စစ်မီးလံျှထဲက ရခိုင်ပြည်

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၇ မှ CoverStory ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။
မျောက်တောင် (ရခိုင်ပြည်နယ်)
ဇူလိုင်-သြဂုတ်၊ ၂၀၁၉

ဝီစီသံအကျယ်ကြီးတစ်ချက် ကြားလိုက်ရပြီးနောက် ‘ရန်သူ … ရန်သူ’ ဆိုတဲ့အော်သံတွေကို မောင်စိုးစိုးမောင်ကြားလိုက်ရတယ်။ မကြာခင်မှာပဲကျည်ဆန်တွေဟာ သူတို့မောင်နှမနှစ်ယောက်ရှိတဲ့ တောင်ကုန်းပေါ်ကို မိုးသီးမိုးပေါက်တွေပမာ ကျလာပါတော့တယ်။

သူလည်းအချိန်မဆိုင်းတော့ဘဲ တောင်တက်လမ်းဘေးကခံျုတွေထဲ ညီမလေးရဲ့လက်ကိုဆွဲကာ ဝင်ပြေးတယ်။ ကျည်ဆန်တွေဟာ သူတို့မောင်နှမနှစ်ယောက်နံဘေးကနေ ပွတ်ကာသီကာ ဝီခနဲဝီခနဲဖြတ်သွားတယ်။ ပြေးနေရင်း ခြေလှမ်းသုံးဆယ်စာလောက်အရောက်မှာတော့ သူလက်ဆွဲထားတဲ့ညီမလေးဟာ ပျော့ခွေပြီးလဲကျသွားတယ်။

လဲကျသွားတဲ့ညီမလေးကို ခေါင်းကနေကိုင်ပြီးပွေ့ထူလိုက်တယ်။ ဒါပေမဲ့သူ့ညီမလေးဟာ  မတ်တတ်မရပ်နိုင်တော့ဘူး။ ”ညီမလေး …ညီမလေး”လို့ ခေါ်ကြည့်တယ်။ ပြန်ထူးသံထွက်မလာတော့ဘူး။ မျက်လုံးတွေက ပိတ်လုပိတ်ခင်မှေးပြီးစင်းကျနေပြီ။ ညီမကိုပွေ့ထားတဲ့လက်ကိုကြည့်လိုက်တဲ့အခါ သွေးတွေပေနေတာကို တွေ့လိုက်ရတယ်။ ကျည်ဆန်မှန်သွားပြီ။

လှုပ်ရှားမှုမရှိတော့တဲ့ညီမဖြစ်သူကို အိမ်ကိုပြန်သယ်ဖို့မဖြစ်နိုင်တာကြောင့် နောက်မှာချန်ထားခဲ့ပြီး ထွက်ပြေးဖို့ မောင်စိုးစိုးမောင် ဆုံးဖြတ်လိုက်တယ်။ သူ့အင်္ကျီတွေ၊ ပုဆိုးတွေကိုချွတ်လိုက်ပြီး သူ့ညီမလေးကိုခြုံပေးခဲ့တယ်။ သူကတော့ အတွင်းခံဘောင်းဘီလေးနဲ့ နောက်ကနေ တဒိုင်းဒိုင်းပစ်နေတဲ့စစ်သားတွေလက်ကလွတ်အောင် တောင်ကုန်းရဲ့တခြားဘက်ကနေလယ်ကွက်  ၁၀ ကွက်စာအကျော်က ရွာထဲမှာရှိတဲ့သူ့အိမ်ရှိရာကိုဆင်းပြေးပါတော့တယ်။

ရွာထဲရောက်တာနဲ့ ဖြစ်ကြောင်း ကုန်စင် ပြောပြတယ်။ မိဘတွေကလည်း သူတို့ သမီးငယ်ဆီ ချက်ချင်းပြေးသွားချင်ပေမယ့် စစ်တပ်ရှိနေတာကြောင့် မသွားရဲ ခဲ့ဘူးလို့ ဆိုတယ်။ အဲဒီတစ်ညလုံးလည်း တောင်ပေါ်မှာ ကျန်ခဲ့တဲ့ သမီးဆီကို စိတ် ကရောက်နေပြီး နေမထိ ထိုင်မသာနဲ့ ထမင်းစားဖို့လည်း သတိမရဖြစ်ကာ ပူ လောင်နေရတယ်လို့ မိဘတွေက ပြန် ပြောကြတယ်။

စစ်တပ်က သွားခွင့်ပြုတဲ့ အချိန်  မနက်ခင်း ရှစ်နာရီလောက်မှာ မိဘတွေ ရယ်၊ ရွာက လူကြီးတွေရယ်နဲ့ တောင်ပေါ် ကို သွားကြည့်တဲ့အခါမှာတော့ အသက် မဲ့နေတဲ့ ကလေးမလေးရဲ့ ခန္ဓာကိုယ်ကို သာ တွေ့လိုက်ကြရတော့တယ်။ မိဘတွေ အနေနဲ့ သမီးအလောင်းကို တွေ့လိုက်ရ ချိန် အရူးတစ်ပိုင်းပါပဲ။

သမီးဖြစ်သူဟာ မြေကြီးပေါ်မှာ ကွေးကွေးလေးဖြစ်နေပြီး လက်သီးတစ် ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား တယ်လို့ သူ့မိဘတွေက ပြန်ပြောပြတယ်။ ညတွင်းချင်းသာ ဆေးရုံပို့နိုင်ခဲ့ရင် သူ့ သမီးအသက်ရှင်ချင်ရှင်နိုင်မယ်လို့  အသက် ၄၇ ခုနှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်လှသိန်းယိုင်က ဆိုတယ်။

”ငါ့သမီး မသေခင်၊ အသက်မထွက် ခင် ဘယ်လောက်ခံစားလိုက်ရမလဲဆိုတာ စဉ်းစားကြည့့်”လို့ သူကဆိုတယ်။

သူ့သမီးငယ်ဟာ သားသမီးဆယ် ယောက်ရှိတဲ့အနက် ရှစ်ယောက်မြောက် ဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် တောင်ပေါ်တက် ဟင်းရွက်ခူးပြီး တစ်ဖက် တစ်လမ်းကနေ ဝင်ငွေရှာဖွေကာ မိသားစု ပေါ် သိတတ်လိမ္မာသူ ဖြစ်တယ်လို့ ဆို တယ်။ ဒီလိုမျိုးဖြစ်သွားတဲ့အတွက် မိဘ တွေ ယူကြုံးမရ ဖြစ်ကြတယ်။

ဒီဖြစ်ရပ်ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက မျောက်တောင်ကျေးရွာအနီးမှာ မေ ၁၉ ရက် ညနေ  ၆ နာရီ လောက်မှာ ဖြစ်ခဲ့တာပါ။ တပ်မတော်စစ်ကြောင်းသွားနေစဉ် မိုင်းထပေါက်တာကြောင့် အနီးအနားတောင် ကုန်းပေါ်ကနေ ဆင်းလာတဲ့ မောင်နှမနှစ် ယောက်ကို စစ်တပ်က ရန်သူမှတ်ပြီး သေ နတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီမှာ မောင်စိုး စိုးမောင်ရဲ့ ညီမ၊ ၁၀ နှစ်အရွယ် မအသိန်းချေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

mawku-67-cover-story-rakhine-jpg

Photo-Thet Oo Mon
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မျောက်တောင်ကျေးရွာက ဘုရားတောင်

