စက်တင်ဘာနောက်ဆုံးတစ်ပတ်အတွင်း စစ်ရှောင် ၁၈,၀၀၀ နီးပါးရှိလာ

စက်တင်ဘာနောက်ဆုံးတစ်ပတ်အတွင်း စစ်ရှောင် ၁၈,၀၀၀ နီးပါးရှိလာ

ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၁၂ (မော်ကွန်း)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ် တစ်ပတ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ ၁၈,၀၀၀နီးပါးအထိရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ကနေ အခုလ ၁ ရက်နေ့အထိ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာ လူဦးရေ ၄,၈၀၀ ဝန်းကျင်နဲ့ နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ ၁၃,၀၀၀ ဝန်းကျင်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ UNOCHA က ဆိုပါတယ်။

နိုင်ငံရဲ့ အနောက်မြောက်ဘက်ဒေသဖြစ်တဲ့ ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်အသီးသီးမှာ စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ကြောင်းထိုးတာကြောင့် နေ့စဉ်နီးပါးထွက်ပြေးနေရတဲ့ ဒေသခံတွေရှိနေပြီး နေရပ်မပြန်နိုင်တော့တဲ့ ဒေသခံတွေလည်း အများအပြားရှိနေတယ်လို့ ယင်းမာပင်မြို့နယ်အတွင်းက စစ်ရှောင်အရေးကူညီနေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။

“သူတို့က စစ်ကြောင်းထိုးပြီး ကျောက်မှော်ရွာထဲမှာတပ်စွဲထားတော့ အဲဒီရွာနဲ့ အနီးဝန်းကျင်ကဒေသခံတွေလည်း မပြန်ရဲကြဘူး။ တပ်စွဲထားတာ နှစ်လကျော်ကြာနေပြီ။ အချိန်ကြာလာတော့ စစ်ရှောင်တွေလည်း စားနပ်ရိက္ခာ ဆေးဝါးကအစ အခက်အခဲတွေရှိလာတယ်။ ဆန်ပြုတ် ပြုတ်သောက်နေရတဲ့ စစ်ရှောင်မိသားစုတွေလည်း အများကြီးရှိတယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကန့်ဘလူမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးခဲ့တာကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာလည်း တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အနီးနားရှိတဲ့ သစ်တောထိုဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ အခြေခံပစ္စည်းတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

အခုနှစ်ပထမနှစ်ဝက်အတွင်းမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက ရွှေ့ပြောင်းအခြေချပြည်သူ ခုနစ်သိန်းအပါအဝင် လူဦးရေ ၁ ဒဿမ ရှစ်သန်းကျော်ကို အကူအညီပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

UNOCHAရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ နှစ်သန်းနီးပါးရှိလာပြီး အဲဒီထဲက ၁ ဒဿမ ၇ သန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ-စစ်ကောင်စီတပ်တွေ မကြာခဏစစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ခင်ဦးမြို့နယ်ထဲကဒေသခံများ။
ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."