စစ်အစိုးရလက်ထက် စာပေစိစစ်ရေးမှ ခွင့်မပြု ခဲ့သော လူထုဦးစိန်ဝင်း၏ အင်တာဗျူ းတစ်ခု

၁၉၉၇ ခုနှစ်၊ မတ်လထုတ် ရနံ့သစ်မဂ္ဂဇင်းတွင် ‘ဂျာနယ် ရွှေခေတ်’ ဟူသည့် မျက်နှာဖုံးဆောင်းပါးတစ်ပုဒ်ကို  ကျွန်တော် ရေးသားခဲ့သည်။ မျက်နှာဖုံးဆောင်းပါးဟု ဆိုသော်လည်း တွေ့ဆုံမေးမြန်း ထားချက် (အင်တာဗျူး)များဖြင့်တည်ဆောက်ထားသော ဆောင်းပါးတွဲဖြစ် သည်။ အဓိကဦးတည်သောအကြောင်းအရာက  ထို အချိန်အခါကထွက်ပေါ်နေသော ဂျာနယ်များနှင့် ပတ် သက်၍ စာဖတ်သူများ၊ စာနယ်ဇင်းလောကသားများ နှင့်ပညာရှင်များ၏အမြင်ကို တင်ပြထားခြင်း ဖြစ်သည်။

ထိုခေတ်ကာလက မြန်မာစာနယ်ဇင်းလောကတွင် လစဉ်ထုတ်မဂ္ဂဇင်းများသာ ထွန်းကားပြီး အပတ်စဉ် ထုတ်ဂျာနယ်ဟူ၍ အားကစားဂျာနယ်တစ်စောင်၊ နှစ်စောင်မျှလောက်သာ ရှိနေခဲ့သည်။ ယင်းသို့သော အခြေ အနေမှ ရုန်းထပြောင်းလဲကာ ၁၉၉၆ ခုနှစ် နှစ်ဦးပိုင်း လောက်မှစ၍ အပတ်စဉ်ထုတ်ဂျာနယ်များ ထွက်ပေါ် လာသည်။ တစ်နှစ်လောက်အချိန်အတွင်းမှာပင် ဂျာနယ်ပေါင်းအစောင် ၂ဝ နီးပါးခန့် အမျိုးအစားစုံလင် စွာဖြင့် အပြိုင်းအရိုင်းထွက်ပေါ်လာခဲ့သလို သတင်းငတ်နေ သော စာဖတ်ပရိသတ်များကလည်း အလုအယက် ဝယ် ယူအားပေးကာ ဖတ်ရှုခဲ့ကြသည်။ ထိုကာလသည် ၁၉၈၈ အလွန်သည်ဘက်ပိုင်းခေတ်၏ ဂျာနယ်ခေတ်ဦး ကာလဖြစ်ပြီး ‘ဂျာနယ်ရွှေခေတ်’ဟုပင် တင်စားခေါ်ဝေါ် သုံးနှုန်းခဲ့ကြရသော ကာလဖြစ်သည်။ ကျွန်တော့်၏ မျက်နှာဖုံးဆောင်းပါးက ယင်းဂျာနယ် ရွှေခေတ် တစ်နှစ် တာကာလအပေါ် စာဖတ်သူများဘက်မှ ပြန်လည်သုံး သပ်ထားသည့် သဘောလည်း ဖြစ်သည်။

ထိုမျက်နှာဖုံးဆောင်းပါးတွင် တွေ့ဆုံမေးမြန်း ထားချက်များကို အတွဲလိုက်၊ အပိုင်းလိုက်တင်ပြထား ရာ ဆရာလူထုဦးစိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းထားသည့် အပိုင်းတစ်ပိုင်းလည်း သီးသန့်ပါဝင်ပါသည်။ ယခု ဤ နေရာတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော် အနည်းငယ်ပြောကြားလိုပါသည်။ ထိုအချိန်က ဆရာ သည် ဘယ်သူနှင့်မျှအင်တာဗျူးမလုပ်လိုဘဲ ငြင်းပယ် ထားကြောင်းကိုလည်း ကျွန်တော့်အား ပြောပါသည်။ သို့သော် ကျွန်တော်က အခြားအငြင်းပွားစရာ စာပေရေး ရာကိစ္စတွေ မဟုတ်ဘဲ ကျွန်တော်တို့ လူငယ်တွေအနေ ဖြင့် မသိမီလိုက်သော ဆရာတို့ခေတ်က စာနယ်ဇင်း လောကအကြောင်း ဆရာ့ထံမှ သိရှိလိုကြောင်း ပြော တော့ ဆရာ လက်ခံလိုက်ပါသည်။ ”အင်တာဗျူး အမေးအဖြေရယ်လို့ မဟုတ်ဘဲ တူဝရီးနှစ်ယောက် အေး အေးလူလူ စကားပြောသလိုမျိုး ပြောကြတာပေါ့” ဟု ဆရာက ဆိုသည်။ သည်လိုနှင့် ဆရာ့အိမ်တွင် ဆရာနှင့် ကျွန်တော် တွေ့ဆုံကာ ကျွန်တော်သိလိုသည်များကို ဆရာက ဖြေကြားပေးခဲ့ပါသည်။ ကက်ဆက်ရီကော်ဒါ ဖြင့် ကျွန် တော် အသံဖမ်းထားသည်များကို အသုံးပြုရန် ဆရာသဘောတူခဲ့သလို ဓာတ်ပုံလည်း အရိုက်ခံခဲ့ပါ သည်။ ပြောရလျှင် ထိုအချိန်က ရှားရှားပါးပါးရလိုက် သော ဆရာ့အင်တာဗျူးတစ်ခုပင်။

ဆရာနှင့်တွေ့ဆုံမေးမြန်းထားချက်ကို ကျွန်တော့် ၏ မျက်နှာဖုံးဆောင်းပါးတွင် အပိုင်းတစ်ပိုင်းအဖြစ် ထည့်သွင်းဖော်ပြရန်ရရှိခဲ့သဖြင့် ကံကောင်းသည်ဟု ဆိုရမည်။ သို့သော် ကံကပြန်ဆိုးချင်တော့ ရနံ့သစ် မဂ္ဂဇင်း ထွက်ရှိလာသောအခါ၌ ထိုအပိုင်းကို ဖော်ပြရန် စာပေစိစစ်ရေးက လုံးဝခွင့်မပြုပါ။ ထိုအချိန်က မဂ္ဂဇင်း များသည် ပုံနှိပ်ပြီးမှ စာပေစိစစ်ရေးသို့ တင်ပြရသည့် ‘ထုတ်-တင်’ ခေတ်ဖြစ်ရာ ဆရာ့အင်တာဗျူးပါဝင်သော စာမျက်နှာခြောက်မျက်နှာစလုံးကို တာဝန်ခံအယ်ဒီတာ လည်းဖြစ်၊ ထုတ်ဝေသူလည်း ဖြစ်သူ ကိုချစ်ဝင်းမောင် ခမျာ မဂ္ဂဇင်းစာအုပ်တိုင်း တွင် လိုက်ဖြဲရလေတော့သည်။ တချို့မဂ္ဂဇင်းများမှာ ကြိုဖြန့်ထားပြီးဖြစ်သဖြင့် ဆိုင်တွင် လိုက်ဖြဲရသည်ဟု ကြားသိခဲ့ရသည်။ သြော်…စစ် အာဏာရှင်လက်အောက်မှာတုန်းက စာနယ်ဇင်းအလုပ် ကို ကျွန်တော်တို့ လုပ်ကိုင်ခဲ့ကြရပုံများပေပေါ့။