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (Arakan Army – AA) တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ကြောင့် မအသိန်းချေတို့လို ဒေသခံတွေ ဟာ မြေစာပင်ဖြစ်နေကြရပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူအရေအတွက်ဟာ တစ်နေ့တခြား တိုးပွားလာနေတယ်။

စစ်တွေအခြေစိုက်ရခိုင်တိုင်းရင်း မျိုးနွယ်များ အစည်းအရုံး (Rakhine Ethnic Congress  – REC) က မှတ် တမ်းတင်ထားတဲ့ အချက်အလက်တွေ အရ ရခိုင်ပြည်နယ်မှာ စစ်ဒဏ်ကြောင့် ဇူလိုင်ပထမပတ်အထိ သေဆုံးသူ ၄၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။ သူတို့အနေနဲ့ စာရင်းပြုစုမှုကို ရပ်လိုက်ပြီး ထပ်ဖြစ်တဲ့ တိုက်ပွဲတွေအရဆိုရင် ယခုစာရင်းထက် ပိုမိုများပြားနိုင်တယ်လို့ အစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ဆိုပါတယ်။

တပ်မတော်နဲ့ AA တိုက်ပွဲတွေ ရပ် တန့်ဖို့ အခုလို စစ်ရေးနည်းအရ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းသင့် တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာ သုံးသပ်သူတွေက ဆိုကြတယ်။

မဖြေရှင်းနိုင်ရင်တော့ နဂိုကတည်းက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ကြောင့် အဘက်ဘက်က နိမ့်ကျနေတဲ့ ရခိုင်ပြည်နယ်ဟာ တစ်ပူပေါ် နှစ်ပူဆင့် လာတဲ့ စစ်ဘေးဒဏ်ကြောင့် ပြည်သူတွေ ပိုမိုဆင်းရဲဒုက္ခရောက်ပြီး အကျပ်အတည်း တွေ ကြုံလာရနိုင်တယ်လို့ ဆိုကြပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအင်စတီကျူက အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ”ရခိုင်ပြည်နယ် က ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း လို့ ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ကြာ လေလေ ဒုက္ခအရောက်ဆုံးက ပြည်သူပဲ ဖြစ်လိမ့်မယ်။ အဲဒီတော့ နိုင်ငံရေးပဋိပက္ခ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လက်ရှိ တိုက်ပွဲတွေ ရပ်ဖို့ဆိုရင်တော့ အစိုးရနဲ့ AA တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံး လုပ်ဖို့ လိုတယ်” လို့ သုံးသပ်ပါတယ်။

တိုက်ပွဲရဲ့  ဇာစ်မြစ်

ရခိုင်ပြည်နယ်ဟာ သမိုင်းတစ် လျှောက် လူမျိုးရေးဆန်တဲ့ပဋိပက္ခတွေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ပြည်နယ်တစ်ခုပါ။ ၂၀၁၂ တုန်းက ရခိုင်တွေနဲ့ ဘင်္ဂါလီတွေ ကြား  သွေးမြေကျတိုက်ခိုက်မှုတွေ ဖြစ် ပွားခဲ့သလို၂၀၁၇ မှာလည်း အာဆာ (Arakan Rohingya Salvation Army – ARSA)  စစ်သွေးကြွအဖွဲ့ နဲ့အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီအဖွဲ့ကို မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။

လူမျိုးရေး ပဋိပက္ခကြောင့် အချို့ မြို့နယ်တွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့် လှစ်ထားရဆဲပါ။ နောက်ပြီး အာဆာ အဖွဲ့ နဲ့ ပစ်ခတ်မှုတွေဖြစ်တာကြောင့်  မွတ် ဆလင်ဒုက္ခသည် ခုနစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခဲ့ကြပြီး ၎င်း တို့ ကို ပြန်လည်လက်ခံရေး အတွက် မြန်မာအစိုးရ နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ ညှိနှိုင်းဆောင်ရွက်နေဆဲပါ။

ရှေ့မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းလို့ မပြီးခင် ၂၀၁၈ နှောင်းပိုင်းမှာ AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာ တာဟာ အစိုးရအဆက်ဆက်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့အတူ ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှု နိမ့်ကျလာရတာတွေကနေ မြစ် ဖျားခံလာတာ လို့ ရခိုင်အမိုျးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော က ဆိုပါတယ်။

”အဲဒီရေခံမြေခံတွေက အကုန် တွန်း ပို့ နေတော့ ဒီဘက်မှာ လက်နက်ကိုင် မှ ရမယ်ဆိုတဲ့ အမြင်တွေဖြစ်လာတယ်။ လက်နက်မရှိတဲ့အခါ တန်ဖိုးမထားဘူး။ လက်နက်ရှိမှ လူရာဝင်တယ်ဆိုတဲ့ Concept- (အယူအဆ)  ဝင်သွားတယ်။ အဲဒီ Concept ကို ဖျက်ဖို့  မလွယ်ဘူး။ ဖျက်ဖို့ ကလည်း ဒီဘက်မှာ ဒီမိုကရေစီ အပြောင်း အလဲကို ဘာမှလုပ်မပြနိုင်ဘူး” လို့ သူက ဆိုတယ်။

ဒေါက်တာမင်းဇော်ဦးက AA အဖွဲ့  စတင်ဖြစ်ပေါ်လာပြီး တပ်မတော် နဲ့  တိုက် ပွဲတွေ ဖော်ဆောင်နိုင်တဲ့အထိ ကြီးထွား လာတာဟာ အချက်သုံးချက်ရှိတယ် လို့ ဆိုပါတယ်။

ပထမအချက်အနေ နဲ့  ကချင်လွတ် မြောက်ရေး အဖွဲ့ (Kachin Independence Organization – KIO) ဟာ တပ်မတော် နဲ့ ၂၀၀၉ လောက်မှာ နယ်ခြား စောင့်တပ်ဖွဲ့ ကိစ္စကို အကြောင်းပြုပြီး တင်းမာခဲ့ပါတယ်။ တင်းမာမှုဖြစ်ပြီး KIO ဟာ တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့တဲ့အပေါ်မှာ  သံသယ ဝင်လာပြီး တိုက်ပွဲတွေ တစ်ကျော့ပြန်လည်ဖြစ်ပေါ် လာမှာကို ကြိုတွေးမိကာ လက်နက်ကိုင် တပ်ပေါင်းစုလုပ်ရမယ် ဆိုတဲ့ အယူအဆ တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ညီညွတ်သော တိုင်းရင်း သား လူမိုျးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ဖွဲ့စည်းခဲ့ပြီး  တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်  တပ်ဆင် သင်တန်းပေးတာတွေ ပြုလုပ်တဲ့အခါ AA ဟာ ပါဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ AA ဟာ လက်နက်ကိုင်အဖွဲ့အဖြစ် စတင် သန္ဓေ တည်ခဲ့တယ်။

