ကာတွန်း -သီဟစခန်းသစ်(၂၀၁၇)
ဆရာကျွဲ၏ အတိုင်ပင်ခံလုပ်ငန်းရုံးသို့ ယနေ့ ရောက်လာသူမှာ ထောက်လှမ်း ရေးအရာရှိတစ်ဦး ဖြစ်သည်။
ထောက်လှမ်းရေးဟူသောကြောင့် ဆရာကျွဲလည်း အနည်းငယ် သွေးတိုး၊ မူးမော်သလို ဖြစ်သွား၏။ သူကောင်းသားတို့က ဒုက္ခသီရိတွင် လွန်စွာ တန်ခိုးထက်ပြီး နှစ်ပေါင်းများစွာ ထင်ရာစိုင်းခဲ့ကြခြင်းကြောင့် ပြည်သူ့ အကြောက်တော်ဘွဲ့ ရရှိထားသူများတည်း။ ဆရာကျွဲလည်း ပြည်သူ ထဲက ပြည်သူတစ်ဦးမို့ ထောက်လှမ်းရေးဆိုလျှင် ရွံကြောက် ဖြစ်ခဲ့ဖူး လေရာ ကိုယ့်ရှေ့ ထောက်လှမ်းရေး ရောက်လာသည် ဟူသောကြောင့် စက္ကန့် အနည်းငယ်ခန့် ကတုန်ကယင်ဖြစ်သွားမိသည်။ ထို့နောက် ဆရာကျွဲ သတိပြန်ကပ်၊ အားတင်းကာ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
”တွေ့ရတာ ဝမ်းသာသဗျာ။ ရောက်လာရတဲ့ အကြောင်း ရင်းလေး ပြောပါဦး”
”ဆရာကျွဲရေ၊ အကြောင်းရင်းက ဒီလိုဗျ။ ကျွန်တော်တို့ ဒုက္ခသီရိနေပြည်တော်ကြီးဟာ လာမယ့် နှစ် ၂ဝ ဆိုရင် စင်ကာပူ ကို ကျော်တက်သွားမယ်လို့ ပြောနေကြသံတွေ ဆရာကျွဲလည်း ကြားမှာပေါ့”
ဆရာကျွဲ ကြားဖူးပါသည်။ နှစ် ၂ဝ ကြာလျှင် စင်ကာပူကို ကျော်တက်မည်ဟု အစပြု မိန့်ကြားသူမှာ ပေါ်ပြူလာပါတီခေါင်း ဆောင်ဖြစ်၏။ မကြာသေးခင်လများအတွင်း ပါတီခေါင်းဆောင် စင်ကာပူသို့ ရောက်ရှိစဉ် ထိုသို့ ပြောလိုက်ခြင်းတည်း။
ထိုသို့ မိန့်ကြားလိုက်ခြင်းကြောင့် ဝေဖန်သံ၊ ထောက်ခံသံ၊ ကန့်ကွက်သံတို့ ရက်အနည်းငယ် ဆူညံသွားပြီး၊ ငြိမ်ကျသွားပြီး ဖြစ်၏။ ငြိမ်ကျပြီးသား ဤ ‘နှစ် ၂ဝ’ အယူအဆကို ယနေ့ ပြန် ကြားရပြန်ပြီ။
”ကြားဖူးပါတယ်ဗျာ။ သူ အဲဒီလို ပြောတဲ့အကြောင်း သတင်းစာတွေမှာ ရေးလို့ ဖတ်ဖူးတဲ့ သဘောပါပဲ။ ဒီအယူအဆနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ကရော ဘယ်လို ထင်သလဲ။ မဖြစ်နိုင်ဘူး လို့ ထင်သလား”
”ဟိုးထား ဆရာကျွဲရေ။ ကျွန်တော် ဒီနေ့လာတာက ဒီ အယူအဆအကြောင်း မေးခွန်းထုတ်ဖို့ပါ။ ဆရာကျွဲရဲ့ အကြံဉာဏ် တွေ ရချင်လို့ပါ”