သည်အဖြစ်အပျက်က ယခုဆိုလျှင် နှစ်ပေါင်း ၂ဝ မျှ ကြာမြင့်ခဲ့ပြီဖြစ်သလို ဆရာလူထုဦးစိန်ဝင်းသည် လည်း လူ့လောကတွင် သက်ရှိထင်ရှားမရှိတော့ပြီ။ ယနေ့အချိန်အခါတွင် မရှိတော့သော ဆရာ့ကို သတိရ မိသလို ရာနှုန်းပြည့် စာနယ်ဇင်းလွတ်လပ်ခွင့် မရှိသေး သော်လည်း ဟိုခေတ်တုန်းကနှင့်စာလျှင် များစွာ လွတ်လပ်ခွင့်ရှိလာပြီဖြစ်သော၊ ပို၍ ဖွံ့ဖြိုးတိုးတက် လာ ပြီဖြစ်သော မျိုးဆက်သစ်တို့၏ မြန်မာစာနယ်ဇင်း လောကကို ဆရာမြင်စေချင်မိပါသည်။ ဆရာသာ ရှိနေ သေးလျှင် သည်ခေတ် စာနယ်ဇင်းလောကကို ဆရာ ဘယ်လိုထင်မြင်ချက်ပေးလိမ့်မည်လဲ ကျွန်တော် သိချင် နေပါသေးသည်။

ထိုစဉ်က စာပေစိစစ်ရေးမှ ခွင့်မပြုဘဲ ဖြုတ်ပယ် ခြင်းခံခဲ့ရသော ‘စာနယ်ဇင်းများနှင့်ပတ်သက်၍ လူထုဦးစိန် ဝင်း၏ သဘော ထားအမြင်’ဟု ခေါင်းစဉ်တပ်ထားသည့် ဆရာ့အင်တာဗျူးကို ပြန်လည်ဖော်ပြလိုက်ပါသည်။ စာဖတ်သူများဖတ်ရှုပြီး တစ်စုံတစ်ရာ ကျေနပ်နိုင်ကြ ပါစေ။

ချစ်ခင်လေးစားလျက်

မင်းထက်မောင်

၁.၈.၂ဝ၁၆

စာနယ်ဇင်းများနှင့် ပတ်သက်၍ လူထုဦးစိန်ဝင်း၏ သဘောထားအမြင်

ဒီကနေ့ခေတ် ရေးသားထုတ်ဝေနေကြတဲ့ စာနယ်ဇင်းများနဲ့ပတ်သက်ပြီး သိရှိလိုတာတွေကို မေးမြန်းဖို့အတွက် ဝါရင့်သတင်းစာဆရာကြီး တစ်ဦးဖြစ်သူ ဆရာလူထုဦးစိန်ဝင်းထံ ၁၇.၁. ၁၉၉၇ ရက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုသွားရောက်တွေ့ဆုံခဲ့တုန်းမှာ ဆရာလူထု ဦးစိန်ဝင်းကို မေးမြန်းဖြစ်ခဲ့တဲ့ မေးခွန်းတွေက တော့ အောက်ပါမေးခွန်းတွေပါပဲ။

၁ ။ ဒီကနေ့ခေတ် ရေးသားထုတ်ဝေနေကြတဲ့ စာနယ်ဇင်းတွေကို ဆရာ တော်တော်ဖတ်ဖြစ်ပါသလား။ ဖတ်ဖြစ်တယ်ဆိုရင် အဲဒီစာနယ်ဇင်းတွေအပေါ် ဆရာ့သဘောထားအမြင်ကို သိ ပါရစေ။

၂ ။ ဆရာတို့ ဟိုအရင်ခေတ်က ထုတ်ဝေခဲ့တဲ့ စာနယ်ဇင်းတွေနဲ့ ဒီကနေ့ ထုတ်ဝေနေတဲ့ စာနယ်ဇင်းတွေ ဘယ်လို ကွာခြား တယ်လို့ ဆရာထင်ပါသလဲ။

၃ ။ ဒီကနေ့ထုတ်ဝေနေကြတဲ့ စာနယ်ဇင်းတွေမှာ ရေးသားဖော် ပြနေကြတာတွေဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ရေးသား ဖော်ပြနေကြတာတွေ ဟုတ်၊ မဟုတ် ဆရာ့ထင်မြင်ယူဆချက် ကို သိချင်ပါတယ်။

၄ ။ စာနယ်ဇင်းကျင့်ဝတ်တွေနဲ့ ညီညွတ်တဲ့ စာနယ်ဇင်းတွေ၊ စာ နယ်ဇင်းသမားတွေ ဖြစ်ဖို့အတွက် ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရမယ်ဆိုတာကို ဆရာ့အနေနဲ့ အကြမ်းဖျင်းပြောပြပေးပါ။

၅ ။ စာနယ်ဇင်းတွေအပါအဝင် မီဒီယာတွေရဲ့ အနာဂတ်ကိုရော ဆရာ ဘယ်လိုမြင်ပါသလဲ။

အဲဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး ဆရာက သူ့သဘောထား အမြင်တွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့ပါတယ်။ ဆရာ့ရဲ့ ရှင်းလင်းပြောပြချက်တွေကို သဘောတူညီကြသည် ဖြစ် စေ၊ သဘောမတူညီကြသည်ဖြစ်စေ စာနယ်ဇင်းလောကသားများ အနေနှင့်ရော စာဖတ်ပရိသတ်ပြည်သူများပါ လေ့လာသိရှိစေလို တဲ့ ဆန္ဒနဲ့ အရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ ‘ယူတတ်လျှင် ရ၏’ ဆိုတဲ့ စကားအတိုင်း စာဖတ်သူများ တစ်စုံတစ်ရာ အကျိုး ပွားများလိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်မိကြောင်းပါ။