ဒုတိယအချက်အနေနဲ့ကတော့ AA ဟာ ၂၀၁၇ နှစ်ဆန်းပိုင်းက တပ်မတော်နဲ့ ကိုးကန့်အဖွဲ့ (Myanmar National Democratic Alliance Army – MNDAA) တို့ ဖြစ်တဲ့ ကိုးကန့် စစ်ပွဲမှာလည်း AA ဟာ MNDAA ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပေးတာတွေကြောင့် လက်နက်အထောက်အပံ့ တွေ ရခဲ့ပြီး အင်အားကြီးထွားဖို့ အထောက် အပံ့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် AA ဟာ လူ အင်အားများ စွာကို နေဖို့စားဖို့နဲ့ လက်နက်တပ်ဆင် ပေးဖို့ ငွေရလမ်းကြောင်း တွေ့ရှိခဲ့ပုံ ပေါ် တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအချက်ကတော့၂၀၁၁နောက်ပိုင်း လွတ်လပ်စွာလှုပ်ရှားဖွဲ့စည်းနိုင်တဲ့ လူမျိုးစုအခြေခံနိုင်ငံရေးလှုပ်ရှားမှု တွေကြောင့် လူငယ်တွေ လူ မျိုး စုအ မျိုး သားရေး နိုင်ငံရေးစိတ်ဓာတ်တွေ နိုး ကြားလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ နိုင်ငံရေးလွတ်လပ်မှုနဲ့အတူ အစိုးရ အဆက်ဆက် ဖွံ့ဖြိုးမှု နိမ့်ကျခဲ့တဲ့ ရခိုင် ပြည်နယ်မှာ ပြည်သူလူထုတွေရဲ့ ရင်ထဲ မကျေနပ်မှုတွေ ရှိနေခဲ့ပါတယ်။

အဲဒီအချိန်မှာ AA  ဟာ ရခိုင် ပြည်နယ်ရဲ့ အနာဂတ် မျှော်လင့်ချက်အဖြစ် ယုံကြည်သက်ဝင်သူတွေ များလာ ခဲ့ပြီး အင်အားဟာ တဖြည်းဖြည်း ကြီး ထွားလာခဲ့တယ်လို့ ဒေါက်တာ မင်းဇော်ဦးက သုံးသပ်တယ်။

”ရခိုင်လူထုမှာ မကျေနပ်မှုတွေ အများကြီးပဲ။ ဒါတွေက ရေခံမြေခံအတွက် ပေါက်ကွဲဖို့က အဆင်သင့်ဖြစ်နေ တယ် ” လို့ သူကဆိုတယ်။

mawkun-67-cover-story-rakhine-jpg

Photo - Thet Oo Mon
ထုက္ကန့်သိမ် ပုထိုးတော်ကြီး

AA နဲ့တပ်မတော်တို့ဟာ ၂၀၁၅ ကတည်းက တိုက်ပွဲတွေ စဖြစ်လာခဲ့တာ ပါ။ ဒါပေမဲ့ အဲဒီတုန်းကတိုက်ပွဲ ဖြစ်ခဲ့တဲ့ နေရာအများစုဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာဖြစ်ပြီး ရခိုင်ပြည် နယ်ထဲ ဖြစ်ပွားတာဟာ အတော်နည်းပါး ခဲ့တယ်လို့ ဒေါက်တာမင်းဇော်ဦးကဆိုတယ်။

၂၀၁၈ နှောင်းပိုင်း နိုဝင်ဘာလောက် မှာတော့ AA ဟာ ရခိုင်မြောက်ပိုင်းမှာ အခြေစိုက်ဖို့ ကြိုးစားလာခဲ့ပြီး တပ်မ တော်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့ပါတယ်။ တပ်မတော်ကလည်း ရခိုင်ပြည်နယ်မှာ AA အခြေစိုက် မှာကို လုံးဝလက်မခံဘဲ ချေမှုန်းသွားမယ် လို့ ဆိုထားပါတယ်။

စစ်ပွဲကို ပိုပြီး အရှိန်မြင့်စေခဲ့တာက တော့ ဒီနှစ်လွတ်လပ်ရေးနေ့မှာ  နယ်ခြား စောင့်ရဲကင်းလေးခုကို AA က ဝင်တိုက် ခဲ့ တာက စခဲ့တာပါ။ အဲဒီနောက် အစိုးရနဲ့ တပ်မတော်က AA ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ပြီး ချေမှုန်းဖို့ လုပ်ဆောင်ခဲ့ ပါတယ်။

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ တပ်မတော်က AA ကို ရခိုင်မှာ လက်မခံဘူးလို့ ပြောဆိုတာဟာ ”ကျွန်တော့်ကို ကျွန်တော့်အိမ်မှာ မနေနဲ့၊ ဒီမှာ ခင်ဗျားတို့အိမ်မှာ ကျွန်တော် နေ နေပြီးပြီ။ ခင်ဗျား အိမ်မှာ နေလို့မရတော့ ဘူးလို့ ပြောတဲ့ ဥစ္စာကတော့ ဒါ ပြဿနာ ကို ပြေလည်စေမယ့် အပြောအဆို မျိုး မဟုတ်ဘူး” လို့ မော်ကွန်းကို တယ်လီဖုန်း က တစ်ဆင့် ပြောတယ်။

mawkun-67-cover-story-rakhine-jpg

Photo - Thet Oo Mon
မြောက်ဦးမြို့နယ်ထဲက တိမ်ညို ဒုက္ခသည်စခန်း

မြို့ ရွာအနီးဖြစ်တဲ့စစ်

လတ်တလောမှာတော့  ရခိုင်ပြည် နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဟာ ပြင်း ပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။  ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၂၁ ကနေ  ဒီနှစ်ဇွန်လကုန်ထိ တိုက်ပွဲပေါင်း ၆၅၀ နဲ့ ၇၀၀ ကြား ရှိနေပြီ လို့ AA ရဲ့ ပြောခွင့်ရ ခိုင်သုခက ဆိုတယ်။

တိုက်ပွဲတွေဟာ ကျေးရွာတွေနဲ့ နီးကပ်တဲ့ နေရာတွေမှာ ဖြစ်တာကြောင့် ဒေသခံတွေ အထိနာနေရတာ ဖြစ်တယ် လို့  ရခိုင်ပြည်နယ်က လူမှုအဖွဲ့အစည်း တွေက ဆိုတယ်။

AA နဲ့ တပ်မတော် ဖြစ်ပွားတဲ့ တိုက်ပွဲအများစုဟာ လူတွေနေတဲ့ နေရာ နဲ့ သုံးမိုင်ပတ်လည်အတွင်း ဖြစ်တာများ တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေး အင်စတီကျူက ဒေါက်တာမင်းဇော်ဦးက ဆိုတယ်။

ဒီလို လူတွေနဲ့ နီးတဲ့နေရာတွေမှာ ဖြစ်ပွားတာကြောင့် ”စစ်ရဲ့ အရပ်သား တွေအပေါ် သက်ရောက်မှုက ပိုပြီး ကြီး လာတယ်ဆိုတာ ယေဘုယျအားဖြင့် သုံးသပ် လို့ရတယ်”လို့ သူက ဆိုတယ်။

တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ဗိုလမှူးချုပ်ဇော်မင်းထွန်းကတော့ ရွာတွေအနီး ပစ်ခတ်မှု ဖြစ်ပွားရ တာဟာ AA ဘက်က ရွာတွေနား မိုင်း ထောင်ပြီး ရွာတွေထဲကနေ ပစ်ခတ်တာ၊ ပစ်ခတ်ပြီး ရွာထဲ ဝင်ပြေးတာတွေကြောင့် လို့ သူက ဆိုတယ်။

ပြီးတော့ တပ်မတော်အနေနဲ့ ရွာ တွေထဲကို ပစ်ခတ်တာမရှိဘဲ ”ကျွန်တော် တို့က အဲဒီလိုမျိုး စည်းမဲ့ကမ်းမဲ့ လုပ်တဲ့ ဟာမျိုး မရှိပါဘူး” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုတယ်။

”ရွာအနားတောင်မှ လုံခြုံရေးအရ ဆောင်ရွက်တယ်ဆိုတာတောင်မှသတင်း ရမှပဲ ဝင်တာပါ။ အဲဒီအချိန်မှာ ပစ်ခတ်မှပဲ ပြန်လည်တုံ့ပြန်တာပါ”လို့သူက မော်ကွန်းကို တယ်လီဖုန်းနဲ့ ဖြေကြားပါတယ်။

AA သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက သူတို့ဘက်က ရွာတွေအနီး အနားနဲ့ ပြည်သူတွေ ထိခိုက်မယ့်နေရာ တွေမှာ မိုင်းထောင်တာတွေ မရှိဘူးလို့  ပြောပါတယ်။

”ရခိုင်တွေ ဒုက္ခရောက်မယ့် နေရာ မှာ AAက ဘာဖြစ်လို့ သွားလုပ်ရမှာလဲ”လို့ သူက ဆိုပါတယ်။

နှစ်ဖက်စလုံးက ရွာတွေအနီးမှာ တိုက်ပွဲတွေ ဖော်ဆောင်တာမရှိဘူး ဆို ပေမယ့် လက်တွေ့မြေပြင်မှာတော့ ရွာ တွေအနား ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေ ကြောင့် ပြည်သူတွေဟာ ထိခိုက်ဒဏ်ရာရ မှုတွေ၊ အသက်သေဆုံးရမှုတွေဟာ ဖြစ် ပေါ်နေဆဲပါပဲ။

ကျောက်တော် မြို့နယ် ဘုရား တောင်ပေါ်မှာ မအသိန်းချေ သေနတ်ထိ မှန်သေဆုံးတဲ့နေ့က မြန်မာ့တပ်မတော် က ပစ်လိုက်တဲ့ ကျည်ဆန်တွေဟာ ဘုရား တောင်အနီးရှိ မာလာကျေးရွာဘက်ကိုလည်း ကျခဲ့တာကြောင့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်။

သုံးနှစ်အရွယ် ကလေးငယ်ရဲ့ မိခင် ဖြစ်သူ မအောင်ထွေးဟာ အဲဒီနေ့ ညနေ ဘက် သူတို့ရွာနားမှာ စစ်ကြောင်းမြင် တာနဲ့ ဝက်စာကြိတ်နေတာကို ရပ်ပြီး ကလေးသုံးယောက်နဲ့အတူ အိမ်ရှေ့ ကွပ်ပျစ်အောက် ဝင်ပုန်းနေတာပါ။ သူ့မှာ သားသမီးသုံးဦးရှိပြီး အကြီးဆုံးက ၁၀ နှစ်၊ အလတ်က ရှစ်နှစ်နဲ့ အငယ်ဆုံးသား လေးက သုံးနှစ်အရွယ်ပါ။ သူတို့က စစ် ကြောင်းဝင်လာရင် ပစ်ခတ်မှုတွေ ဖြစ် တတ်တယ်လို့ သတင်းတွေကြားထား တာကြောင့် ဝင်ပုန်းခဲ့တာလို့ ဆိုပါတယ်။

ကျန်တဲ့ကလေးနှစ်ယောက်ကို ဘေးမှာထားပြီး အငယ်ဆုံးကလေးကို သူ့ရင်မှာအပ်လို့ဝပ်နေကြပါတယ်။ အဲဒီ အချိန်မှာ ဂျိမ်းခနဲဆိုတဲ့အသံကြီး တစ်သံ ကြားလိုက်ရပြီး မကြာခင်မှာပဲ သေနတ် သံတွေ ထွက်ပေါ်လာပါတယ်။

အဲဒီအချိန် သူတို့ပုန်းနေတဲ့ နေရာ နားကို လက်နက်ကြီးတစ်လုံးကျရောက် ပေါက်ကွဲပြီး ဖုန်တွေ၊ သဲတွေက သူတို့ပုန်းနေတဲ့ နေရာကို လွင့်စဉ်လာပါတယ်။ သူတို့လည်း ကြောက်လန့်ပြီး အဲဒီနေရာ ကနေ ထွက်ပြေးကြတယ်လို့ဆိုပါတယ်။ ပြေးနေတဲ့အချိန် သူ ရင်ခွင်ထဲ ထည့် ထားတဲ့ ကလေးငယ်က ထငိုပါတယ်။ သူ လည်း ကလေးကိုချော့ပြီး ဖက်ထားတဲ့ လက်ကို ကြည့်လိုက်တဲ့အခါ သွေးတွေ ပေကံျနေတာကို တွေ့လိုက်ရပါတော့တယ်။

သူ့သားငယ်ရဲ့ ကျောကုန်းကို လက် နက်ကြီးအစ ထိမှန်သွားတာပါ။ ကလေး ဟာ တောက်လျှောက် ငိုနေပါတယ်။ သူ လည်း ကလေးသေတော့မှာပဲ ဆိုပြီး စိုး ရိမ်နေတယ်။ အဲဒါနဲ့ရွာက ဆေးမှူးဆီကို ပြေးသွားပြီး ကလေးကို ပြပါတယ်။ ကလေးက သိပ်မငိုတော့ဘဲ နှုတ်ခမ်းတွေ ဖြူလာတယ်။

ဆေးမှူးက ကလေးကို ဆေးထိုး၊ ဆေးထည့်လုပ်ပေးပြီး ကျောက်တော်က လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ပေးလိုက် တယ်။ ည တစ်နာရီလောက်မှာရွာနံဘေး   ကုလားတန်မြစ်ကနေ ကျောက်တော် ဆေးရုံကို မော်တော်ဘုတ်နဲ့ ထွက်လာပြီး   ဆေးကုသမှုခံယူတယ်။

