခဲ့ဖူးတဲ့ လူတစ်ယောက်ကိုလည်း ကျွန်တော်တို့ PNLO/PNLA ကနေ ထုတ်ပယ်ပြီးဖြစ်ပါတယ်”လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောပါတယ်။

PNLO/PNLA ဟာ ၂၀၂၂ တုန်းက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်မှာ နောက်ဆုံးတက်ရောက်ခဲ့ပြီး မြေပြင်မှာတော့ စစ်ကောင်စီ၊ သူ့ရဲ့လက်အောက်ခံ ပအိုဝ်းဌာနေပြည်သူ့စစ်(PNO/PNA)နဲ့ တိုက်ပွဲတွေဖြစ်နေခဲ့ပါတယ်။

အဲဒီနောက် ပင်လောင်းမြို့၊ နမ့်နိမ်းရွာမှာ PNLA တပ်ဖွဲ့ဝင်တွေကို PNO က ဖမ်းဆီးသတ်ဖြတ်တာတွေ၊ တောင်ကြီး-ဆီဆိုင်လမ်းမှာ အာဆီယံသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရတာ၊ ဟိုပုန်းမြို့နယ်၊ မဲနယ်တောင်တန်းဒေသမှာ တိုက်ပွဲတွေပြင်းထန်လာရာကနေ ဆီဆိုင်မြို့ထိပါ ကူးစက်လာတာတွေဖြစ်လာပါတယ်။

PNLO/PLNA ကတော့ ရှစ်နှစ်ကြာ စစ်တပ်နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အာမခံချက်လည်းမရှိသလို ရလဒ်မရှိဘဲ အခုဆိုရင် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပါ ပြဋ္ဌာန်းတာဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဒီမိုကရေစီဆိတ်သုဉ်းဖို့၊ စစ်အာဏာရှင်စနစ်တည်မြဲဖို့ဖြစ်တာကြောင့် ပအိုဝ်းပြည်သူ့စစ်ကို ပြည်သူ့ဘက်ကိုရပ်တည်ဖို့ကြေညာခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာဟာ “စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ပအိုဝ်းတမျိုးသားလုံးနဲ့ဆိုင်တာကြောင့် အမျိုးသားအဆင့်ညှိနှိုင်းသင့်ကြောင်းနဲ့ PNLO/PNLA ဟာ လက်နက်နဲ့ပဋိပက္ခကိုရှောင်ပြီး ငြိမ်းချမ်းစွာညှိနှိုင်းရေးကို အဖြေရှာဖို့၊ PNLO/PNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်ဟာ စည်းမျဉ်း၊ ဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်”လို့ စာထုတ်ခဲ့ပါတယ်။

ခွန်ဥက္ကာဟာ ၂၀၂၄ အောက်တိုဘာ ၉ ရက်မှာ PNLO(NCA-S) ဆိုတဲ့ အမည်နဲ့ PNLO ကို ဦးဆောင်ပြင်ဆင်ကြောင်းကြေညာခဲ့ပြီး ဒီကြေညာချက်ကို PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက “PNLO ဟာ နာယကစနစ်နဲ့ ဦးစီးတာမဟုတ်ဘဲ ဥက္ကဋ္ဌစနစ်နဲ့ ဦးစီးတာဖြစ်ကာ နာယကအဖွဲ့မှာ ညီလာခံလုပ်ပိုင်ခွင့်သာရှိကြောင်း” PNLO ဖွဲ့စည်းစဉ်က ချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။

PNLO/PNLA ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ အောက်တိုဘာမှာလုပ်ခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ (၂) နန်းယဉ်ယဉ်စိုးတို့ဟာ PNLO ကနေ နှုတ်ထွက်ကြောင်း ပြောဆိုခဲ့ပြီး ဗဟိုကော်မတီမသိဘဲ PNLO (NCA-S) ကို အထက်ပါ သုံးဦးက ဖွဲ့စည်းတာဟာ တရားမဝင်သလို PNLO ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာလို့ ပါပါတယ်။