ဒီကနေ့ ထွက်သမျှ စာစောင်တိုင်း၊ ဂျာနယ်တိုင်း၊ မဂ္ဂဇင်း တိုင်းကို ဆရာ အကုန်ဖတ်ပါတယ်။ မဂ္ဂဇင်းတွေဆို ဂမ္ဘီရတို့၊ နက္ခတ္တတို့၊ ဖက်ရှင်တို့ပါမကျန် ဖတ်ပါတယ်။ ဖတ်ကြည့်တော့ ဒီကနေ့ စာနယ်ဇင်းလုပ်နေကြတဲ့ သူတွေကို တော်တော်ချီးကျူး မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခက်အခဲအမျိုးမျိုးရှိတဲ့ကြားက လုပ်နေကြရတာ မဟုတ်လား။ ပြီးတော့ အဲဒီလူတွေကိုပဲ ဆရာ သနားလည်း သနားမိတယ်။ သူတို့ အင်မတန်ကြိုးစားကြတယ်၊ အင်မတန် အပင်ပန်းခံလုပ်ကြတယ်။ သို့သော်လည်း သူတို့ထုတ် နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေကို လူတွေက ဝိုင်းပြီးတော့ ကဲ့ရဲ့ကြ တယ်၊ အပြစ်တင်ကြတယ်။ ဘယ်လောက်တောင် ပြင်းပြင်းထန် ထန် ကဲ့ရဲ့ပြစ်တင် ရှုံ့ချကြသလဲဆိုတော့ အခုခေတ် မြန်မာပြည် မှာ Journalist ဆိုတာ မရှိဘူးလို့ ဆိုတဲ့အထိ ပြောတဲ့လူက ပြော တယ်။ ဒါကြောင့်မို့လို့ ဒီလူတွေကို ဆရာ သနားတယ်လို့ ပြောတာ။

အဲဒီမဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ လုပ်နေတဲ့သူတွေကိုယ်တိုင် ကလည်း ဆရာနဲ့ တွေ့တဲ့အခါ သူတို့ကိုယ်သူတို့ Journalist လို့ ပြောရမှာ ရှက်နေကြတယ်၊ ရွံ့နေကြတယ်။ တစ်နေ့ကပဲ ဆရာ ဒီ စကားကို ပြောဖြစ်ပါသေးတယ်။ အယ်ဒီတာတွေ၊ စာရေးဆရာ တွေ ဒီကို လာကြလို့ပေါ့လေ။ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ Journalist လို့ ရဲရဲပြောပါ။ ခင်ဗျားတို့ဟာ ဒီကနေ့ မဂ္ဂဇင်းတွေ၊ ဂျာ နယ်တွေမှာ သတင်းတွေ စုဆောင်းရေးသားနေကြတယ်။ ဆောင်းပါးတွေ ရေးသားနေကြတယ်။ ပြီးတော့ ဒီမဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကို စီစဉ်ကြီးကြပ်ပြီးတော့ ထုတ်ဝေနေကြတယ်။ အဲဒီတော့ ဒါတွေကို လုပ်နေတဲ့သူဟာ Journalist ပေါ့။ ဘာဖြစ် လို့ ကိုယ့်ကိုယ်ကိုယ်  Journalist လို့ ခေါ်ရမှာ လိပ်ပြာမလုံဖြစ်နေ ကြတာလဲ။ မဖြစ်ပါနဲ့၊ မသိမ်ငယ်ကြပါနဲ့။ ခင်ဗျားတို့ဟာ Journalist တွေပဲ။ ဆရာ အဲသလို ပြောဖြစ်ခဲ့သေးတယ်။

ဆရာမြင်သလို ပြောရမယ်ဆိုရင်တော့ ဒီကနေ့ခေတ် အယ်ဒီတာတွေ၊  Journalist တွေဟာ အရမ်းကို တော်ကြတယ်။ ဆရာတို့ခေတ်ကထက် တော်ကြတယ်။ ဆရာတို့ခေတ်က သတင်းစာတစ်စောင်မှာ၊ သတင်းစာတိုက်တစ်ခုခုမှာ ဘွဲ့ရတဲ့သူ တစ်ယောက်ဆိုတာ တိုက်တိုင်းမှာ မရှိဘူး။ သတင်းထောက်တွေ ဆိုတာလည်း များသောအားဖြင့် မြန်မာစာရေးတတ်၊ ဖတ်တတ် ရုံလောက်ပဲ ရှိတယ်။ တချို့ဆိုရင် အင်္ဂလိပ်စာတစ်လုံးမှ မတတ် ဘူး။ အင်္ဂလိပ်စာတစ်လုံးမှ မတတ်ဘဲနဲ့ Nation တို့၊ Guardian တို့မှာတောင် သတင်းထောက်လုပ်ကြတယ်။ သတင်းစာတိုက် တွေမှာ ခေတ်ပညာတတ် အလွန်နည်းကြတယ်။ တချို့သတင်းစာ တိုက်တွေမှာဆိုရင် ခေတ်ပညာတတ်ဘွဲ့ရ တစ်ယောက်မှ မရှိဘူး။ ဒီကနေ့ခေတ် မဂ္ဂဇင်း၊ ဂျာနယ်တွေက အယ်ဒီတာတွေကိုပဲ ကြည့် လိုက်ကြည့်လိုက်၊ စာရေးဆရာတွေကိုပဲ ကြည့်လိုက်ကြည့်လိုက် အဲဒီလူတွေဟာ တက္ကသိုလ်က ဘွဲ့ရပညာတတ်တွေပဲ အများဆုံး ဖြစ်တယ်။ ပညာအရည်အချင်းက ဆရာတို့ခေတ်ကထက် သာ တယ်။ ဒီလူတွေရဲ့ ကြိုးပမ်းမှုစွမ်းအားကလည်း ဆရာတို့ခေတ်က ထက် သာတယ်။

ဆရာတို့ခေတ်တုန်းက ဒီလောက်ကြီး ပင်ပင်ပန်းပန်းကြိုး စားအားထုတ်မနေရဘူး။ အကုန်လုံးက လွယ်လွယ်ကူကူနဲ့ ဘာ မဆိုရတယ်။ သတင်းတစ်ပုဒ် လိုချင်သလား။ အဲဒီသတင်းကို လို ချင်လို့၊ Confirm လုပ်ချင်လို့ဆိုပြီး ဝန်ကြီးဆီကို ဆရာ ဖုန်းဆက် ပြီးတော့ တန်းသွားလို့ရတယ်။ ဝန်ကြီးများရုံးမှာ ဆရာ့သတင်း ထောက်ကတ်ပြားလေး ပြပြီးတော့ ဝန်ကြီးအခန်းမှာ ဆရာသွား ထိုင်နေလို့ရတယ်။ အပေါက်ဝကနေ ဆရာ့ကို တားတာ၊ ဆီးတာ မရှိဘူး။ ဝန်ကြီးမရှိလို့ရှိရင် ဝန်ကြီးအခန်းမှာ ဝင်ထိုင်ပြီး ဝန်ကြီး စားပွဲပေါ်က မှတ်စုတွေ ဟိုဟာလှန်၊ ဒီဟာလှန်ကြည့်တယ်။ သတင်းတွေ ကူးတယ်၊ ခိုးတယ်။ ဆရာတို့ခေတ်တုန်းက အဲဒီလို ဘက်ပေါင်းစုံက လွယ်ကူတယ်၊ လွတ်လပ်တယ်။ အဲဒီလိုခေတ်မှာ ဆရာတို့ ဒီလောက် မပင်ပန်းဘူး။