မော်ကွန်းနဲ့ တွေ့ခဲ့တဲ့ မေ၂၂ရက် မှာတော့ ခွဲစိတ်ထားတဲ့   ကလေးငယ်ဟာ စစ်တွေဆေးရုံက ခုတင်ပေါ်မှာ ပတ်တီး တွေ၊ ပိုက်တွေတန်းလန်းနဲ့ခက်ခက်ခဲခဲ အသက်ရှူနေရတာကို တွေ့ရပါတယ်။

mawkun-67-cover-story-rakhine-jpg

Photo - Thet Oo Mon
မာလာကျေးရွာက မအောင်ထွေးနှင့် သူ၏သားငယ်

စစ်ဘေးရှောင်တိုးလာ

ထိခိုက်ဒဏ်ရာရသူတွေ မြင့်တက် လာတာနဲ့အတူ တစ်ဖက်မှာလည်း စစ်ဘေးရှောင် အရေအတွက်ဟာ တဖြည်း ဖြည်း တိုးပွားလာနေပါတယ်။ ရခိုင်လူမှု အဖွဲ့အစည်းတွေ ခန့်မှန်းချက်အရဆိုရင် စစ်ဘေးရှောင်ဦးရေ ငါးသောင်းနီးပါးရှိ တယ်လို့ဆိုကြပါတယ်။ အဲဒီစာရင်းဟာ စခန်းတွေမှာရှိတဲ့ လူအရေအတွက်ပဲ ဖြစ် ပြီး ဆွေမျိုးတွေအိမ်ကို ခိုလှုံနေတဲ့ စစ် ဘေးရှောင်တွေရဲ့ စာရင်းမပါသေးပါဘူး။

ရခိုင်ပြည်နယ် အစိုးရရဲ့ စာရင်းမှာ တော့ ဇွန် ၂၄ ရက်အထိဆိုရင် စစ်ဘေး ရှောင် ၂၂,၀၀၀ ကျော်ရှိတယ်လို့ ပြည် နယ်အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ဆိုတယ်။ တချို့စာရင်းအသစ်တွေလည်း ထပ်တိုး နိုင်ပြီး လတ်တလောမှာတော့ ဒီလောက် ပဲ စာရင်းရှိတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရ မြို့နယ် ရှစ်ခုဖြစ်တဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင် တို့မှာ စစ်ရှောင်စခန်းအရေအတွက် ၁၀၆ ခုရှိတယ်လို့ ဆိုပါတယ်။

စခန်းအများစုဟာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေ အများစုဖြစ်ပြီး စစ်ပွဲ ကာလရှည်ကြာလာတာနဲ့အမျှ စစ်ဘေး ရှောင်အရေအတွက် ပိုများလာဖို့ ရှိတယ် လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ဆို ပါတယ်။

ရသေ့တောင် မြို့နယ် CSO ပေါင်းစုံ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီစာရင်းတွေအရ ရသေ့ တောင်မြို့ပေါ်မှာ စစ်ဘေးရှောင် စခန်းခုနစ်ခုရှိပြီး အများစုက ဘုန်း ကြီးကျောင်းနဲ့ စာသင်ကျောင်း တွေဖြစ်ပါတယ်။ လူဦးရေအနေနဲ့ တစ်ထောင်ကျော်လောက် ရှိပြီး ရွာပေါင်း  ၁၀ ရွာကျော်က ရောက်လာခဲ့ တာလို့ ကော်မတီဥက္ကဋ္ဌ ဦးကျော်သာခင်က ဆိုပါတယ်။

စစ်ဘေးရှောင်တွေဟာ  ထမင်းကို စုပေါင်းချက်စားကြတယ်။ မေ ၂၀ ရက်က ဒုက္ခသည်စခန်းကို ရောက်ခဲ့တဲ့ အချိန်မှာ စစ်ဘေးရှောင်အချို့ဟာ ငါးခြောက်ကို ခရမ်းချဉ်သီးနဲ့ ရေပေါလော ချက်ထားတဲ့ ဟင်းလျာရယ်၊ ဂေါ်ဖီထုပ်ကို ခုတ်ထစ်ချက် ထားတဲ့ ဟင်းချိုနဲ့ ထမင်း စားသောက်နေ တာကို တွေ့ရပါတယ်။

စစ်ဘေးရှောင်တွေ ဒီလို ဟင်း ချည်း နေ့စဉ်စားသောက်နေရတာဟာ တစ်လ လောက်ရှိပြီလို့ဆိုကြပါတယ်။

ကော်မတီဥက္ကဋ္ဌ ဦးကျော်သာခင်က အလှူရှင်ရှိတဲ့အပေါ် မူတည်ပြီး ကူညီ ထောက်ပံ့ရတာကြောင့် စစ်ဘေးရှောင် တွေကို အသားဟင်း၊ ငါးဟင်းကောင်း ကောင်း တစ်ခွက်ကျွေးချင်ပေမယ့် ဟင်း ကောင်းတစ်ခွက်စာဟာ ငါးခြောက်ဟင်း သုံးလေးရက်စာရှိတာမို့ ရေရှည်စား သောက်နိုင်ဖို့ အခုလို စီစဉ်ကျွေးမွေးနေရ တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့က တစ်နိုင်တစ်ပိုင် လုပ်ကိုင် ဆောင်ရွက်နေပေမယ့် စစ်ဘေးရှောင် တွေအတွက် ရေရှည် အဆင်ပြေဖို့ဆိုရင် ”အစိုးရက တာဝန်ယူပေးရမယ်။ ကျွန် တော်တို့ဒီလောက်ထိ ရေရှည်လာရင် မနိုင် ဘူး”လို့ ဦးကျော်သာခင်က ဆိုတယ်။

လက်ရှိမှာတော့ အစိုးရက ထောက်ပံ့ ပေးတာဟာ လူတစ်ဦးအတွက် တစ်နေ့ကို သုံးရာကျပ်နှုန်းပဲရှိတယ်လို့ ဆိုပါတယ်။ အဲဒီ သုံးရာကျပ်တောင် လူအပြည့်မရဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ဘေးရှောင် အရေအတွက်က တိုးလိုက်လျော့လိုက် ဖြစ်နေပေမယ့် စခန်းစတင်တည်ထောင် ကာစ လူဦးရေအတိုင်းသာ စာရင်းပေါက် နေပြီး အဲဒီစာရင်းဟာ လက်ရှိစစ်ဘေး ရှောင်အားလုံးပေါင်းရဲ့ သုံးပုံတစ်ပုံသာ ရှိတယ်လို့ ဦးကျော်သာခင်က ဆိုပါတယ်။

ရသေ့တောင် မြို့နယ်ထဲက စစ်ဘေး ရှောင်စခန်းတွေလိုပဲ မြောက်ဦး မြို့နယ် ထဲက တိမ်ညိုစခန်းမှာလည်း စားနပ် ရိက္ခာအတွက် အခက်ကြုံနေရပါတယ်။ သူတို့ဆီမှာက အလှူရှင်တွေပေးတဲ့ ရိက္ခာတွေကို အိမ်ထောင်တစ်ခုချင်းစီ အလိုက် တစ်ပတ်စာ ရိက္ခာပေးတာပါ။

တစ်ခါတလေ တစ်ပတ်စာပေးပြီး နောက်အပတ်အတွက် ပေးစရာ ပြတ်လပ် သွားတာမျိုးတွေရှိတယ်လို့ တိမ်ညိုစခန်း တာဝန်ခံ ကိုကျော်မြက ဆိုပါတယ်။ အဲဒီ လိုကြုံရတဲ့အခါ လူမှုအဖွဲ့အစည်းတွေနဲ့ ကျေးရွာတွေဆီ အလှူခံရတယ်လို့ သူက ဆိုပါတယ်။