ကြွယ်ဝချမ်းသာ၊ တိုးတက်ဖွံ့ဖြိုး၊ စည်ပင်သာယာသော စင်ကာပူကို ကျော်တက်ရန် နှစ် ၂ဝ သာ လိုအပ်မည်ဟူသော အယူအဆနှင့် ပတ်သက်ပြီး အစီရင်ခံစာတင်ရန် ဒုက္ခသီရိ ထောက်လှမ်းရေးဘက်ဆိုင်ရာ ခေါင်းဆောင်ကြီးများက ဖိအား ပေးနေခြင်းကြောင့် ဆရာကျွဲထံသို့ ရောက်လာခြင်းဖြစ်ကြောင်း ထိုအရာရှိက ဆို၏။ ဤအယူအဆကို အဘယ်ကြောင့် ထုတ်ဖော် ခဲ့ကြောင်း ထောက်လှမ်းရေးမှူးချုပ်က သိချင်လှသည် ဟူ၏။
ဖွံ့ဖြိုးမှု နည်းပါး၊ ဆင်းရဲတွင်းနက်ရှိုင်းသည့် ဒုက္ခသီရိက စင်ကာပူကို ကျော်တက်ရန် နှစ် ၂ဝ အချိန်ယူပြီး မည်သို့ မည်ပုံ လုပ်ဆောင်ရမည်နည်း၊ မည်သည့်နည်းလမ်းများ ရှိသနည်း ဟူ သည်ကို ထောက်လှမ်းရေးခေါင်းဆောင်တို့ထံ အစီရင်ခံရတော့ မည်ဟု အရာရှိက ငိုသံ အနည်းငယ်စွက်ပြီး ပြောပြသည်။ အစီ ရင်ခံစာကောင်းကောင်း ရေးမတင်နိုင်ပါက ရာထူးချခံရသည် အထိ အပြစ်ပေးခံရဖွယ် ရှိသည် ဆို၏။
သြော်…ထောက်လှမ်းရေးအရာရှိ ဖြစ်ရတာ မလွယ် ပါလား။
သူတို့က သတင်းအချက်အလက်ရရှိရေးအတွက် လူ အများအပြားကို ဖမ်းဆီးစစ်ကြောသည့် နည်းလမ်းကို အများဆုံး သုံးခဲ့ကြသူများတည်း။ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းသည့်နည်းနာလည်း မကြာခဏ အသုံးပြုကြ၏။ ယခု နှစ် ၂ဝ အယူ အဆ စတင် လှုံ့ဆော်သူကို ဖမ်းဆီးစစ်ဆေး မေးမြန်းဖို့တော့ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ပေါ်ပြူလာပါတီခေါင်း ဆောင်က နိုင်ငံတော်၏ ဥသျှောင်ရာထူး ဖန်တီးရယူထားခြင်း ကြောင့် နိုင်ငံ့ခေါင်းဆောင် ဖြစ်နေပြီမဟုတ်လော။
နောက်ဆုံးတော့ ထောက်လှမ်းရေးအရာရှိက အကြံ ကောင်း ဉာဏ်ကောင်းများ ပေးတတ်သည့် ရန်လိုကျွဲထံ ရောက် လာပြီး အပူကပ်ချေပြီ။ ရန်လိုကျွဲကလည်း ထောက်လှမ်းရေး အရာရှိကြီးကို အကြံပေးရန် သဘောတူလိုက်၏။
နိုင်ငံတော်၏ဥသျှောင် ပြောကြားချက်မှာ ဒုက္ခသီရိဟာ စင်ကာပူကို နှစ် ၂ဝ အကြာမှာ ကျော်တက်မယ်၊ ဒီလိုဖြစ်အောင် လည်း ရှင်တို့ ကူညီရမယ်ဆိုပြီး ပြောရတော့မယ်လို့ ကျွန်မ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသထဲက အစိတ်အပိုင်း တစ်ခု အောင်မြင်တယ်ဆိုတာ ဒေသတစ်ခုလုံးရဲ့ အောင်မြင်မှုပဲ ပေါ့။ စင်ကာပူနဲ့ စီးပွားရေးလုပ်ရတာ ခက်ခဲတယ်လို့ ကျွန်မတို့ ဘယ်တုန်းကမှ ယူဆမထားခဲ့ပါဘူး ဟူ၍ ဖြစ်သည်။ ဤစကားက ရှင်းလင်းလှကြောင်း၊ နှစ် ၂ဝ စီမံကိန်း အကောင်အထည်ဖော် မည်ဟု ကတိပေးခြင်း၊ ကြေညာခြင်း မဟုတ်ကြောင်း ထောက် လှမ်းရေးအရာရှိကို ရှင်းပြရန် မသင့်ပေ။သူတောင်းသည့်အကြံ ပေးလိုက်ခြင်းက ပိုကောင်းမည်။ အကြံအတွက် ဉာဏ်ပူဇော်ခ လည်း ရမည် မဟုတ်လား။
