၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ရန်ကုန် (မေ – ဇူလိုင် ၂ဝ၁၈)
သန်းစိုးနိုင်ရေးသည်
၂ဝ၁၈ မေ ၁၈ ရက်မှာ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် ချုပ် တည်းမှုကို ပြသရန်အတွက် ချက်ချင်း အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ တောင်းဆိုလိုက်ပါတယ်။ အဆိုပါဒေသအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ကြောင့် တရုတ်နိုင်ငံသား သုံးဦး သေဆုံးပြီး ဒုံးကျည်သုံးစင်းနဲ့ လမ်းလွဲလာ တဲ့ ကျည်တချို့ တရုတ်နိုင်ငံပိုင်နက်ထဲကို ကျရောက်ခဲ့တယ်လို့လည်း ဆိုပါ တယ်။ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကိစ္စကို အနီးကပ်အာရုံစိုက် စောင့်ကြည့်နေပြီး တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ကင်းလှည့်ခြင်း၊ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခြင်းတွေ ပြုလုပ်နေတယ်။ တရုတ်တပ်မတော်ဟာ နယ်စပ်ထိန်းချုပ်မှု အားကောင်းရေး၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နယ်စပ်တည်ငြိမ်မှု၊ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဘေးကင်း လုံခြုံမှုတွေကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ လိုအပ်သမျှ နည်း လမ်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တကယ်တော့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ် ပြန်ကြေညာချက်ဆိုတာ ရာဇသံပေးလိုက်တာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံ အစိုးရနဲ့ တပ်မတော်ကို ရာဇသံပေးလိုက်တာ မဟုတ်ပါဘူး။ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေအပေါ် စစ်ပွဲတွေ ချက်ချင်းရပ်စဲလိုက်ဖို့ ရာဇသံ ထုတ်ပြန် လိုက်တာပါ။ တစ်နည်းပြောရရင် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ချက်ချင်း တစ်ဖက်သတ် စစ်ရပ်စဲဖို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက အမိန့်ပေးလိုက်တာပါပဲ။ ဒီလို တရုတ်နိုင်ငံကြီးရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက လိုအပ်တဲ့ နည်းလမ်းမှန်သမျှနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ရာဇသံ ပေးလိုက်ပြန်တော့လည်း မြောက်ပိုင်းက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေကို မလွှဲမရှောင်သာစွာ ရပ်စဲ ပေးလိုက်ကြရမှာပါပဲ။ ဒါပေမဲ့ စစ်ပွဲတွေအားလုံးတော့ ရပ်ဆိုင်း သွားစရာ အကြောင်းမမြင်သေးပါဘူး။
စစ်ပွဲဆိုတာ တစ်ဖက်သတ် ရပ်ဆိုင်းလို့ မရပါဘူး။ နှစ်ဦး နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုရှိမှ ရပ်ဆိုင်းလို့ ရတာမျိုးပါ။ ၂ဝ၁၆ မှာ တအာန်းပလောင် (TNLA) အဖွဲ့က တပ်မတော်အနေ နဲ့ သူတို့ဒေသအတွင်း ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ရင်သာ ခုခံ တိုက်ခိုက်မယ်၊ သူတို့ဘက်က စစ်ဆင်တိုက်ခိုက်မှုမျိုးတော့ မလုပ်တော့ဘူးဆိုပြီး တစ်ဖက်သတ် စစ်ရပ်စဲမှု လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က စစ်ဆင်ရေးတွေ မရပ်ဆိုင်းပေးတဲ့ အပြင် အရင်ထက်ပိုပြီး စစ်ကြောင်းတွေ လက်ယှက်ထိုး ဝင် ရောက်စစ်ဆင်လာတဲ့အခါ မလွှဲမရှောင်သာစွာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မူဆယ်ခရိုင် ပူးပေါင်းစစ်ဆင်ရေးဆိုတာ ပေါ်ပေါက်ခဲ့ရတာပါပဲ။ မကြာခင် ရက်ပိုင်းအတွင်းက မူဆယ်လုံခြုံ ရေးနဲ့ ပန်ဆေးပြည်သူ့စစ်အဖွဲ့တွေကို မြောက်ပိုင်းအဖွဲ့က ဝင် ရောက်တိုက်ခိုက်မှုဟာလည်း အရင်းခံအားဖြင့် ရှမ်း(မြောက်)နဲ့ ကချင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်တွေကို တုံ့ပြန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေသာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ စစ်ရေးထိုးစစ်တွေကို ရပ်ဆိုင်းဖို့ မတောင်းဆိုဘဲ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသာ စစ်ပွဲတွေ ချက်ချင်း ရပ်ပစ်ဖို့ တောင်းဆိုရုံနဲ့တော့ စစ်ပွဲတွေ ရပ်တန့်သွားစရာ အကြောင်းမရှိပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ခုခံကာကွယ်ရေး စစ်ပွဲတွေကတော့ ဆက်ရှိနေဦးမယ်လို့ ယူဆရပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အင်စတီကျု (Myanmar Institute for Peace and Security) အဖွဲ့ရဲ့ လေ့လာ သုတေသနပြုမှုအရ ၂ဝ၁၈ ဇန်နဝါရီမှာ တပ်မတော်နဲ့ KIA တို့ အကြား လက်နက်ကိုင်တိုက်ပွဲပေါင်း ၂၃ ကြိမ်၊ ဖေဖော်ဝါရီမှာ ၈ ကြိမ်၊ မတ်မှာ ၉ ကြိမ်၊ ဧပြီမှာ ၃၈ ကြိမ် အထိ တဖြည်းဖြည်း တိုး ပွား မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ အမှန်တကယ် စစ်မြေပြင်မှာ လက်တွေ့ထိတွေ့ မှုဟာ ဒီအရေအတွက်ထက် ပိုများတယ်လို့ လည်း လေ့လာသူတချို့က ဆိုကြပါတယ်။ ဒီအစီရင်ခံစာထဲမှာပဲ တပ်မတော်နဲ့ KIA အကြား ပဋိပက္ခတိုက်ပွဲတွေထဲမှာ အကြီးစား ထိတွေ့ မှုတွေ ပါဝင်ပြီး အမြောက်လက်နက်ကြီးပစ်ကူ၊ လေ ကြောင်းတိုက်ခိုက်မှု၊ ရဟတ်ယာဉ်ပစ်ကူ အများစုကို တပ်မတော် က ရယူပြီး ထောင်ချီတဲ့ တပ်မတွေ၊ ရာချီတဲ့ စစ်ကြောင်းတွေနဲ့ KIA ရှေ့တန်းစခန်းတွေကို သိမ်းပိုက်ဖို့ အပြင်းအထန် ကြိုးပမ်း မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအင်စတီကျုရဲ့ မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့်ရေးအချက်အလက် (Township-Based Conflict Monitering System Database) မှတ်တမ်းတွေ အရ မြို့နယ် ၂၁ မြို့နယ်မှာ ဧပြီအတွင်းက လက်နက်ကိုင်တိုက်ပွဲ ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းအသုံးပြု တိုက်ခိုက်မှုအကြိမ် ၂ဝ ရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဒီလထဲမှာ လက်နက်ကိုင်တိုက်ပွဲ အများဆုံး ဖြစ်ပွားတဲ့ မြို့နယ်တွေက ကချင်ပြည်နယ် တနိုင်းမြို့နယ်က အများဆုံးဖြစ်ပြီး ဖားကန့်၊ ဝိုင်းမော် မြို့နယ်တွေမှာတော့ အနည်း ဆုံး ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲ တွေကြောင့် ဧပြီအတွင်း ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည် သူ ၆,၈ဝဝ ကျော် နေအိမ်က စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ မြန်မာ လူသားချင်း စာနာညှိနှိုင်းရေး (OCHA-Myanmar) ရုံးက ခန့် မှန်းခဲ့ပါတယ်။ အထူးသဖြင့် တနိုင်း၊ ဖားကန့်၊ မိုးကောင်း၊ မိုး မောက်၊ အင်ဂျန်းယန်၊ ချီဗွေနဲ့ လိုင်ဇာဒေသတွေပဲ ဖြစ်ပါတယ်။ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ တနိုင်း၊ ဖားကန့်၊ အင်ဂျန်းယန်က ပြည်သူတွေ ထောင်ချီပြီး ရှိနေပါသေးတယ်။