တိမ်ညိုစခန်းက ကျောက်တော် – မြောက်ဦးသွားတဲ့ ကားလမ်းနံဘေး တိမ် ညိုကျေးရွာနားမှာ မြောက်ဦး မြို့နယ် က မြတန်ဆောင်း ဆရာတော် ဦးနန္ဒသာရ ဦးဆောင်ပြီး အလှူရှင်တွေနဲ့ တည် ဆောက်ထားတာပါ။ ဒီမှာက ဒုက္ခသည် တွေအတွက် မိသားစုတစ်စုကို ၁၀ ပေ ပတ်လည် ဓနိမိုး ဝါးထရံကာ အိမ်လေး တွေ တန်းစီဆောက်လုပ်ပေးထားတာပါ။ လူဦးရေ  ၁,၆၀၀ ကျော်ရှိပြီး ရွာပေါင်း ကိုးရွာကလူတွေ ရောက်လာကြတာပါ။

mawkun-67-cover-story-rakhine-jpg

Photo - Thet Oo Mon
ကိုးသောင်းပုထိုးတော်ကြီးကနေ လှမ်းမြင်ရသည့် တပ်မတော် အမြောက်ထိုင်ထားသည့်တောင်ကုန်း

စခန်းကိုရောက်သွားတဲ့အချိန် မိုး က ခပ်ဖွဲဖွဲကျနေပြီး ဒုက္ခသည်စခန်းထဲက လမ်းတွေဟာ ရွံှ့တွေ အလူးလူးဖြစ်နေပါ တယ်။ တချို့နေရာတွေမှာ မဆိုစလောက် လေး ကျောက်ခဲတွေခင်းထားပြီး ရွံှ့လမ်း တွေပေါ် ချော်မလဲရအောင် သတိထား ထိန်းလျှောက်ရပါတယ်။ စခန်းတွေရဲ့ အနောက်ဘက်မှာတော့ လေးတိုင်စင်ကို တာလပတ်ကာရံထားပြီး ခနော်နီခနော်နဲ့ ဆောက်လုပ်ထားတဲ့ အိမ်သာ သုံးလေး လုံးကို တွေ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အနေနဲ့ အိမ်သာ ဆောက်ပေးဖို့ လုပ်ဆောင်နေပြီး အစိုးရ ကလည်း စားနပ် ရိက္ခာတွေ ထောက်ပံ့ပေး မယ်လို့ သတင်းကြားတယ်လို့ ကိုကျော်မြ က ဆိုပါတယ်။ ဒါပေမဲ့ အစိုးရထောက် ပံ့မှုက စခန်းဖွင့်ပြီး သုံးလကြာတဲ့အထိ တစ်ခုမှ မရသေးဘူးလို့ သူကဆိုပါတယ်။

စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က သူတို့ အစိုးရအဖွဲ့အနေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်လာရင် သုံးစွဲဖို့ထား တဲ့ ပြည်နယ်အစိုးရရဲ့ ရန်ပုံငွေထဲကနေ စစ် ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့ ပေးနေတယ်လို့ဆိုတယ်။

”ငွေကြေးတွေ ပံ့ပိုးပေးတဲ့ အပိုင်း တွေရှိတယ်။ ဆန်ရိက္ခာတွေ ပံ့ပိုးပေးတယ်။  အသုံးအဆောင်ပစ္စည်းတွေပေါ့။ သူတို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ ဒန်အိုး၊ ဒန် ခွက်၊ ဖျာ၊ အဝတ်အထည် စတဲ့အရာတွေ မပြတ်ရအောင် ကျွန်တော်တို့  ပံ့ပိုးပေး ထားတာတွေ ရှိတယ်”လို့  ဝန်ကြီးက ပြော ပါတယ်။

ပံ့ပိုးရတဲ့အခါမှာလည်း ဒုက္ခ သည် စာရင်းက အမြဲတမ်းအပြောင်း အလဲ ရှိ နေပြီး အောက်ခြေက တင်လာတဲ့ စာရင်း တွေအရ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကျေး တွေကနေ အဆင့်ဆင့် ကူညီပံ့ပိုးပေးတယ်  လို့ သူက ဆိုပါတယ်။

mawkun-67-cover-story-rakhine-jpg

Photo - Thet Oo Mon
ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခု၏ ညနေစာ

နောက်အခက်အခဲတစ်ခုကလည်း ”တိုက်ပွဲကျပ်နေတဲ့နေရာတွေ၊ သွားလို့ မရတဲ့ နေရာတွေရှိတယ်။ ပို့ဆောင်ရတာ အခက်အခဲတော့ ရှိတာပေါ့။ ဝန်ထမ်းတွေ သွားလာလို့ မရတာတွေ ကြန့်ကြာတာ တွေရှိတယ်”လို့ သူက ဆိုတယ်။

စစ်ဘေးရှောင်တွေရဲ့ အရေးဟာ အစိုးရရဲ့ တာဝန်ဖြစ်ပြီး လစ်ဟင်းမှု မရှိ အောင် ပြည်နယ်ဘတ်ဂျက် မလောက်ရင် တောင် ပြည်ထောင်စုဘတ်ဂျက်ကို တင်ပြတောင်းခံသုံးစွဲသွားမယ်လို့ စည် ပင်ဝန်ကြီးက ဆိုပါတယ်။

ပြည်နယ်ဝန်ကြီးက ပံံ့ပိုးထားတယ် ဆိုပေမယ့် မော်ကွန်းက ရောက်ခဲ့တဲ့ စစ် ရှောင်စခန်းတွေမှာတော့ ဒုက္ခသည်တွေ အတွက် အစိုးရရဲ့ ပံ့ပိုးမှုက လူတစ်ဦး အတွက် တစ်နေ့ သုံးရာကျပ်သာ ရရှိပြီး ထိုသုံးရာတောင် လူတိုင်းစေ့မရဘူးလို့ ဆိုကြပါတယ်။

ရှေးဟောင်းဇုန် အန္တရာယ်န ဲ့ကြုံ

စစ်ပွဲတွေကြောင့် လူတွေ ထိခိုက် ခံစားနေရသလို ရခိုင်ပြည်နယ်မှာ နောက် ထပ် ထိခိုက်နေတဲ့ အရာတစ်ခုကတော့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိနေတဲ့ မြောက်ဦး ရှေးဟောင်းဒေသပါပဲ။ ရှေးဟောင်းဇုန်ကို သတ်မှတ်ထားတာက မြောက်ဦးနန်းတော်ရာကုန်းကနေ ငါးမိုင် ပတ်လည်ဖြစ်ပါတယ်။

စစ်ပွဲဟာ မြောက်ဦးမြို့ကနေ မိုင် နှစ်ဆယ်ပတ်လည်အတွင်း ကျေးရွာတွေ မှာ ဖြစ်ပွားခဲ့သလို ရှေးဟောင်းယဉ်ကျေး မှု အမွေအနှစ်တွေရှိနေတဲ့ မြို့ထဲမှာလည်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါ တယ်။ ပစ် ခတ် မှုကြောင့် မြို့ထဲက ဈေးဆိုင်တွေမှာ ကျည် ဆန်တွေ ထိမှန်ခဲ့ပြီး မြို့လယ်က ကမ္ဘောဇ ဘဏ်ရဲ့ မှန်တွေမှာ ကျည်ပေါက်ရာတွေ တွေ့ ခဲ့ရ ပါတယ်။