အောက်ပါအချက်တို့မှာ ထောက်လှမ်းရေးအရာရှိကို မိမိ ပေးအပ်လိုက်သည့် အကြံများ ဖြစ်ချေတော့သည်။
တူးမြောင်းကို အားပေး
နိုင်ငံအမည်ခံထားသော်လည်း မြို့တော်ကြီးတစ်ခု အရွယ် အစားသာ ရှိသော စင်ကာပူသည် ပွဲစားနိုင်ငံလေးသာ ဖြစ်သည်။ ကုန်သင်္ဘောကြီးများ ပင်လယ်ကူးရာတွင် စင်ကာပူ ရေလက် ကြားကို သုံးကြရသဖြင့် စီးပွားဖြစ်နေခြင်းပင်။ ထိုင်းနိုင်ငံအောက် ပိုင်းဒေသတွင် စူးအက်တူးမြောင်းကဲ့သို့သော တူးမြောင်းကြီး ဖောက်လုပ်နိုင်သည့် အလားအလာ ရှိနေသည်။ ထိုတူးမြောင်း ဖြစ်ပေါ်လာပါက ကမ္ဘာလှည့် ပင်လယ်ကူးသင်္ဘောများ စင်ကာပူ ရေလက်ကြားသို့ သွားတော့မည်မဟုတ်။ ထိုအခါ စင်ကာပူစီးပွား ကျမည်။ စင်ကာပူအဆင်းရဲကြီး ဆင်းရဲသွားပါက ဒုက္ခသီရိနှင့် သူမသာ ကိုယ်မသာ ဖြစ်မည်။ ကိုယ်က ဝါယမ အနည်းငယ် စိုက် လိုက်ရုံနှင့် သူ့ကို ကျော်တက်မည်သာ။
စင်ကာပူကို ချီတက်
ဒုက္ခသီရိရှိ သူပုန်အဖွဲ့ပေါင်းစုံကို စစ်မျက်နှာဖွင့်တိုက်နေ ခြင်းကို ရပ်လိုက်ပါ။ မိမိ၏ စစ်အင်အားကို သေချာစွာပြင်ဆင် စုဆောင်းပါ။ ထို့နောက် စင်ကာပူနှင့် ပြဿနာ မဖြစ်မနေ တက် စေရန် နောက်ကွယ်မှ လက်မည်းကြီးကို တာဝန်ပေးပါ။ ပြဿနာ တက်လာသည်နှင့် စင်ကာပူကို ကျူးကျော် သိမ်းပိုက်ပါလေ။ သိမ်းပြီးလျှင် စင်ကာပူသည် ဒုက္ခသီရိ၏ ၁၅ ခုမြောက် ပြည်နယ် ဖြစ်သွားလေပြီ။ ဤအကြံအစည် အထမြောက်ပါက နှစ် ၂ဝ ပင် စောင့်ရန် မလိုပေ။ ပြည်နယ်တစ်ခု၏ အောင်မြင်မှုသည် ဒုက္ခသီရိ တစ်နိုင်ငံလုံး၏ အောင်မြင်မှု မဟုတ်လော။
ပညာတတ် ပြည်တော်ပြန်
ဒုက္ခသီရိမှ ကျွမ်းကျင်လုပ်သားများ၊ ဘွဲ့ရများ၊ ပညာရှင် များသည် စင်ကာပူတွင် အလုံးအရင်းနှင့် ရှိနေသည်။ စင်ကာပူ ဖွံ့ထွားရေးအတွက် ဝိုင်းဝန်းနေကြကုန်၏။ ထိုသူတို့အားလုံး ဝုန်း ခနဲ ပြည်တော်ပြန်ရန် စီစဉ်သင့်သည်။ ထိုအစီအစဉ်တွင် စင်ကာ ပူ မှ တခြားသော ပညာရှင်၊ ပညာတတ်၊ ကျွမ်းကျင်လုပ်သားတို့ကို ပါ ကိုယ့်ဆီ ဆွဲခေါ်သည့်ကဏ္ဍ မဖြစ်မနေ ပါဝင်ရမည်။ ပညာတတ် သူတို့ နေပျော်စေရန်လည်း ဒုက္ခသီရိ၏ အခင်းအကျင်းအားလုံးကို ပြင်ရမည်။ လူမှန်နေရာမှန် ဖြစ်အောင် စီစဉ်ရမည်။ နိုင်ငံရေး၊ စီးပွားရေး အကြီးအကျယ်လုပ်နေကြသော ပုလိပ်တို့က ပုလိပ် တန်းလျားပြန်ရမည်။