ဒီကနေ့ခေတ်မှာတော့ လူငယ်တွေဟာ တော်လည်း တော် တယ်။ ကြိုးစားအားထုတ်မှုမှာလည်း ဆရာတို့ထက် သုံး၊ လေးဆ လောက် ပင်ပန်းတယ်။ အဲဒီလိုဖြစ်ရဲ့သားနဲ့ ဒီကနေ့ခေတ်မှာ သူ တို့ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေဟာ ဘာကြောင့် လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ဖြစ်မလာရသလဲ။ ဒီ အခြေအနေကို ဆရာ ဘယ်လိုသုံးသပ်မိသလဲဆိုတော့ ဒီကနေ့ စာနယ်ဇင်းတွေမှာ လုပ်နေကြတဲ့ အယ်ဒီတာတွေ၊ စာရေးဆရာ တွေမှာ ခိုင်မာတဲ့ခံယူချက်နဲ့ ဦးတည်ချက်ဆိုတာ မရှိဘူး။ မဂ္ဂဇင်း ရဲ့ ဦးတည်ချက်၊ ဂျာနယ်ရဲ့ ဦးတည်ချက်က ဘာဆိုတာ မရှိဘူး။ ကိုယ့်မှာ ဦးတည်ချက်ခိုင်ခိုင်မာမာတစ်ခု မရှိတဲ့အခါကျတော့ ခေတ်ရေစီးကြောင်းအတိုင်း မျှောလိုက်သွားကြတယ်။ ခေတ်ရေ စီးကြောင်းက အရှေ့ဘက်ကို လေတိုက်ရင် အရှေ့ဘက်ကို မျှော လိုက်သွားမယ်။ အနောက်ဘက်ကို လေတိုက်ရင် အနောက်ဘက် ကို မျှောလိုက်သွားမယ်။ ကိုယ့်ရဲ့ ဦးတည်ချက်အတိုင်း အခိုင် အမာပဲ့ကိုင်ပြီးတော့ တည့်တည့်မတ်မတ် မသွားကြဘူး။ ကိုယ့် ဦးတည်ချက်အတိုင်းသွားမယ်ဆိုတဲ့ မဂ္ဂဇင်းက မရှိသလောက် ရှားတယ်။ ဒီလို ဦးတည်ချက်မျိုးနဲ့ မမှိတ်မသုန် သွားနေတဲ့ မဂ္ဂဇင်းက လေး၊ ငါးအုပ်လောက်ပဲ ရှိမယ်။ ကျန်တဲ့ အများစုက တော့ ခေတ်ရေစီးကြောင်းအတိုင်း အသာလေး မျှောလိုက်နေကြ တာပဲ။

ဒါကြောင့်မို့လို့ ဒီကနေ့ခေတ် မဂ္ဂဇင်း၊ ဂျာနယ်တွေဟာ အကဲ့ရဲ့ခံ၊ အရှုံ့ချခံကြရရုံတင် မကဘူး၊ လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ ဖြစ်မလာသလို တိုင်း ပြည်အပေါ်မှာရော၊ လူမျိုးအပေါ်မှာရော၊ အာဏာပိုင်အဖွဲ့အစည်း တွေပေါ်မှာရော သြဇာကြီးမားသော မဂ္ဂဇင်း၊ ဂျာနယ်တွေ ဖြစ် မလာကြဘူး။ ဆရာတို့ခေတ်တုန်းက ဒီလောက်လည်း မကြိုးစား ရဘူး။ လူတွေကလည်း အရည်အချင်း မပြည့်ဝကြဘူး။ သို့သော် လည်း ဆရာတို့ခေတ်တုန်းက သတင်းစာ၊ ဂျာနယ်တွေရဲ့ သြဇာ ဟာ အစိုးရအပေါ် မှာတောင် လွှမ်းမိုးတယ်။ အခုနက ဆရာပြော သလိုပဲ သတင်းစာတိုက်က ဆရာ့ကတ်ပြားလေးကို ထုတ်ပြလိုက် ရင် ဘယ်နေရာမဆို အချိန်မရွေး ဝင်လို့ရတယ်။ နိုင်ငံခြားက သမ္မတတွေ၊ ဧည့်သည်တော်တွေ လာတယ်ဆိုလည်း သတင်းစာ တိုက်က ကတ်ပြားလေးကို ပြပြီး ဝင်လို့ရတယ်။ ဘယ်သူမှ မတား ဘူး။ ယုတ်စွအဆုံး အသေးအဖွဲက အစ ပြောရမယ်ဆိုရင် အောင် ဆန်းကွင်းလိုနေရာမှာ Press Box ဆိုပြီးတော့ ဆရာတို့ကို သီး သန့်နေရာပေးထားတယ်။ VIP တွေ နေရာဘေးမှာ ဆရာတို့ အတွက် သီးခြား Press Box ပေးထားတာ။ အင်မတန်ကြီးမား တဲ့ နိုင်ငံခြားဘောလုံးပွဲကြီးတွေ လာတဲ့အခါမျိုးပဲဖြစ်စေ၊ ပြည် တွင်းဘောလုံးပွဲတွေ ကျင်းပတဲ့အခါမျိုးပဲဖြစ်စေ အကုန်ကြည့်လို့ ရတယ်။ လက်ရွေးစင်ဘောလုံးသမားတွေတောင်မှ သူတို့ရဲ့ Pass က ပြည်တွင်းပွဲတွေလောက်ပဲ ကြည့်လို့ရတယ်။ ဆရာတို့ Press Pass က ဘာပွဲမဆို ကြည့်လို့ရတယ်။ အထူး Pass လုပ်နေစရာ မလိုတော့ဘူး။ ဆရာတို့ သတင်းထောက်တွေကို ပေးထားတဲ့ Pass က ဘယ်လောက်ပဲ အရေးကြီးတဲ့ ပွဲကြီးတွေမဆို တက်လို့၊ ကြည့်လို့ရတယ်။ အောင်ဆန်းကွင်းမှာ လုပ်တဲ့ ဘောလုံးပွဲကလေး တွေက အစ အင်မတန်ကြီးမားတဲ့ နိုင်ငံတော် ပွဲလမ်းသဘင်ကြီး တွေ၊ အခမ်းအနားကြီးတွေ၊ သတင်းစာရှင်းလင်းပွဲကြီးတွေအထိ ပေါ့။ သတင်းစာ၊ ဂျာနယ်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ ကိုယ်နှိုက်က လေးစားတယ်။ ဆရာတို့ရဲ့ သြဇာဟာ သူတို့အပေါ် အထိ သက်ရောက်တယ်။