ဘဏ်ရှေ့က တောင်ကုန်းပေါ်မှာ တည်ထားတဲ့ လူ့တစ်ရပ်စာလောက်ရှိတဲ့ ရက္ခမုနိရှေးဟောင်းဘုရားဆင်းတုတော် မှာဆိုရင် နှာခေါင်းနဲ့ ညာဘက်ခိုျင်း အောက် ကျည်ဆန်ထိမှန်ထားပါတယ်။

မြောက်ဦးကို ယူနက်စကို ဝင်ခွင့်ရ အောင် ကြိုးပမ်းနေတဲ့ မြောက်ဦးယဉ် ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း         စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌဒေါ်ခင် သန်းက ရှေးဟောင်းဇုန်မှာစစ်ဖြစ်တာ တွေ ရပ်ဖို့ မေတ္တာရပ်ခံပါတယ်။ လတ် တလောမှာလည်း ရှေးဟောင်းဇုန်ထဲမှာ အထိုင်ချထားတဲ့ အမြောက်ကြီးတွေ ပစ် ခတ်တာကြောင့် မြေကြီးတုန်ခါပြီး တချို့ရှေးဟောင်းဘုရားတွေဟာ အတွင်းကြေ ဖြစ်နေတာ တွေ့ရတယ်လို့ဆိုပါတယ်။

ဥပမာ မြောက်ဦးမြို့အရှေ့ဘက်က ကိုးသောင်းပုထိုးတော်ကြီးမှာဆိုရင် အဲဒီ လို ဖြစ်နေတာတွေ တွေ့ရတယ်လို့ ဆိုပါ တယ်။ ကျန်တဲ့ဘုရားတွေ ဘယ်လောက်ထိ ထိခိုက်မှုရှိသလဲဆိုတာကတော့ စစ်ပွဲ ကြောင့် သွားပြီး မစစ်ဆေးရဲသေးဘူးလို့ ဆိုပါတယ်။

”ကျွန်မတို့က လောလောဆယ် မသွားရဲသေးဘူးလေ။ စစ်ပွဲဖြစ်နေတော့ နောက်တစ်ခုက မိုင်းတွေကိုလည်း ကြောက် တယ်”လို့ ဒေါ်ခင်သန်းက ဆိုပါတယ်။

တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခုျပ်ဇော်မင်းထွန်းက မြောက်ဦး မှာ တပ်သုံးတပ်ရှိပြီး မြို့ရဲ့ အပြင်ဘက်မှာ တစ်တပ်နဲ့ မြို့အတွင်းမှာ တပ်ရင်းတစ်ရင်း ရှိတယ်လို့ ဆိုတယ်။ ရှေးဟောင်းဇုန်ထဲမှာ တော့ တပ်စွဲထားတာ မရှိဘူးလို့ တုံ့ပြန် ပါတယ်။

”ကျွန်တော်တို့က ရှေးဟောင်းဇုန် နယ်မြေကိုလည်း တက်နေစရာ အကြောင်း မရှိဘူး။ ဘာကြောင့် တက်နေစရာအကြောင်း မရှိလဲဆိုတော့ ကျွန်တော်တို့ တပ်ရင်းတွေ မှာပဲ နေလို့ရတဲ့အတွက် အဲဒီမှာ တက်နေ စရာ အကြောင်းလည်း မရှိဘူး။ ဒါတွေက ဝါဒဖြန့်မှုသက်သက်ပဲ” လို့ သူက ဆိုပါတယ်။

မော်ကွန်းက မြောက်ဦးမြို့ကို ရောက်တဲ့အခါ အတွင်းကြေနေတဲ့ ကိုး သောင်းပုထိုးတော်ကြီးဆီ သွားရောက်ခဲ့ ပါတယ်။ အဲဒီပုထိုးတော်ကနေ လှမ်း ကြည့်တဲ့အခါ ပုထိုးတော်ရဲ့မြောက်အရပ် တောင်ကုန်းတစ်ခုပေါ် အဆောက်အအုံ ပုံစံတစ်ခုကို လှမ်းမြင်ရပါတယ်။ ဒေသခံ တွေက အဲဒီနေရာဟာ စစ်တပ်က အမြောက်ထိုင်ထားတဲ့နေရာလို့ ဆိုကြ ပါတယ်။အဲဒီနေရာဟာ ရှေးဟောင်းဇုန် ထဲမှာ ပါဝင်တယ်လို့ ဒေါ်ခင်သန်းက ဆိုပါတယ်။

AA သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက မြောက်ဦးမှာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းနဲ့ အဲဒီလို ဖြစ်ပွားခဲ့ ရတာဟာ မြောက်ဦးမြို့ ထဲမှာရှိတဲ့ တောင်ကုန်းတွေပေါ်ကနေ တပ်မတော်က အမြောက်တွေနဲ့ ရွာတွေဘက် ပစ်ခတ် တာကြောင့် အဲဒီပစ်ခတ်တဲ့ သုံးနေရာကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ ပြော ပါတယ်။

သူကတော့ ရှေးဟောင်းနယ်မြေမှာ တိုက်ပွဲတွေ မဖြစ်ပွားဖို့ဆိုရင် အစိုးရက ရှေးဟောင်းနယ်မြေတွေက တပ်တွေကို ဖယ်ရှားပေးဖို့လိုတယ်လို့ သူက ဆိုတယ်။

စစ်မီးအမြန်ငြှိမ်းပါ

လတ်တလောမှာတော့ ရှေးဟောင်း ဒေသအပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါ တယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ ကတော့ တိုက်ပွဲဖြစ်ပွားတာနဲ့အတူ ထိ ခိုက်ခံစားနေရတဲ့ ပြည်သူတွေအတွက် စစ်ပွဲတွေ အမြန်ဆုံးရပ်ပြီး နှစ်ဖက်တွေ့ဆုံ ဆွေးနွေးကြဖို့ တိုက်တွန်းကြပါတယ်။

နှစ်ဖက်ညှိနှိုင်းဖို့ တစ်ဆို့နေတဲ့ အချက်တွေထဲက တစ်ခုက AA ရဲ့ စစ် ဦးစီးခုျပ် ဗိုလ်ခုျပ်ထွန်းမြတ်နိုင်ပြောခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကွန်ဖက်ဒရေးရှင်း လို ချင်တယ်ဆိုတဲ့ အချက်တစ်ခုပါ။

AA  ရဲ့ တောင်းဆိုချက်အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက”အဲဒါ န ဲ့ ပတ် သက်ပြီး လက်မခံဘူးဆိုတာ ကျွန် တော်တို့ ပြောပြီးပါပြီ။ ကျွန်တော်တို့ NCA ထဲမှာ ပါပြီးသားပါ။ ဘယ်လိုပုံစံမျိုး ဘယ်လိုတည် ဆောက်မယ်ဆိုတာ။ ဒါ့ထက်ကျော်လွန်တဲ့ ဟာတွေ လက်မခံပါဘူး”လို့ ဆိုပါတယ်။

