စစ်ကိုင်းတိုင်းထဲက မြို့နှစ်မြို့ကို လေကြောင်းကနေဗုံးကြဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိ

စစ်ကိုင်းတိုင်းထဲက မြို့နှစ်မြို့ကို လေကြောင်းကနေဗုံးကြဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိ

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၇ (မော်ကွန်း)

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက မြို့နှစ်မြို့ကို စစ်ကောင်စီဟာ မနေ့ကတစ်ရက်ထဲမှာပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။

မနေ့ကညပိုင်းမှာ စစ်ကိုင်းတိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF တပ်တွေထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို လေကြောင်းကနေ သုံးကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး၊ ရဟန်းတစ်ပါး အပါအဝင် ကလေးနှစ်ဦး၊ အရပ်သားဒေသခံတစ်ဦး စုစုပေါင်းငါးဦး ထိခိုက်သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် ဘုရားစေတီတချို့နဲ့ ဘုန်းကြီးကျောင်းတွေအပါအဝင် နေအိမ် ၃၀ ခန့်လည်း ပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အလားတူ မနေ့ကညပိုင်းမှာပဲ စစ်ကိုင်းတိုင်း အရှေ့ပိုင်းက KIA နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။

မော်လူးမြို့ ဟင်းနုကျေးရွာက စည်ပင်ရုံးနဲ့ မြမာလာရပ်ကွက်ကို မနေ့ကညသန်းခေါင်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတချို့က စစ်ကိုင်းတိုင်းထဲမှာ ရုံးစိုက်မယ်လို့ ထုတ်ဖော်ပြောကြားပြီးနောက်ပိုင်းမှာ စစ်ကောင်စီက အခုလို လေကြောင်းကနေ တိုက်ခိုက်လာတာလို့ စစ်ကိုင်းတိုင်းက နိုင်ငံရေးအင်အားစုတွေက သုံးသပ်မှုတချို့ရှိနေပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအပြင် တော်လှန်တပ်တွေ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြေပုံ၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့နယ်တွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအများအပြား ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို အဓိကထားပြီး လေကြောင်းကနေ တိုက်ခိုက်လာတာကြောင့် အရပ်သားသေဆုံးလည်း ပိုပြီးများပြားလာတယ်လို့ စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်တွေကူညီနေသူတစ်ဦးက ပြောပါတယ်။

“အခုကြဲသွားတဲ့နေရာတွေက စာသင်ကျောင်းရှိတယ်။ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်းတွေ ဘုရားစေတီတွေပါတယ်။ စစ်ဘေးရှောင်တွေကလည်း ဘုန်းကြီးကျောင်းဘာတွေမှာ ခိုလှုံတာရှိတယ်။ ဗုံးမကြဲလောက်တဲ့နေရာ လောက်ဆိုပြီး ခိုလှုံတာမျိုးရှိတယ်” လို့ ၎င်းက သုံးသပ်ပါတယ်။

NUG ရဲ့ လက်အောက်မှာရှိတဲ့ ကာကွယ်ရေးတပ်တွေဟာ စစ်ကိုင်းတိုင်းထဲက ခမ်းပတ်၊ ပင်လည်ဘူး၊ ရွှေပြည်အေး၊ မော်လူးနဲ့မြို့သစ် မြို့နယ်တွေကို ထိန်းချုပ်ထားနိုင်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတချို့ဟာ စစ်ကိုင်းတိုင်းက လွတ်မြောက်နယ်မြေတွေမှာ NUG က ရုံးခန်းတွေဖွင့်လှစ်ပြီး အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်တော့မယ်လို့ သတင်းမီဒီယာ တချို့ကို ထုတ်ပြောလာပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း နိုင်ငံပြင်ပကိုရောက်နေတဲ့ ခေါင်းဆောင်တွေ ပြည်တွင်းပြန်လာကြဖို့ ပြီးခဲ့နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့ပါသေးတယ်။

ပုံစာ – ထိန်းချုပ်ဒေသကို သွားရောက်ကြည့်ရှုနေတဲ့ NUG ကာကွယ်ရေးဝန်ကြီး

ဓါတ်ပုံ – NUG

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."