ဒီကနေ့ခေတ်ကျတော့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ ကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက မပြောနဲ့၊ ဘာ မဟုတ်တဲ့ တော်ရုံတန်ရုံ ကလေးတွေကတောင် မလေးစားတော့ ဘူး။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေရဲ့ သြဇာမသက်ရောက် တော့ဘူး။ သာမန် ရုံးကလေးတစ်ခု၊ ဌာနကလေးတစ်ခုက မန် နေဂျာကလေးတစ်ယောက်နဲ့ တွေ့ချင်ရင်တောင် မလွယ်ဘူး။ အဆင့်ဆင့် ခွင့်တောင်းနေရတာတွေ ရှိတယ်။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် စာနယ်ဇင်းတွေကို ရုပ်ရှင်မင်းသား၊ မင်းသမီး၊ အဆိုတော်တွေကတောင် မလေးစားတော့ဘူး။ သူတို့ ကြော်ငြာ ဖို့အတွက် လိုအပ်ရင် စာနယ်ဇင်းသမားတွေကို သူက လှမ်းဖုန်း ဆက်ပြီးခေါ်လိုက်တယ်။ ဟိုအရင်ခေတ်တုန်း ကဆိုရင် ရုပ်ရှင် မင်းသား၊ မင်းသမီးတွေတောင် မကဘူး၊ နိုင်ငံရေးပါတီအဖွဲ့ အစည်းတွေက ခေါင်းဆောင်တွေ၊ ဝန်ကြီးဆိုတဲ့သူတွေ ကအစ သတင်းစာ တစ်ခုခုမှာ သူတို့ Publicity လုပ်ချင်လို့ရှိရင် သတင်း ထောက်အသင်းကို လာပြီးတော့ ပြောရတယ်။ သူတို့ဆီ ဖုန်းဆက်ခေါ်တာ မဟုတ်ဘူး။ မြို့တော်ခန်းမအောက်ထပ်မှာ သတင်းထောက် အသင်းဆိုပြီး သီးသန့်နေရာ ပေးထားတာ ရှိတယ်။ သတင်းစာရှင်းလင်းပွဲလုပ်ချင်တဲ့လူတွေ၊  Publicity လိုချင်တဲ့ လူတွေက အဲဒီသတင်းထောက် အသင်းမှာလာပြီးတော့ ပြောရတယ်။ ဖုန်းဆက်ခေါ်တာ မဟုတ်ဘူး။

ဒီကနေ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ ပြည်သူလူထု အပေါ်မှာလည်း သြဇာမရှိဘူး။ အာဏာပိုင် အဖွဲ့အစည်းတွေ ပေါ်မှာလည်း သြဇာမရှိဘူး။ ပြီးတော့ ပုဂ္ဂလိက စီးပွားရေးသမား တွေ၊ Publicity လိုချင်တဲ့၊ မီဒီယာကို အသုံးချချင်တဲ့ ရုပ်ရှင်မင်း သား၊ မင်းသမီး၊ အဆိုတော်တွေက အစ သူတို့အပေါ်မှာ သြဇာ မရှိရုံတင် မကဘူး၊ စာနယ်ဇင်းသမား၊ သတင်းထောက်တွေကိုပါ အထင်သေးလာတယ်။ သတင်းထောက်က တို့ဖုန်းဆက်ခေါ်လိုက် ရင် ရတာပဲ၊ ဒီလူတွေကို One Table လောက် ကျွေးလိုက်ရင် ရ တာပဲဆိုတဲ့ အမြင်တွေ လွှမ်းမိုးလာတယ်။ အဲဒါဘာဖြစ်လို့လဲ ဆိုတော့ ခုနကဆရာပြောတဲ့ ခံယူချက်၊ ဦးတည်ချက် မရှိလို့ပဲ။ ကိုယ့်မှာ ခံယူချက်၊ ဦးတည်ချက်ရှိရင် သူဟာ ကိုယ့်ဦးတည်ချက် ကို ရောက်ဖို့အတွက် ကျန်တဲ့အရာတွေ ကို လျစ်လျူရှုလိုက်တယ်။ သူ့ဦးတည်ချက်ကို အပျက်မခံဘူး။ သူ့ဦးတည်ချက်ရောက်ဖို့ကိုပဲ အဓိကထားတယ်။ သူ့ကို လာဘ် ထိုးပြီး ဆွယ်လို့လည်း မရဘူး။ သူ့ကို ခြိမ်းခြောက်လို့လည်း သူက မကြောက်ဘူး။ ဘယ်တော့မှ သူဟာ သူ့ဦးတည်ချက်၊ ရည်ရွယ်ချက်ကို အပျက်ခံတာ မဟုတ် ဘူး။ ဒါကြောင့်မို့လို့ ဆရာပြောခဲ့တာ၊ ဟိုတုန်းက ဂျာနယ်၊ မဂ္ဂဇင်းတွေ သြဇာကြီးမားတယ်ဆိုတာ ဦးတည်ချက်ခိုင်ခိုင်မာမာနဲ့ လျှောက် ကြလို့ပဲဖြစ်တယ်။

ဟိုတုန်းက ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ သူတို့ Policy တစ်ခု ကို ခိုင်ခိုင်မာမာကိုင်စွဲပြီးတော့ ထုတ်ဝေခဲ့ကြတယ်။ Policy မရှိ ဘဲနဲ့ ခဏပန်းလေး ပေါ်ပြူလာဖြစ်ဖို့ လုပ်တယ်ဆိုတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေလည်း မရှိဘူး မဟုတ်ဘူး၊ ရှိခဲ့၊ ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ကြာကြာမခံဘူး။ ပြီးတော့ သြဇာလွှမ်းမိုးမှုလည်း မရှိခဲ့ ဘူး။ ဦးတည်ချက်ခိုင်ခိုင်မာမာနဲ့ ထုတ်ဝေတဲ့ စာနယ်ဇင်းတွေ သာလျှင် ရေရှည်တည်တံ့ခိုင်မြဲတယ်။ သြဇာလည်း ကြီးမား ကြတယ်။