နိုင်ငံတကာမှ ပညာတတ်တို့ စင်ကာပူတွင် ပျော်ရွှင်ကြ ခြင်းမှာ ဌာနဆိုင်ရာ ဝန်ထမ်းတို့ လာဘ်မစားခြင်းကို နှစ်သက် သောကြောင့်ပင်။ ဒုက္ခသီရိတွင်လည်း အကျင့်ပျက်ခြစားမှု လျော့နည်းသွားရေးကို အရှိန်အဟုန် ကြီးမားစွာ လုပ်ဆောင် ရမည်။
အခြေခံဥပဒေ အသစ်ဆွဲ
ဒုက္ခသီရိ အခြေခံဥပဒေသည် ပုလိပ်တပ်ဖွဲ့ စိတ်တိုင်းကျ ရေး ဆွဲထားခြင်း ဖြစ်သောကြောင့် ရွှေရည်စိမ်ဒီမိုကရေစီကိုသာ ဖော်ဆောင်နိုင်သည်။ လူတစ်စု ကောင်းစားရေးဝါဒ ထွန်းကားပြီး အများပြည်သူ ဒုက္ခတွင်းဆုံးကျသည့် အခြေအနေ ဖြစ်ပေါ်စေ သည့် အခြေခံဥပဒေ ဖြစ်နေသည်။ အမြန်ဆုံး အသစ်ဆွဲပြီးပြဋ္ဌာန်း ရမည်။ (ရန်လိုကျွဲပြောသော ဤအကြံပြုချက်ကို ထောက်လှမ်း ရေးအရာရှိက အသံဖမ်းသွားသော်လည်း ပြန်လည်တင်ပြရန် ခပ် လန့်လန့် ဖြစ်နေသည်ဟု ဆိုသည်)
စစ်တပ်ကို မြှောက်ပေး
စင်ကာပူတွင် စစ်တပ်အာဏာသိမ်းမှု မရှိသေးချေ။ ဒုက္ခ သီရိတွင်မူ ထိုသို့ မဟုတ်ချေ။ စစ်တပ်က အာဏာသိမ်းပြီး လူ တတ်ကြီးလုပ်ကာ တိုင်းပြည်ကို နှစ်ပေါင်းရှစ်ဆယ်တိုင် အုပ်ချုပ် သောကြောင့် တိုင်းပြည် အဆင်းရဲကြီး ဆင်းရဲလေသည်။ စင်ကာပူတွင် စစ်အာဏာသိမ်းပြီး စစ်အာဏာရှင်အစိုးရ ပေါ်ပေါက် လာပါက နိုင်ငံ ဆင်းရဲမည်၊ ပညာတတ်တို့ ထွက်ပြေးမည်မှာ သေ ချာသည်။ ဤနည်းမှာ စင်ကာပူကို စီးပွားရေး၊ ပညာရေး၊ နိုင်ငံ ရေးအရ လွယ်ကူစွာ ကျော်တက်နိုင်သည့်နည်း ဖြစ်တော့သည်။ ၁ဝ နှစ် သို့မဟုတ် ၁၅ နှစ်ခန့်သာ အချိန်ယူရန် လိုပေမည်။
မူးယစ်ဆေး ပို့ပါ
ဒုက္ခသီရိတွင် မူးယစ်ဆေးမျိုးစုံကို နေရာအနှံ့တွင် ပေါပေါ များများ ရနိုင်သည်။ ပဲလှော်မရှိသော မြို့သာ တွေ့နိုင်သည်။ မူး ယစ်ဆေးမရှိသော မြို့ ဒုက္ခသီရိတွင် မပေါ်သေးပေ။ ဒုက္ခသီရိ ပြည်တွင်းလက်ကျန်လူငယ်အများအပြားမှာ မူးယစ်ဆေးသံ သရာထဲမှ မထွက်နိုင်ကြသေး။ နိုင်ငံကို တည်ဆောက်မည့်သူထဲမှ အများအပြား ဆေးစွဲနေကြပါက စင်ကာပူကို မည်သို့ ကျော်တက် နိုင်မည်နည်း။ စင်ကာပူတွင်မူ မူးယစ်ဆေး လွယ်လင့်တကူ မရ နိုင်။ ဤအခြေအနေကို ပြောင်းပြန်လုပ်နိုင်ပါက စင်ကာပူကိုကျော်တက်နိုင်မည်။ မြန်မြန်လုပ် မြန်မြန်ကျော်နိုင်မည်။ စင်ကာ ပူဈေးကွက်ကို သုတေသနလုပ်ပြီးသကာလ အရောင်းသွက် နိုင်မည့် မူးယစ်ဆေးအမျိုးအစားကို ကွန်တိန်နာလိုက် တင်ပို့ ပါလေ။
ရန်ကုန်ကို လေ့လာ
စင်ကာပူခေါင်းဆောင် လီကွမ်ယုက နိုင်ငံတည်ဆောက်ရာ တွင် ရန်ကုန်ကို ကြည့်ပြီး တည်ဆောက်ခဲ့သည် ဟူ၏။ နောင် အနှစ် ၂ဝ မှာ ငါတို့ဟာ ရန်ကုန်ကို ကျော်တက်နိုင်မယ်ဟုလည်း ယူဆခဲ့သည် ဟူ၏။ သို့ဆိုလျှင် ရန်ကုန်မြို့တော်ကြီးကို သွား ရောက် လေ့လာသင့်သည်။ ရန်ကုန်၏ လမ်းမများအနေအထား၊ ဘတ်စ်ကားပြေးဆွဲမှုစနစ်၊ ရေပေးဝေမှုစနစ်တို့ကို အတုယူပြီး ဒုက္ခသီရိကို တည်ထောင်သင့်သည်။ ရန်ကုန်နှင့်တူလေ တိုးတက် ဖွံ့ဖြိုးလေ ဖြစ်လိမ့်မည်။
အခန်းသိမ်း
ရေမြင့်လျှင် ကြာတင့်ဟူသော စကားအတိုင်း အခြေခံလူ တန်းစားတို့ အဆင်ပြေပါမှ နိုင်ငံစီးပွား ဖွံ့ဖြိုးပေမည်။ ဒုက္ခသီရိ တွင် နိုင်ငံလူဦးရေ ၈၃ ရာခိုင်နှုန်းမှာ လယ်သမားများ ဖြစ်ကုန်၏။ လယ်သမားတို့ကို အလေးအနက်ထားရာတွင် တာဝန်ကျေစပါး၊ လယ်သိမ်း၊ မြေသိမ်း စသည့် နာမည်ကျော် မူဝါဒများအတိုင်း ပြုမူခဲ့ကြသည်။ စင်ကာပူအခြေခံလူတန်းစားမှာ တိုက်ခန်းတွင် နေထိုင်သူများတည်း။ စိုက်စရာ မြေလည်း မရှိကြချေ။ စင်ကာပူ အစိုးရက အခြေခံလူတန်းစားတို့ထံမှ အခန်းသိမ်းပါက သူတို့ တိုင်းပြည်လည်း ဒုက္ခသီရိနည်းတူ သွက်ချာပါဒ လိုက်ပေတော့ မည်။ ထိုသို့ အခန်းသိမ်းမှု ပေါ်ပေါက်အောင် မည်သို့ လုပ်မည် နည်း။ ဤနည်းလမ်းကို ဆက်လက် သုတေသန လုပ်သင့်သည်။ လိုအပ်လျှင် ပုလိပ်တပ်ဖွဲ့ရှိ ဝေဒဆရာများ တပ်ခွဲကို တာဝန်ပေး သင့်သည်။
ထောက်လှမ်းရေးအရာရှိလည်း အကြံပေးချက်များကို အသံဖမ်း မှတ်တမ်းယူပြီးနောက် ရန်လိုကျွဲအတွက် ချက်လက် မှတ်တစ်စောင် ရေးပေးလေသည်။ သူရေးပေးသည့် အကျိုး ဆောင်ခ ငွေပမာဏကို ကြည့်လိုက်ရာ ဂဏန်းဆယ့်တစ်လုံး တွေ့ရသဖြင့် ရန်လိုကျွဲ ကျေနပ်မိလေသည်။ ။
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ သရော်စာ ဖြစ်ပါသည်။
ရန်လိုကျွှဲ ရေးသည်။