ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၂ (မော်ကွန်း)
ပြည်တွင်းမှာ ယခုလဆန်းပိုင်းကစပြီး စက်သုံးဆီပြတ်လပ်ပြီး အလုံအလောက်မရတာကြောင့် မြန်မာနိုင်ငံအနှံ့ ကုန်စည်တင်ပို့တဲ့ အဝေးပြေးကုန်တင်ယာဉ်တွေ အခက်အခဲဖြစ်နေတယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်တဲ့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းက အမည်မဖော်လိုတဲ့အသင်းဝင် လုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီ လုံလောက်စွာမရတဲ့အတွက် ကုန်စည်တင်ပို့ချိန်ကြာမြင့်တာ၊ ကုန်တွေပျက်စီးတာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကုန်စည်တင်ဆောင်ပြီးမှ စက်သုံးဆီဆိုင်တွေမှာ ဆီဖြည့်ဖို့ နှစ်ရက်ခန့် တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ အဲ့ဒီကုန်တင်ယာဉ်လုပ်ငန်းရှင်က ပြောပါတယ်။
“ဆီကလည်း လိုအပ်တဲ့ဆီမရဘူး၊ ပရီမီယံဒီဇယ်လိုတဲ့ကားက ရိုးရိုးဒီဇယ်ပဲရတာတွေရှိတယ်။ ကုန်ပါတဲ့ယာဉ်တွေ တန်းစီရင်လည်း နှစ်ရက်လောက်တန်းစီရတယ်။ နောက်ပြီး တန်းစီလို့ ည တစ်နာရီ နှစ်နာရီဆိုရင် ဆိုင်ကယ်တွေနဲ့ ဓားထောက်လုတာတွေ ရှိတယ်၊ ကုန်တွေအခိုးခံရတာတွေရှိတယ်၊ ကုန်စည်တွေ အချိန်ကြာလို့ ပျက်စီးတာတွေရှိတယ်” လို့ ကြုံတွေ့နေရတဲ့ အခက်အခဲကို သူက ရှင်းပြပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့ကြီးတွေက အဝေးပြေးလမ်းတွေမှာလည်း စက်သုံးဆီ မရတဲ့အတွက် ကုန်တင်ယာဉ်တွေဟာ တစ်ရက်ခရီးကို သုံးလေးရက်ခန့် ကြာမြင့်နေတယ်လို့ ကုန်တင်ယာဉ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ရန်ကုန်အပြင်ကို ရောက်သွားပါက ဒီဇယ်၊ ဓာတ်ဆီဈေးတွေဟာ ပိုမိုမြင့်တက်သွားတာကြောင့် အချို့ယာဉ်ပိုင်ရှင်တွေဟာ မပြေးဆွဲနိုင်ဘဲ ရပ်ထားရတာတွေ ရှိလာတယ်လို့ ရန်ကုန်-မူဆယ် ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတစ်ဦးကလည်း ပြောပါတယ်။
“ရန်ကုန်အပြင်ရောက်သွားရင် ဆီဈေးက တစ်လီတာကို ၄,၀၀၀၊ ၅,၀၀၀ တွေဖြစ်သွားပြီ။ ကားခကျတော့ တက်ရလည်း အရမ်းခက်တယ်။ ကုန်သည်တွေကလည်း ဒီဈေးနဲ့ တင်လို့ မတင်နိုင်ဘူးဆိုရင် အခြားတင်တဲ့သူဆီပြေးတယ်။ ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေမှာ ဘာမှမကျန်ဘူးဗျာ၊ ဘာမှမထူးလို့ အချို့ကားတွေ ဒီအတိုင်းပဲရပ်ထားရတယ်” လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေနဲ့ နယ်မြေမတည်ငြိမ်မှုကြောင့်လည်း ကုန်စည်စီးဆင်းမှုတွေ အခက်တွေ့နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နေသလို၊ ရှမ်းမြောက်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ်ကုန်သွယ်ရေးဇုန်နဲ့လည်း ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတာပါ။
ယခုလဆန်းပိုင်းကစလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်နေပြီး စက်သုံးဆီဆိုင်တွေမှာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေကြရပါတယ်။
ပုံစာ – မူဆယ်မြို့အဝင်အနီးက ကုန်တင်ယာဉ်တွေကို မြင်တွေ့,ရစဉ်
ဓာတ်ပုံ – MoI