AA ရဲ့ပြောခွင့်ရ ခိုင်သုခကတော့ ”ရခိုင်တွေထိန်းကျောင်း အုပ်ချုပ်တဲ့ ဒေသ ဖြစ်ရမယ်ဆိုတာကို ကျွန်တော်တို့ ဘက်က ပြောနေတာ ဒီဟာလေးပဲ။ ကျွန် တော်တို့ဘက်က အပိုတွေ ပြောနေတာ မဟုတ်ဘူး။ ဗမာတွေပိုင်ဆိုင်တဲ့အခွင့် အရေးကို ငါတို့ဆီကိုပေးဆိုပြီး တောင်း တာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အခွင့် အရေးကို ကျွန်တော်တို့က အပြည့်အ၀ လိုချင်လို့ပြောတာ” လို့ ဆိုတယ်။

ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒ ရေးရာ ဦးဆောင်ကော်မတီဝင်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဦးလှစောက တော့ နှစ်ဖက်စလုံးကို ဆွေးနွေးကြဖို့ တိုက်တွန်းတယ်။

”တောင်းတိုင်းလည်း ရမှာ မဟုတ် ဘူး။ မပေးဘဲနေလို့လည်း ရမှာ မဟုတ် ဘူး။ ပေးနိုင်တာနဲ့ တောင်းတာကြားထဲမှာ တော့ နိုင်ငံရေးယဉ်ကျေးမှုအရ ဆွေးနွေး ရမှာပဲ”လို့ သူက ဆိုပါတယ်။

အစိုးရအဖွဲ့နဲ့ နိုင်ငံရေး အသိုင်း အဝိုင်းအချို့ကတော့ ဖက်ဒရယ်တောင် ယဲ့ယဲ့သွားနေချိန် ဒီလိုမျိုး တောင်းဆိုတာ ဟာ လုံး၀ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

ကွန်ဖက်ဒရေးရှင်းနဲ့ ပတ်သက်ပြီး ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းကတော့ AA ဘက်က တောင်းဆိုတာဟာ သီးခြား ခွဲထွက်လိုတဲ့ ပုံစံ မဟုတ်ဘူးလို့ ထင်တယ် လို့ ပြောဆိုကြပါတယ်။

ဦးဦးလှစောက ”မြန်မာပြည်က သီးခြားခွဲထွက်မယ့် မော်ဒယ်လ်တစ်ခုလို့ ကျွန်တော် မမြင်ဘူး။ ဘာလို့လည်းဆို တော့ ‘ဝ’လည်း အဲဒီလိုပဲ ပြောတယ်လေ။ ဘယ်တော့မှ ခွဲမထွက်ဘူးလို့တော့ ပြော တယ်။ အဲဒီတော့ AA က ခေါင်းဆောင် တွေမှာလည်း ‘ဝ’လိုပြောတယ်ဆိုရင် သူ တို့မှာလည်း ခွဲထွက်ဖို့ ဆန္ဒရှိလား၊ မရှိ လား မသိဘူး။ အဲဒီတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမှာပဲ” လို့ ဆိုပါတယ်။

တပ်မတော်ဘက်က  တွေ့ဆုံညှိနှိုင်း ဖို့ကို အမိုျးသားပြန်လည်သင့်မြတ်ရေး နှင့်  ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

AA တာဝန်ခံ ခိုင်သုခက ”ဆက် ပြီးတော့ စစ်တိုက်မှာလား၊ ငြိမ်းချမ်းရေး ရအောင် လုပ်မှာလားဆိုတဲ့ အဓိက ကိစ္စ ကတော့ ဗမာစစ်တပ်နဲ့ အစိုးရအပေါ် မှာပဲ အများကြီး မူတည်တယ်။ သူတို့ ဘက်က သဘောထားကြီးရင်တော့ ဒီ ကိစ္စကတော့ အမြန်ဆုံး ပြေလည်သွားနိုင်တယ်”လို့ ဆို ပါတယ်။

ဒေါက်တာမင်းဇော်ဦးကတော့ နှစ် ဖက်ဆွေးနွေးတဲ့နေရာမှာ အဖွဲ့တွေ သုံး လေးဖွဲ့တွေ့ဖို့ထက် AA နဲ့ တပ်မတော် နှစ်ဖက်တည်း တွေ့ဆုံဆွေးနွေးဖို့လိုတယ် လို့ဆိုပါတယ်။

နှစ်ဖက်စစ်ရေးနဲ့ ဖြေရှင်းနေပါက တပ်မတော်ကလည်း AA ကို အပြုတ် တိုက်နိုင်မှာ မဟုတ်သလို AA ကလည်း တပ်မတော်ကို ရခိုင်ပြည်နယ်ထဲက အပြီး တိုင် မတိုက်ထုတ်နိုင်နဲ့ စစ်ပွဲထဲ အသက် တွေ သေကျေနေရဦးမှာ ဖြစ်တယ်လို့ ဆို ပါတယ်။

ဒါကြောင့် ”နိုင်ငံရေးနည်းလမ်းနဲ့ပဲ ရှင်းရမှာပဲ။ နိုင်ငံရေးနည်းလမ်းနဲ့ရှင်းရမှာသိနေပြီဆိုရင် ဘာလို့အသေခံပြီး ပေးဆပ် တော့မှာလဲ။ နှစ်ဖက်လုံး သေကြကျေကြ ဘာလို့ လုပ်နေဦးမှာလဲ”လို့ သူက ဆို ပါတယ်။

mawkun-67-cover-story-rakhine-jpg

Photo - Thet Oo Mon
မြောက်ဦးမြို့ပေါ်ရှိ ကမ္ဘောဇဘဏ်က ကျည်ဆန်ရာ

လတ်တလောမှာ တိုက်ပွဲတွေ မရပ် နိုင်သေးရင် မျောက်တောင်ကျေးရွာက မအသိန်းချေတို့လိုပဲ အပြစ်မဲ့ပြည်သူတွေ ထိခိုက်ခံစားနေရဦးမှာပါ။

မအသိန်းချေရဲ့ မိခင် ဒေါ်လှသိန်း ယိုင်ကတော့ သူ့သမီးသေဆုံးမှုအတွက် စစ်တပ်ကို မကျေမနပ်ဖြစ်နေပါတယ်။ အရင်ကဆို စစ်သားတွေ ရွာတွေထဲ သွား လာနေတာ မြင်တွေ့တဲ့အခါ စိတ်ထဲ ဘယ် လိုမှ မခံစားရပေမယ့် အခုတော့ သူက စစ် သားမြင်ရင်၊ ဗမာလို စကားပြောသံ ကြား ရင် အလိုလို ဒေါသထွက်လာတယ်လို့ ဆို ပါတယ်။

mawkun-67-cover-story-rakhine-jpg

Photo - Thet Oo Mon
ကျောက်တော်မြို့အထွက်တွင် တွေ့ရသည့် တပ်မတော်စစ်ကြောင်းတစ်ခု

သေဆုံးသွားတဲ့ သူ့သမီးအတွက် လည်း တာဝန်ရှိသူတွေနဲ့ တွေ့လို့ ပြောခွင့် ရမယ်ဆိုရင် သူက အခုလို ပြောချင်တယ် လို့ ဆိုတယ်။

”ငါ့သမီးသေဆုံးသွားတာကို ပြန် ရှင်အောင် လုပ်ပေးလို့ရမလားဆိုပြီး ပြော ချင်တယ်”


#mawkun #magazine #cover-story #AA #rakhine #67


 

အမျိုးအစား - မျက်နှာဖုံးဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."