နိူင်ငံရေး အမြတ်မထုတ်သင့်သည့် ဝှိုက်ကတ်

နိူင်ငံရေး အမြတ်မထုတ်သင့်သည့် ဝှိုက်ကတ်

Photo : U Chit Mya

၂၀၁၅၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်ၤ(၂၁)မှ သတင်းသုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က နိုင်ငံသားယာယီသက် သေခံလက်မှတ်(ဝှိုက်ကတ်)ဖြင့် မဲပေးခွင့်ရှိသည်ဟုသော သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အတည်ပြု ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း ပြန်လည်ပေးပို့ခဲ့ သည်ကို ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီလ ၂ရက်က သဘောတူအတည်ပြုလိုက်ကြသည်။

          ယင်းသို့အတည်ပြုပြီး နှစ်ရက်အကြာတွင်တော့ သံဃာအချို့နှင့် လူအင်အားတစ်ရာခန့် ရန်ကုန်မြို့တွင် ဝှိုက်ကတ်ကိုင် ဆောင်သူများ မဲပေးခွင့်ပြုခြင်းကို ဆန္ဒထုတ်ဖော်ရန် စည်းဝေးတိုင်ပင်ခဲ့ကြသည်။ သို့သော် သာသနာရေးဝန်ကြီးအပါအဝင် အစိုးရဘက်မှ ပုဂ္ဂိုလ်များက လာရောက်ညှိနှိုင်းသဖြင့် ဆန္ဒထုတ်ဖော်မှုကို ရွှေ့ဆိုင်းခဲ့ကြသည်။

          ဖေဖော်ဝါရီလ ၁၁ရက်တွင်တော့ သံဃာများအပါအဝင် လူငါးရာခန့်က ယင်းကိုကန့်ကွက်ကြောင်း ရန်ကုန်မြို့တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

          ယင်းနေ့၌ပင် နိုင်ငံတော်သမ္မတရုံးက ဝှိုက်ကတ်သည် နောက်တစ်လကျော်ကျော်ဖြစ်သည့် မတ်လ ၃၁ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ကောက်ကာငင်ကာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သမ္မတဦးသိန်းစိန်ကိုယ်တိုင်က ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသည်ဟု ပြောဆိုခဲ့ပြီး ရက် ပိုင်းအတွင်း၌ ၎င်းကပင်ဝှိုက်ကတ်များ သက်တမ်းကုန်ဆုံး၍ ပြန်အပ်ရမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။

          ယင်းသို့ထုတ်ပြန်ကြေညာလိုက်ခြင်းကို လူတချို့၊ အထူးသဖြင့်ဝှိုက်ကတ်ဆန့်ကျင်သူများက ကျေနပ်သွားကြပြီး သမ္မတ ဦးသိန်းစိန်ကို ချီးမွမ်းခန်းဖွင့်ကြသည်။ လူမှုကွန်ရက်များတွင် လည်း သမ္မတကို လိုတာထက်ပိုကာ ချီးမွမ်းခဲ့ကြသည်။

          ဤနေရာတွင် သတိပြုစရာတစ်ခုက ယင်းဖြစ်စဉ်နှင့် အပြိုင် တစ်ဖက်တွင်လည်း အမျိုးသားပညာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများက သပိတ်မှောက်ချီတက်လမ်း လျှောက်လျက်ရှိသည်။ ယင်းသို့ဖြစ်နေသည့်အတွက် ဝှိုက်ကတ် အရေးကို ထုတ်ကာ တစ်ဖက်တွင် လက်ခုပ်သံယူခြင်းလော။ တချို့ကဆိုလျှင် ကျောင်းသားသပိတ်ကို နှိမ်နှင်းပြီး တစ်ဖက်က ဝှိုက်ကတ်အရေးနှင့် ချိန်ခွင်လျှာညှိလေမလားဟုပင် မှန်းဆကြသည်။