ဒီလို ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ အရှိန် အဟုန်နဲ့ မြင့်တက်လာမှုအပေါ် တရုတ်ပြည် အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုဖြင့် ၂ဝ၁၈ ဖေဖော်ဝါရီ ၁ ရက်က ယူနန်ပြည်နယ်၊ တာလီမြို့မှာ တပ် မတော်က ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လတို့ တွေ့ဆုံခဲ့ကြပါတယ်။ KIA ဘက်က ဒေသတည် ငြိမ်ရေး၊ တိုက်ပွဲတွေ လျှော့ချရေး၊ ပင်လုံ ကတိကဝတ်တွေနဲ့အညီ ဖက်ဒရယ်တည်ဆောက်ရေးတွေ ဆွေး နွေးခဲ့ပြီး တပ်မတော်ဘက်က KIA တပ်မဟာများကို အသိ အမှတ်မပြုနိုင်ဘဲ KIA တပ်ရင်း ၁၄ ဌာနချုပ်နေရာကို ဖယ်ရှား ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှု တစ်စုံတစ်ရာမရယူနိုင်ခဲ့သလို NCA နဲ့ ပတ်သက်လို့လည်း တစ်စုံတစ်ရာ ဆွေးနွေး ညှိနှိုင်းမှု မပြုခဲ့ပါဘူး။
၂ဝ၁၈ မေလ ၁၁ ရက်က ကျင်းပပြုလုပ်တဲ့ မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ‘အပစ်အခတ်ရပ်ရေး၊ စစ်ပွဲရပ်ရေး ဆိုတာတော့ KIA က NCA လမ်းကြောင်းပေါ်ကို တက်လာမှပဲ ရမယ်။ NCA လမ်းကြောင်း ပေါ် တက်မလာဘူးဆိုရင် နိုင်ငံတော်အစိုးရကို လက်နက်ကိုင် ပုန် ကန်တော်လှန်နေသူအဖြစ် သတ်မှတ်ပြီး အပြတ်ရှင်းရမှာပဲ’လို့ တပ်မတော်ရဲ့ သဘောထားကို ပြတ်သားစွာ ရှင်းပြသွားပါတယ်။ ဒါ တပ်မတော်က KIA အပေါ် ပြင်းထန်စွာ ရာဇသံပေးလိုက်တာ ပဲလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်အကဲဖြတ်ခဲ့ကြပါတယ်။
၂ဝ၁၈ မေ ၁၈ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်ရဲ့ ဖိတ်ကြား ချက်အရ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့၊ ကိုယ်စားလှယ် ခေါင်းဆောင်တွေ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ ဒီ လိုတွေ့ဆုံ ဆွေး နွေးကြရာမှာ မစ္စတာ ဆွန်ကော်ရှန်က FPNCC အဖွဲ့ ဝင်တွေ အနေနဲ့ တရုတ်-မြန်မာနယ်စပ် တည်ငြိမ် အေးချမ်းရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့၊ လက်ရှိ ဖြစ် ပျက်နေတဲ့ ဒေသတည်ငြိမ် ရေး၊ နိုင်ငံရေး ပြဿနာတွေ ကို လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေး တဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးကြဖို့ တိုက် တွန်းသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကျော့ အစည်းအဝေးတက်ရောက်ရေးအတွက် FPNCC အဖွဲ့ကို ဖိတ်ကြားလာပါက တက်ရောက်ကြဖို့လည်း အာရှရေးရာ အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါတယ်။ FPNCC အဖွဲ့ကလည်း လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စစ်ရေး ပြဿနာတွေ၊ နယ်စပ်ဒေသတည်ငြိမ်ရေး ကိစ္စတွေကို တွေ့ဆုံ ဆွေးနွေးအဖြေရှာဖို့ အဆင်သင့်ရှိကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ FPNCC တို့ တွေ့ဆုံဆွေးနွေးပြီး နောက် တစ်ရက်မှာပဲ တရုတ်ပြည်ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာ နိုင်ငံမြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များကို အပစ်အခတ်ရပ်စဲ ရေး ချက်ချင်းကြေညာဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာလည်း မြောက်ပိုင်းက စစ်ပွဲတွေ ချက်ချင်းရပ်စဲပစ်ဖို့ ကချင်ပြည်နယ် ဒေသခံတွေက အစ တစ် နိုင်ငံလုံးမှာ ရှိတဲ့ လူထုလူတန်းစားအသီးသီးက မြို့ကြီးပြကြီး မှန်သမျှမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဒီလို စစ်ရပ်စဲရေး တောင်းဆိုဆန္ဒပြမှုတွေကြောင့် ငြိမ်းစုစီ ဥပဒေနဲ့ အရေးယူခံရတဲ့ တက်ကြွသူတွေလည်း မနည်းလှပါဘူး။ ရန်ကုန်မြို့ တာမွေ စစ် ရပ်စဲရေး လူထုလှုပ်ရှားမှုဆိုရင် လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ ဖြိုခွဲ မှုတွေကြောင့် အဓိကရုဏ်းဆန်ဆန် ဖြစ်တဲ့ အနေအထားအထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရပါတယ်။ မြောက်ပိုင်းမှာ စစ်ရပ်စဲရေး ဆိုတာ တစ်ပြည်လုံးရဲ့ ပြင်းပြတဲ့ အာသာဆန္ဒပါ။ ဒါပေမဲ့ မြန်မာ ပြည် ပြည်သူတစ်ရပ်လုံးရဲ့ စစ်ရပ်စဲရေး တောင်းဆိုမှုက တရုတ်ပြည်ရဲ့ တောင်းဆိုမှုနဲ့ မတူပါဘူး။ တရုတ်ပြည်က မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုသာ တစ်ဖက်သတ် ချက်ချင်းစစ်ရပ်စဲဖို့ တောင်းဆိုတာဖြစ်ပြီး တပ်မတော်ရဲ့ ထိုးစစ်တွေကို ရပ်ဆိုင်းဖို့ မတောင်းဆိုပါဘူး။ မြန်မာပြည် ပြည်သူ တွေကတော့ တပ်မတော်ရဲ့ စစ်ဆင်ရေး တွေလည်းရပ်ဆိုင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ခုခံ ရေး စစ်ပွဲတွေလည်း ရပ်ဆိုင်းဖို့၊ စစ်ပွဲမှန် သမျှ အားလုံး တရားမျှတစွာ နှစ်ဖက်စလုံး ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလိုတရုတ်ပြည်က မြောက်ပိုင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေကို တစ်ဖက်သတ် ချက်ချင်း အပစ်အခတ် ရပ်စဲခိုင်းလိုက်တာ အတော်တော့ အံ့သြဝမ်းနည်းစရာ ကောင်း လွန်းပါတယ်။ ၂ဝ၁၃ ကိုးကန့်အရေး အခင်းကာလက နယ်စပ်မှာ ကိုးကန့်တပ်ဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ကြတုန်းက တရုတ် ပြည်ထဲကို ဒုံးကျည်တချို့ ကျရောက်ပြီး တရုတ်ပြည်သူ အချို့ သေကျေထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ အဲဒီအချိန်က နှစ်ဦး နှစ်ဖက်စလုံး တပ်မတော်ရော ကိုးကန့်အဖွဲ့ကိုပါ စစ်ပွဲတွေ ရပ် ဆိုင်းကြဖို့ တောင်းဆိုပြီး နှစ်ဖက်နှစ်နိုင်ငံ အပြန်အလှန် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ တရုတ်နယ်မြေထဲ ကျရောက် တဲ့ ဒုံးကျည်ဟာ မြန်မာ့တပ်မတော်ဘက်က ဖြစ်နေလို့ မြန်မာ့ တပ်မတော်အနေနဲ့ တရုတ်ပြည်ကို တောင်းပန်ခဲ့ရတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။
ဒီတစ်ကြိမ် မြောက်ပိုင်းနယ်စပ် စစ်ပွဲမှာလည်း တရုတ် နိုင်ငံထဲကို ဒုံးကျည်သုံးစင်း ကျရောက်ပြီး တရုတ် နိုင်ငံသား သုံး ဦး သေဆုံးရတယ်လို့ ဆိုပါတယ်။ နယ်စပ် စစ်ပွဲမှာ ဒုံးကျည်တွေ၊ လေကြောင်းပစ်ကူတိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ သုံးစွဲတိုက် ခိုက်နိုင်တယ်ဆိုတာ ယေဘုယျအားဖြင့် တပ်မတော်မှာပဲ ရှိပါ တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သုံးစွဲနိုင်ခြေ နည်းပါ တယ်။ ဒီလိုမျိုး အနေအထားအောက်မှာ တရုတ်ပြည်က တိုင်း ရင်းသား လက်နက်ကိုင်တွေဘက် တစ်ဖက်တည်းက ချက်ချင်း စစ်ရပ်စဲခိုင်းတယ်ဆိုတာ အလွန် တစ်ဖက်သတ်ကျပြီး မမျှတတဲ့ တောင်းဆိုချက်ပါ။ ဒီလို တစ်ဖက်စောင်းနင်းနိုင်တဲ့ တောင်းဆိုမှု မျိုးမလုပ်ဘဲ တပ်မတော်ရော မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့တွေ ပါ တန်းတူညီမျှစွာ ‘ချက်ချင်း စစ်ပွဲမှန်သမျှ ရပ်’လို့သာ တရုတ် ပြည်က ပြောင်းလဲ တောင်းဆိုလိုက်မယ်ဆိုရင် လူမျိုးပေါင်းစုံ မြန်မာပြည်သူတစ်ရပ်လုံးက တရုတ်ပြည်ကို သောင်းသောင်း ဖြဖြ ထောက်ခံကြမှာ အသေအချာပါပဲ။
ပြည်သူတွေကို ထောက်ထားငဲ့ညှာလိုစိတ် ရှိရင် ‘စစ်ပွဲ အားလုံး ရပ်ကြပါ’။
#MawKunMagazine
#Than Soe Naing
ဆက်သွယ်မှာယူနိုင်စေရန်…….
OFFICE : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine
mawkun.chronicle@gmail.com