ဒါကြောင့် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ နန်းယဉ်ယဉ်စိုးတို့ကို လေးကြိမ်မြောက် PNLO ညီလာခံကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ PNLO/PNLA က ထုတ်ပြန်ခဲ့ပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူ နန်းကတော့ အခုလုပ်နေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ်ဟာ စစ်ကောင်စီက ငြိမ်းချမ်းရေးဖော်ဆောင်နေပြီး တော်လှန်သူတွေကို မှားနေသယောင်၊ အကြမ်းဖက်နေသယောင်ပြနေတဲ့ ငြိမ်းချမ်းရေးဗန်းပြ လုပ်ဇာတ်သာဖြစ်တယ်လို့ မော်ကွန်းကိုပြောပါတယ်။

ပအိုဝ်းခေါင်းဆောင် ခွန်ဥက္ကာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးပွဲကို တက်တာနဲ့ ပတ်သက်လို့ မှတ်ချက်တောင်းတဲ့အခါ အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ တရားဝင်အစိုးရဖြစ်ဖို့ ကြိုးစားနေတာဖြစ်ပြီး နောက်က ပံ့ပိုးနေတဲ့ တရုတ်၊ ရုရှားလို နိုင်ငံတွေအတွက်လည်း မြန်မာနိုင်ငံသာ စစ်အာဏာရှင်လက်အောက်ရောက်သွားရင် အကျိုးအမြတ်မနည်းတာကြောင့် စစ်ကောင်စီကို တရားဝင်အစိုးရဖြစ်စေချင်ကြတာလို့ PYO တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီဟာ ” မြေပြင်မှာ တော့ ဘယ်အရာကိုမျှ ငြိမ်းချမ်းအောင် ဖော်ဆောင်နေတာ မရှိဘူး၊ ပြည်သူလူထု အရွယ်သုံးပါး အားလုံးမကျန် အကုန် ရက်ရက်စက်စက်သတ်ဖြတ်နေတာ ကမ္ဘာကလည်း အသိပဲ၊ ကလေးအဆုံး လူကြီးအစ မငြိမ်းချမ်းနေတာ သိတယ်။ မြင်တယ် ခံစားရတယ်၊ ရင်ဆိုင်ကြုံတွေ့ရတယ်”လို့ PYO တာဝန်ရှိသူ မနန်းကပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာကို မော်ကွန်းကဆက်သွယ်ရာမှာ အကြောင်းပြန်ထားခြင်းမရှိသေးပါဘူး။

VOM သတင်းဌာနရဲ့ အင်တာဗျူးမှာတော့ စစ်ကောင်စီငြိမ်းချမ်းရေးပွဲမှာ အရင် ၂၀၁၅ ဦးသိန်းစိန်အစိုးရလက်ထက်က သူနဲ့အတူ ငြိမ်းချမ်းရေးပွဲတွေလုပ်လာတဲ့ ကြံ့ခိုင်ရေးပါတီက ဦးအောင်မင်း (ဗိုလ်ချုပ်/မီးရထားဝန်ကြီးဟောင်း)၊ ဦးခင်ရီ (ဗိုလ်မှူးချုပ်၊ ရဲချုပ်ဟောင်း)တို့လို လူဟောင်းတွေနဲ့ ပြန်တွေ့ရပြီး ငြိမ်းချမ်းရေး ရေခံမြေခံကောင်းပြီးသားဖြစ်တဲ့အတွက် အရှိန်အဟုန်ကောင်းသွားမယ်လို့ ခွန်ဥက္ကာက ဖြေကြားထားပါတယ်။

လက်ရှိ ပအိုဝ်းဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဦးအောင်ခမ်းထီ၊ ဦးနေဝင်းထွန်း၊ ခွန်စံလွင်(နစက ကောင်စီဝင်)တို့ရဲ့ ဌာနေပအိုဝ်းပြည်သူ့စစ်(PNO/PNA)၊ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဗိုလ်ချုပ်ခွန်သူရိန် ဦးဆောင်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ​(PNFC)ရဲ့ PDF ခမ်းကောင် (တောင်ပေါ်) ၊ PDF ခမ်းဒမ်(မြေပြန့်)ဆိုတဲ့ တပ်ဖွဲ့တွေရှိနေပါတယ်။

ပုံစာ – ၂၀၁၉ စက်တင်ဘာလ NCA-S EAO ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုမှာ ခွန်ဥက္ကာကိုတွေ့ရစဉ်

ဓါတ်ပုံ – 7 EAO Alliance

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."