          သမ္မတရုံးက ယင်းသို့ထုတ်ပြန်လိုက်ခြင်းကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် မဲပေး ခွင့်ရခဲ့သည့် ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်မရတော့ဟု ယူဆသွားခြင်းကြောင့်လည်း ယခုလို ချီးမွမ်းခန်းဖွင့်နေခြင်းလည်း ဖြစ်နိုင်သည်။ တကယ်တော့ သက်တမ်းကုန်ဆုံးသည်ဟု ပြောဆိုခြင်းသာဖြစ်ပြီး မဲပေးပိုင်ခွင့်မရှိဟု ကြေညာခဲ့ခြင်း မဟုတ်ပေ။

          နိုင်ငံတကာသတင်းဌာနကြီးများဖြစ်သည့် ရိုက်တာ၊ စီအင်န်အင်န်၊ အေဘီစီနယူးစ်စသည်တို့တွင်လည်း မြန်မာအစိုးရသည် ဘင်္ဂါလီ(နိုင်ငံတကာအခေါ် ရိုဟင်ဂျာ) များ မဲပေးခွင့်ကို တားမြစ်လိုက်သည်ဟု ရေးသားကြသည်။

          အနောက်နိုင်ငံများက နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားသည့် ဘင်္ဂါလီတို့ကို သံဃာတော်အချို့နှင့် လူအချို့က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေ ကြမ်းကို မဲပေးခွင့်ပင် မပြုရန် တောင်းဆိုကြခြင်းများလည်း ရှိကြသည်။

          လက်ရှိအာဏာရအစိုးရသည် ယင်းကိစ္စအတွက် မျှတသော အဖြေကို ရှာပေးနိုင်ပါက ယင်းသို့ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ရန် မလိုအပ်တော့သလို မြန်မာနိုင်ငံ၏ ပုံရိပ်သည်လည်း နိုင်ငံတကာတွင် ထိခိုက်စရာရှိမည် မဟုတ်တော့ပေ။

          ဝှိုက်ကတ်အရေးသည် လူအဖွဲ့အစည်းနှစ်ဖက်စလုံး အတွက် မကျက်ဘဲဖြစ်နေသည့် အနာဆွေးကြီးပင်ဖြစ်သည်။ ယင်းသို့မြုံလျက်ရှိသည့် အနာဆွေးကြီးကို ဦးသိန်းစိန်အစိုးရ အနေဖြင့် ခွဲထုတ်ရန်မကြိုးစားဘဲ ဆေးမြီးတိုဖြင့်ကုရန်သာ စီစဉ် နေဟန်တူသည်။

          ဝှိုက်ကတ်ကိစ္စကို ကန့်ကွက်နေသူတို့သည် မြန်မာပြည် အနောက်ဘက်ကိုသာ အာရုံကျနေပြီး မြန်မာပြည် အရှေ့ဘက် ကိုတော့ သတိမပြုမိဟန်တူသည်။ တကယ်တော့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံကြားတွင်နေရသော မြန်မာနိုင်ငံ အတွက် ဝှိုက်ကတ်ကိစ္စသည် ပေါ့တန်တန်ထားသင့်သည့် ကိစ္စ တော့မဟုတ်။ ယခုလိုနယ်စပ်ပြဿနာများ ဖြစ်နေခြင်းကပင် သတိအကြိမ်ကြိမ်ပေးသလိုမျိုးဖြစ်နေသည်။

          နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဝှိုက်ကတ်လေ့ လာသုံးသပ်အကြံပြုရေးကော်မရှင်ကို ဖွဲ့စည်းပေးသွားမည ်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယခုအချိန်တွင် အဓိက လုပ်ဆောင်သင့်သည်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရှိသူများကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန်နှင့် အခြား သူများကိုလည်း ဥပဒေအရ တိတိကျကျလုပ်ဆောင်သွားရန်သာ ဖြစ်သည်။

          ထို့ကြောင့်သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့်နိုင်ငံသားယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်)အရေးကို နိုင်ငံရေးအရ အသုံးချခြင်းမျိုး မပြုလုပ်မိစေရန်နှင့် အလေးအနက်ထား ကိုင်တွယ်ဆောင်ရွက်သွားရန် မော်ကွန်းမဂ္ဂဇင်းက တိုက်တွန်း လိုက်ရပါသည်။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."