ဒါကြောင့်မို့လို့ ပြန်ချုပ်ပြီးပြောရမယ်ဆိုရင် ဒီကနေ့ စာနယ်ဇင်းမှာ လုပ်နေကြတဲ့လူငယ်တွေ၊ Journalist တွေဟာ အင်မတန်တော်တယ်၊ အင် မတန်ကြိုးစားကြတယ်။ ဒါပေမဲ့ ခံယူ ချက်၊ ဦးတည်ချက်မရှိတဲ့အတွက် ဘာလုပ်ရမှန်း မသိဘူး။ ဘာပေးရမှန်း မသိဘူး။ သတင်းစာဆရာတို့၊ စာနယ်ဇင်းဆရာ တို့ဆိုတာ တိုင်းပြည်မှာ အရေးကြီးတဲ့ မဏ္ဍိုင်ကြီးတစ်ခုပဲဖြစ် တယ်။ ပြည်သူ၏ နား၊ ပြည်သူ၏ မျက်စိ၊ ပြည်သူ့အတွက် ဓားလှံ ပဲဖြစ်တယ်။ ပြည်သူကို သူက မျက်စိဖွင့်ပေးရမယ်၊ နားဖွင့်ပေးရ မယ်။ ပြည်သူ့ကိုယ်စား ဓားလှံကိုင်စွဲပြီးတော့ တိုက်ပွဲဝင်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို ဖြစ်နေတဲ့အချိန် သတင်းစာဆရာ ၊ Journalist တွေရော၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ ရောဟာ သြဇာကြီးမားကြတယ်။ ဒီကနေ့ခေတ်ကျတော့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အများစုထဲက လေး၊ ငါး၊ ခြောက်စောင်က လွဲရင် အားလုံးဟာ ပရိသတ်ရဲ့ နောက်မြီးဆွဲဖြစ်နေတယ်။ ပရိသတ် ဘာကြိုက်လဲ၊ ကြိုက်တဲ့ နောက်ကို လိုက်ကြတယ်။ ပရိသတ်က Pop ကြိုက်ရင် Pop တွေ နောက်ကို လိုက်ကြတယ်။ Pop တွေ နည်းနည်းအီသွားတဲ့အခါ မှာ ဂမ္ဘီရတွေနဲ့ လှည့်ပေးတယ်။ အခုတစ်ခါ ဂမ္ဘီရတွေ နည်း နည်းအီလာတဲ့အခါမှာ မှုခင်းတွေနဲ့ လုပ်လာကြပြန်တယ်။ အကုန်လုံးဟာ ဒီလိုပုံစံတွေနဲ့ ပရိသတ်ရဲ့ နောက်မြီးဆွဲဖြစ်တဲ့ အတွက် ဒီဂျာနယ်၊ မဂ္ဂဇင်းတွေကိုလည်း ပရိသတ်က ဝိုင်းလက် ညှိုးထိုးကြ၊ ကဲ့ရဲ့ကြ၊ ရှုတ်ချကြတာဖြစ်တယ်။ ဒါတွေဟာ အရှည် သဖြင့် တည်တံ့ခိုင်မြဲတဲ့ အရာတွေလည်း မဖြစ်နိုင်ဘူး။ တိုင်း ပြည်အတွက်လည်း အကျိုးမရှိဘူး။ ဆရာတော့ အဲဒီလိုပဲ ပြော ချင်တယ်။

အရင်ခေတ်တုန်းက ထုတ်ခဲ့တဲ့ ဂျာနယ်တွေနဲ့ ဒီကနေ့ ခေတ်ထုတ်တဲ့ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ရောအားလုံးပေါ့လေ။ ဘယ်လိုကွာ သလဲဆိုတော့ အဲဒါပဲ။ အရင်ခေတ်တုန်းက ထုတ် ခဲ့တဲ့ ဂျာနယ်တိုင်း၊ မဂ္ဂဇင်းတိုင်းဟာ ခံယူချက်တစ်ခု၊ ဦးတည် ချက်တစ်ခုနဲ့ထုတ်ဝေခဲ့ကြတာ အများစုဖြစ်တယ်။ ခံယူချက် ဆိုတာကလည်း ဘာခံ ယူချက်လဲဆိုတော့ လက်ယာအယူဝါဒ ပါလီမန်ဒီမိုကရေစီကို ယုံကြည်တဲ့ ဂျာနယ်ကလည်း သူ့ပါလီမန် ဒီမိုကရေစီအကြောင်းပဲရေးမှာပဲ။ တစ်ခါ သန့်ရှင်း/တည်မြဲ မှာလည်း သန့်ရှင်းကို ထောက်ခံတဲ့ ဗမာ့ခေတ်က သန့်ရှင်းကို ရေးလိမ့်မယ်။ တည်မြဲကို ထောက်ခံတဲ့ မဏ္ဍိုင်ကလည်း တည် မြဲဘက်ကပဲ ရေး လိမ့်မယ်။ အဲဒီလိုကိုယ်ခံယူတဲ့ ခံယူချက်တစ်ခု၊ အယူဝါဒတစ်ခုကို ကိုင်စွဲပြီးတော့ ရေးသားထုတ်ဝေခဲ့ကြတဲ့ အတွက် သူတို့ဟာ သူ့သက်ဆိုင်ရာ သက်ဆိုင်ရာနယ်ပယ်အသီး သီးမှာ သြဇာရှိတယ်။ မဏ္ဍိုင်သတင်းစာဟာ ပြည်သူလူထု တစ် ရပ်လုံးအပေါ်မှာ သြဇာမရှိသော်လည်း တည်မြဲတွေကြားထဲမှာ တော့ သြဇာကြီးမားတယ်။ အဲဒီလိုပဲ ဗမာ့ခေတ်ဟာလည်း သန့် ရှင်းဖဆပလတွေ ကြားထဲမှာ သြဇာကြီးမားတယ်။ ဟိုခေတ်က သတင်းစာတိုင်း၊ ဂျာနယ်တိုင်း၊ မဂ္ဂဇင်းတိုင်းဟာ ခံယူချက်တစ်ခု၊ ဦးတည်ချက်တစ်ခုကို အခြေပြုပြီးတော့ ထုတ်ဝေကြတာတွေ ဖြစ်တယ်။ အဲဒီလို ခံယူချက်မရှိ၊ ဝါဒမရှိဘဲနဲ့ ထုတ်တယ်ဆိုတာ က မရှိသလောက် ရှားတယ်။ ရှိခဲ့ရင်လည်း သူတို့က ကြာကြာ မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ကျောထောက်နောက်ခံ ပရိသတ် မရှိလို့ပဲ။

မဏ္ဍိုင်ဆိုတဲ့ သတင်းစာဟာ ဗမာ့ ခေတ်နဲ့စာလို့ရှိရင် စောင်ရေအများကြီး နည်းတာပေါ့။ ဗမာ့ခေတ်က စောင်ရေများ တယ်။ မဏ္ဍိုင်က စောင်ရေနည်းနည်းပဲရှိ တယ်။ ဒါပေမဲ့လည်း သူ့မှာ တည်မြဲဆိုတဲ့ ကျောထောက်နောက်ခံရှိတဲ့အတွက် သူ့ရှိတဲ့ စောင်ရေကလေးဟာ ဘယ်တော့မှ ကျ မသွားဘူး။ ပုံမှန်စောင်ရေအတိုင်းမှာပဲ ရှိ နေတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ခံယူချက်ရှိလို့ပဲ။ ခံယူချက်ရှိတော့ ပရိသတ် ရှိတာပေါ့။ အခုခေတ် မဂ္ဂဇင်း၊ ဂျာနယ်တွေ ကတော့ ဆရာပြောတဲ့ လေး၊ ငါး၊ ခြောက်ခု က လွဲလို့ ဘယ်သူမှခံယူချက်၊ ဦးတည်ချက် မရှိဘူး။ ပရိသတ်ရဲ့နောက်မြီးဆွဲတွေ၊ ခေတ် ရေစီးကြောင်းကို ကြည့်ပြီးတော့ ရေစုန်မျှော လိုက်နေကြတာတွေပဲ ဖြစ်တယ်။ ရေဆန်ကို လှော်ပြီးတော့၊ ကူးခတ်ပြီးတော့ တက်မယ် ဆိုတဲ့မဂ္ဂဇင်း၊ ဂျာနယ်မျိုးကမရှိသလောက် ရှားတယ်။

