ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း)
စက်သုံးဆီမှောင်ခိုရောင်းချနေသူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေတယ်ဆိုပေမယ့် ရန်ကုန်မြို့တွင်းမှာ ဆီမှောင်ခိုရောင်းဝယ်ရေးနေရာ အများအပြားရှိနေပြီး လိုသလောက်ဝယ်လို့ရတယ်လို့ မှောင်ခိုသမားတချို့နဲ့ ကားသမားတွေက မော်ကွန်းကိုပြောပါတယ်။
မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ လှိုင်သာယာ၊ မှော်ဘီ စတဲ့မြို့နယ်တွေအပါအဝင် မြို့တွင်းနေရာ အနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ ရောင်းချနေတဲ့ မှောင်ခိုဆီရောင်းဝယ်ရေးနေရာ ငါးဆယ်ကျော်ရှိတယ်လို့ ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ကားသမားတွေက ပြောပါတယ်။
“အခုက လိုက်ဖမ်းတာပိုများလာလို့ အသိတွေပဲ ရောင်းပေးတော့တာ။ လိုချင်ရင်ကြိုဖုန်းဆက်။ ချိန်းတဲ့နေရာလာ။ ဆီကတော့ မပြတ်ဘူး။ လိုချင်တာအကုန်ရှိတယ်။ ကြိုက်သလောက်ထည့်လို့ရတယ်”လို့ မြောက်ဒဂုံမြို့နယ်အတွင်း ဆီမှောင်ခိုရောင်းနေသူ တစ်ဦးကပြောပါတယ်။
ရန်ကုန်မြို့တွင်းက တချို့ဆီဆိုင်တွေမှာ လိုသလောက်ဝယ်မရတာ၊ လိုအပ်တဲ့ဆီမရှိတာတွေနဲ့ တန်းစီဖို့ အချိန်ကုန်မခံနိုင်တာကြောင့် မှောင်ခိုသမားတွေဆီကနေ ဝယ်ထည့်နေတာလို့ ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှာ ကားမောင်းနေသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ကျတော့ တနေကုန်ပတ်သွားနေရတာ။ အချိန်သိပ်မရဘူး။ ဒီဇယ်က တချို့ဆိုင်တွေဆို လိုသလောက်မရဘူး။ ရတဲ့ဆီကျလည်း တန်းစီရသေးတယ်ဆိုတော့ အချိန်ကုန်မှာစိုးလို့ မှောင်ခိုပဲဝယ်ထည့်လိုက်တာ။ ဆီပြတ်တဲ့ရက်တွေတုန်းကလောက်တော့ ဝယ်ရမလွယ်ဘူး။ တစ်ရက်ကြိုဖုန်းဆက်ထား၊ နောက်ရက်သွားယူရုံပဲ။ ကျွန်တော်တောင် မနက်ဖြန်သွားယူမလို့။ ဈေးကတော့ ထက်ဝက်ပေးရတယ်။ တစ်ဘူးငါးထောင်” လို့ သူကပြောပါတယ်။
ရန်ကုန်မြို့တွင်းက ကားသမားတချို့ကလည်း မြို့တွင်းက ဆီဆိုင်တွေမှာ အခုလဆန်းပိုင်းကလို တစ်နေကုန်နီးပါး တန်းမစီရတော့ပေမယ့် တချို့ဆီဆိုင်တွေမှာတော့ အချိန်ပေးတန်းစီနေရသေးတယ်လို့ ဆိုကြပါတယ်။
အခုလ ၅ ရက်ကစလို့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် မြို့ကြီးတွေက စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့ပေမယ့် ကုမ္ပဏီရုံးကားတွေနဲ့ အစိုးရဌာနဆိုင်ရာ ရုံးကားတွေကနေ နေ့စဉ်နီးပါး လာရောင်းကြတာကြောင့် သူတို့ဆီမှာတော့ ဆီမပြတ်ခဲ့ဘူးလို့ ဆီမှောင်ခိုရောင်းဝယ်သူတွေကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာတော့ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုတွေအတွက် အလုံအလောက်ဖြန်ဖြူးပေးနေပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက တရားမဝင်စက်သုံးဆီဂါလံ ခုနစ်သောင်းနီးပါးနဲ့ ဆီသယ်ယူပို့ဆောင်ရာမှာ အသုံးပြုတဲ့ကား ၁၁ စီး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ပုံစာ-လှိုင်သာယာမြို့နယ်တွင်းက ဆီဆိုင်တစ်ခုမှာ နှစ်ကြိမ်တန်းစီဝယ်ယူတဲ့ကားတစ်စီးအတွင်း ဆီပေပါတွေတွေ့လို့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက စစ်ဆေးနေစဉ်။
ဓာတ်ပုံ-MOI

