စက်သုံးဆီဈေး ဆက်တိုက်ထိုးတက်နေ

ရန်ကုန်- ၂၀၂၄ မတ် ၂၉ (မော်ကွန်း)

ရန်ကုန်မှာ လူအများအသုံးပြုတဲ့ ဓါတ်ဆီဈေးနှုန်းဟာ ဒီလကုန်ပိုင်းမှာ ပိုစျေးတက်လာပြီး ဓါတ်ဆီ 92 တစ်လီတာကို ကျပ် ၈၀ နဲ့ 95 တစ်လီတာကို ကျပ် ၁၈၀ အထိ လအစပိုင်းတုန်းကဈေးထက် ပိုတက်လာပါတယ်။

ယခုလ ၁ ရက်တုန်းက တစ်လီတာကို ၂,၇၁၅ ကျပ် ရှိတဲ့ 92 ဟာ ဒီနေ့မှာ ၂,၇၉၅ ကျပ်ဖြစ်နေပြီး ၂,၇၃၅ ကျပ် ရှိတဲ့ 95 ဟာ ဒီနေ့မှာ ၂,၉၁၅ ကျပ် ဖြစ်နေတာပါ။

ဒီဈေးတက်နှုန်းဟာ ပြီးခဲ့တဲ့နှစ်ကာလတူတုန်းက ဈေးနဲ့ နှိုင်းယှဉ်ရင်လည်း 92 တစ်လီတာကို ၆၅၀ ကျပ်နဲ့ 95 တစ်လီတာကို ၆၇၅ ကျပ်အထိ ဈေးတက်လာတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးကတော့ စက်သုံးဆီဈေးမြင့်တက်လာတာကြောင့် အငှားကားခတွေကလည်း အရင်ထက်ပိုပြီး တိုးတောင်းနေရတယ်လို့ ပြောပါတယ်။

“တခါထည့်ရင် တစ်သောင်းဖိုးဆို ဘာမှမရတော့ဘူး။ မကိုက်တော့ဘူး။ အရင် တစ်သောင်းဖိုးဆို တမြို့လုံးပတ်ဆွဲနေလို့ရတယ်လေ။ အခုက မကိုက်တော့ ခရီးသည်ဆီပဲ တိုးတောင်းရတာပေါ့” လို့ ၎င်း အငှားယာဉ်မောင်းက ပြောပါတယ်။

အရင်အရပ်သားအစိုးရတွေခေတ် ၂၀၂၀ ဇန်နဝါရီတုန်းက 92 တစ်လီတာ ၉၀၅ ကျပ်၊ 95 တစ်လီတာ ၉၉၅ ကျပ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဓါတ်ဆီတစ်လီတာကို ကျပ် ၂,၀၀၀ လောက်အထိ စစ်တပ်အာဏာသိမ်းထားတဲ့အတောအတွင်းမှာ တက်လာတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ပရီမီယံဒီဇယ်ကတော့ ဒီလအစပိုင်းတုန်းက ဈေးနှုန်းထက် ကျပ် ၉၀ ကျဆင်းခဲ့ပြီး ဒီနေ့မှာ တစ်လီတာ ၂,၄၄၅ ကျပ် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူတုန်းက ဈေးနှုန်းထက်တော့ ၃၄၅ ကျပ်အထိ ဈေးတက်လာတာဖြစ်ပါတယ်။

Photo – Mawkun

အမျိုးအစား - Uncategorized

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."