သူတို့က အကြောင်းပြကြတယ်။ ဘယ်လိုလဲဆိုတော့ ရပ် တည်မှုအတွက် Pop တွေ ကျွန်တော်တို့ ပေးနေရတယ်၊ ကျွန် တော်တို့ပေးချင်တဲ့ဟာတွေကို ပေးနိုင်ဖို့အတွက် တစ်ဖက်က ပရိသတ်အကြိုက်ဖြစ်တဲ့ Pop တွေ၊ ဂမ္ဘီရတွေ လှည့်ပေးနေရ တယ်။ ဒီလို အကြောင်းပြကြတယ်။ ဒါဟာ မှန်ကန်တဲ့ အကြောင်း ပြချက်လို့ ဆရာ မယူဆဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာတစ်ခု အနေနဲ့ပြောရရင် Quality မဂ္ဂဇင်းတစ်ခုလို Layout တွေ၊ Design တွေနဲ့ အလှအပဆင်ထားတာ ဘာတစ်ခုမှ မပါတဲ့ ‘အတွေး အမြင်’ဆိုရင် နှစ်ပေါင်းများစွာ တည်တံ့နေတယ်။ ‘အတွေး အမြင်’ဟာ ဒီထက်လည်းပဲ စောင်ရေတွေ သောင်းချီပြီးတော့ လည်း တက်မသွားနိုင်ဘူး၊ အဲဒီလိုပဲ ပြုတ်သွားလောက်အောင် လည်း သူဟာ ကျဆင်းမသွားနိုင်ဘူး။ သူ့ခံယူချက်တစ်ခုနဲ့ ထုတ်ဝေနေတာ ဖြစ်တဲ့အတွက် သူ့ခံယူချက်ကို လက်ခံတဲ့ ပရိသတ်က ဖတ်နေတယ်။ သူ့မှာ ပရိသတ်ရှိနေတယ်။ ဒီပရိသတ်က အမြဲ တမ်းအမာခံရှိနေတဲ့အတွက်  ‘အတွေးအမြင်’ဟာ ဒီနေ့ထက်ထိ  တည်တံ့ ခိုင်မြဲနေတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ အကြောင်းပြကြတဲ့ မဂ္ဂဇင်းရပ်တည်မှုအတွက် ပရိသတ်အကြိုက် ဖြစ်ဖို့၊ ပရိသတ်ကို ဆွယ်ဖို့ Pop တွေ၊ ဂမ္ဘီရတွေ လှည့်ပေးနေရ တယ်ဆိုတာကို မှန်ကန်တဲ့ အကြောင်းပြချက်လို့ ဆရာတော့ မထင်ဘူး။

အဲဒီတော့ ဟိုတုန်းက စာနယ် ဇင်းတွေနဲ့ ဒီကနေ့ခေတ် စာနယ်ဇင်း တွေရဲ့ အဓိကကွာခြားချက်ကတော့ ခံယူချက်ရှိတာနဲ့မရှိတာ၊ ဦးတည်ချက် ရှိတာနဲ့ မရှိတာပဲ။ မဂ္ဂဇင်း၊ ဂျာနယ်တွေ မှာ ခိုင်မာတဲ့ Policy ရှိရင် သြဇာအရှိန် အဝါကြီးမားမယ်။ အထင်ကြီးလေးစားကြမယ်။ ဒီလိုပဲမဂ္ဂဇင်း၊ ဂျာနယ်တွေ ကို အထင်ကြီးလေးစားရင် Journalist တွေလည်း အထင်ကြီးလေးစားခံရ မယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေနဲ့ Journalist က ခွဲလို့ ရတာ မဟုတ်ဘူး။

နောက်တစ်ခုက ဒီကနေ့ ထုတ် ဝေနေကြတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ မှာ ရေးသားဖော်ပြနေကြတဲ့ သတင်း တွေ၊ ဆောင်းပါးတွေဟာ Journalism ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြနေကြ တာတွေ မဟုတ်ဘူးလို့ ပြောနေကြတဲ့ ကိစ္စ။ ဒါလည်း ယေဘုယျ ပြောရင်တော့ မှန်တာပေါ့လေ။ အများစုက Yellow Journalism တွေ ဖြစ်နေကြတယ်။ ခုနက ပြောတဲ့ လေး၊ ငါး၊ ခြောက်ခုကလွဲလို့ပေါ့။ ပရိသတ်အကြိုက်လိုက်ပြီးတော့ ပရိသတ် နောက်မြီးဆွဲမလုပ်ဘူး။ သည်းခြေကြိုက်တွေ လုပ်ပြီးတော့ ပရိသတ်ကို သွေးမဆောင်ဘူး၊ မဖြားယောင်းဘူးဆိုပြီးတော့ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ရပ်တည်နေတဲ့ မဂ္ဂဇင်း လေး၊ ငါး၊ ခြောက်စောင် လောက် ရှိပါတယ်။ ဒါကြောင့် အကုန်လုံးဟာ Journalism ကျင့် ဝတ်နဲ့ မကိုက်ညီဘူးလို့တော့ မပြောသင့်ဘူး။ ဥပမာဆိုပါတော့။ စောစောက ပြောခဲ့တဲ့ ‘အတွေးအမြင်’ကိုပဲ ဆရာထပ်ပြောမယ်။ ‘အတွေးအမြင်’ကိုတော့ Journalism ကျင့်ဝတ်နဲ့အညီ ရေး သားထုတ်ဝေနေတယ်လို့ပဲ ဆရာထင်တယ်။ ဒီလိုပဲ တခြားမဂ္ဂဇင်း လေး၊ ငါး၊ ခြောက်စောင်လည်း ရှိပါသေး တယ်။ ဒီလို Journalism ကျင့်ဝတ်နဲ့အညီ ရေးသားထုတ်ဝေ နေတဲ့ မဂ္ဂဇင်းကောင်း၊ ဂျာ နယ်ကောင်းတွေကတော့ အနည်းစု ပေါ့လေ။ အများစုကတော့ Journalism တွေပဲ။

