ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၆ (မော်ကွန်း)
ကမ္ဘာ့လောင်စာဆီဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းကျဆင်းလာတာကြောင့် ပြည်တွင်းစက်သုံးဆီဈေးဟာလည်း ယခုရက်ပိုင်းအတွင်း အနည်းငယ်ကျဆင်းလာပါတယ်။
ယခုလဆန်းပိုင်းကပြီး စက်သုံးဆီဈေးဟာ ပြန်လည်ကျဆင်းလာတာဖြစ်ပြီး ဓာတ်ဆီ 92 Ron တစ်လီတာကို ကျပ်နှစ်ထောင်အောက်ကို ပြန်လည်ရောက်ရှိလာတာကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေအရ သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ အငှားယာဉ်မောင်းတစ်ဦးကတော့ “ဓာတ်ဆီဈေးပဲ ကျလာတာပေါ့၊ ဒီဇယ်ကတော့ သိပ်တော့ မကျသေးဘူး။ ဒီလဆန်းကစပြီး တစ်ရက်ကို (ကျပ်)ငါးဆယ်လောက်နှုန်းနဲ့ ကျလာတာ။ အဲ့လိုကျသွားမှပဲ အဆင်ပြေမှာပေါ့။ ဒီထက်ပိုပြီး ထပ်ကျဖို့လိုသေးတယ်။ မဟုတ်ရင် ဆီဖိုးရှာရတာနဲ့ကို တွက်ခြေမကိုက်ဘူး။ ကားခပိုတောင်းရင်လည်း ခရီးသည်ကမလိုက်ဘူး” လို့ ပြောပါတယ်။
ကမ္ဘာ့ဈေးကွက်မှာ လောင်စာဆီဈေးနှုန်းဟာ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ကျဆင်းခဲ့ပြီး စက်တင်ဘာလကုန်ပိုင်းကနေ ယခုလဆန်းပိုင်းအတွင်း တစ်ပေပါကို ဒေါ်လာ ၁၀၀ နီးပါးရှိနေတဲ့ အခြေအနေကနေ လက်ရှိမှာ ဒေါ်လာ ၈၀ ဝန်းကျင်ကို ပြန်လည်ကျဆင်းသွားတယ်လို့ အသေးစား စက်သုံးဆီရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“ကမ္ဘာ့ရေနံစိမ်းဈေးက အတက်ကြမ်းသလို အကျလည်းကြမ်းတယ်။ စက်တင်ဘာလအစပိုင်းကဆို ထိုးတက်သွားလို့ 92 တစ်လီတာကို (ကျပ်)၂,၆၀၀ လောက်ထိတက်သွားတယ်။ အခုကတော့ ထိုးကျသွားပြီး နှစ်ထောင်အောက်ကို ရောက်သွားတာပေါ့၊ ပြည်တွင်းဆီဈေးကျတာက ကမ္ဘာ့ဆီဈေးကျလာလို့လည်းပါတယ်။ ပြီးတော့ ဒေါ်လာဈေးကလည်း ကျလာတာလည်းပါတယ်” လို့ ၎င်းကပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဒီနေ့ထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေအရ ဓာတ်ဆီ 92 Ron တစ်လီတာကို ၁,၉၄၅ ကျပ်၊ 95 Ron တစ်လီတာကို ၂,၀၄၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂,၃၀၀ ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။
လက်ရှိ ကျဆင်းလာတဲ့ဓာတ်ဆီဈေးနှုန်းဟာ သုံးလအတွင်း အနိမ့်ဆုံးဈေးတန်းကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး အဆိုပါသုံးလအတွင်းမှာ တစ်လီတာကို ကျပ် ၂,၄၀၀ ဝန်းကျင်ထိ အမြင့်ဆုံးမြင့်တက်ထားပါတယ်။
Photo – MOI