အဲဒီလို Yellow Journalism တွေ လွှမ်းမိုးနေတာနဲ့ ပတ် သက်ပြီး ဆရာမြင်တာ၊ ဆရာအကြံပေးချင်တာကတော့ သတင်း စာဆရာလုပ်တော့မယ်၊ Journalist တစ်ယောက် လုပ်တော့မယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး မေးသင့်တဲ့ မေးခွန်းက ‘ငါ ဘာ ဖြစ်လို့ Journalism လုပ်ချင်တာလဲ’ ဒါကို အရင်မေးရမယ်။ ငါ Journalist ဖြစ်ချင်တယ်ဆိုတာ နာမည်ကြီးချင်လို့လား၊ ပိုက်ဆံ ရချင်လို့လား၊ ဒါမှမဟုတ် တိုင်းပြည်မှာ အမှန်တရားထွန်းကား အောင် ဖော်ထုတ်ဖို့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ်။ အဲဒီလို ပြန်မေးကြည့်ပြီးတော့ နာမည်ကြီးချင်လို့၊ ပိုက်ဆံရချင် လို့၊ ဒါမှမဟုတ် သာမန်အသက်မွေးဝမ်းကျောင်းမှု အလုပ်အကိုင် တစ်ခုလိုမျိုး သဘောထားပြီးတော့ လုပ်ချင်လို့ဆိုရင်တော့ ဒီလူ တွေကို ဆရာတို့ စကားထဲ ထည့်ပြောနေစရာ မလိုဘူး။ အဲဒီလူ တွေဟာ တိုင်းပြည်ရဲ့ မဏ္ဍိုင်တစ်ခုအဖြစ် ပြည်သူကို မျက်စိပွင့်စေ ဖို့၊ နားပွင့်စေဖို့၊ အမှန်တရားကို ဖော်ထုတ်ဖို့ဆိုတာမျိုး မဟုတ်ဘဲ နဲ့ ပိုက်ဆံရဖို့အတွက် အသက်မွေးဝမ်းကျောင်းမှု အလုပ်အကိုင် တစ်ခုလို၊ ဥပမာ-စာရေးလုပ်တယ်၊ မန်နေဂျာလုပ်တယ်၊ အင်ဂျင် နီယာလုပ်တယ်ဆိုတာမျိုး လုပ်တာဆိုရင်တော့ အဲဒီလူကို Journalist လို့ ဆရာတို့ သတ်မှတ်လို့မရဘူး။ အဲဒီလူတွေဟာ ဘာလဲ ဆိုတော့ Careerist တွေပဲ ဖြစ်တယ်။

Journalist ဆိုတာက ပြည်သူရဲ့ နားဖြစ်တယ်၊ မျက်စိဖြစ် တယ်၊ ပြည်သူ့အတွက် ဓားလှံဖြစ်တယ်၊ တိုင်းပြည်ရဲ့ မဏ္ဍိုင်တစ် ခုလည်း ဖြစ်တယ်။ ဒါကြောင့်မို့ Journalist တွေကို တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ခဲ့ကြတယ်။ ချုပ်လိုက်လို့ရှိရင်တော့ တစ် ခွန်းတည်းပဲ ။ Journalist ဆိုတာ တိုင်းပြည်အတွက်၊ ပြည်သူ အတွက် အမှန်တရားကို ဖော်ထုတ်တဲ့သူ၊ ရေးသားတဲ့သူပဲ။ ဒါ ဟာလည်း Journalist တစ်ယောက်ရဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးကျင့်ဝတ်ပဲဖြစ်တယ်။ Journalist တစ်ယောက် အတွက် စောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာတွေ၊ စည်းကမ်းချက် တွေကတော့ အများကြီးရှိပါတယ်။ ဆရာတို့ B. J. A က ချမှတ် ထားတဲ့ သတင်းထောက်ကျင့်ဝတ်စည်းကမ်းတွေလည်း အများ ကြီးရှိပါတယ်။ ဒီပြင်စည်းကမ်းတွေကို ဆရာ အများကြီးမပြော ချင်ပါဘူး။ Journalist လုပ်တော့မယ့် လူကို အဓိက ပြောချင် တာ၊ အကြံပေးချင်တာကတော့ အမှန်တရားကို ဖော်ထုတ်ဖို့၊ အမှန်တရားကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ ကျင့်ဝတ်သီလ ကလေးကိုသာ ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းပါ။ အဲဒီ အခါကျရင် ကျန်တဲ့စည်းကမ်းတွေလည်း အလိုလိုစောင့်ထိန်းပြီး သားဖြစ်ပြီးတော့ တကယ်လေးစားလောက်တဲ့၊ သိက္ခာသမာဓိရှိ တဲ့ Journalist ကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဆရာ ပြောချင်တယ်။

နောက်ဆုံးတစ်ခုဖြစ်တဲ့ စာနယ်ဇင်းတွေအပါအဝင် မီဒီ ယာတွေရဲ့ အနာဂတ်ကို ဆရာ့အမြင်အတိုင်း ပြောရမယ်ဆိုရင် တော့ ဆရာတို့ကမ္ဘာမှာ Nuclear Age တို့၊  Computer Age တို့ ခေါ်တဲ့ အခေါ်တွေနဲ့ ခေတ်တွေကို ခေါ်ခဲ့ကြတယ်။ အခု Information Age လို့ ခေါ်နေကြပြီ။ ဒီကနေ့ ကမ္ဘာတစ်ဝန်းလုံးမှာ နံပါတ်တစ် အရေးကြီးဆုံးဖြစ်နေတာက Information ပဲ။ အဲဒါ ကို လွှမ်းမိုးထားတဲ့ အင်အားက မီဒီယာအင်အားပဲ။ မီဒီယာအင် အားကသာ အဓိကအကျဆုံး၊ အရေးကြီးဆုံးဖြစ်နေပြီ။ တိုင်းပြည် တစ်ပြည် ထူထောင်တယ်ပဲဖြစ်ဖြစ်၊ တိုင်းပြည်ကောင်းအောင် တည်ဆောက်တယ်ပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်နေပါစေ၊ အမှန် တရားကို ဖော်ထုတ်ဖို့၊ အမှန်တရားကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုတဲ့ မဏ္ဍိုင်တစ်ခုဟာ အရေးကြီးဆုံးနေရာမှာ ရှိနေတာပဲ။ တိုင်းပြည်ဟာ ရှေ့ဆက်ပြီးတော့ တိုးတက်သည်ပဲဖြစ်စေ၊ ကျ ဆင်းသွားသည်ပဲဖြစ်စေ မီဒီယာဟာ အရေးကြီးဆုံးနေရာက အမြဲတမ်းရှိနေမှာပါ။ ဒါကြောင့်မို့ အနာဂတ်ဟာ မီဒီယာတွေ အတွက်ပဲ ဖြစ်တယ်။ မြန်မာပြည်အနေနဲ့ ရှေ့လာမယ့် အနာဂတ် တွေဟာလည်း ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အားလုံးအတွက် တောက်ပြောင်လာမယ့် ခေတ်ပဲဖြစ်တယ် ။       ။

(ကျွန်တော့်မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ရှင်းလင်း ဖြေကြားပေးခဲ့တဲ့ ဆရာ လူထုဦးစိန်ဝင်းကို ကျေးဇူးအထူးတင်ရှိ ပါကြောင်း ပြောပါရစေ။)

၂၀၁၆-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၈) မှ ဒိုင်ယာရီ ဖြစ်ပါသည်။

မင်းထက်မောင် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."