ဖူးမေ
ဒီဇင်ဘာ-၁၇
ရဲတပ်ဖွဲ့ဌာနတွေကို စာရင်းစစ်ဆေးရာမှာ ငွေကြေးအလွဲသုံးစားမှုတွေ တွေ့မြင်ရတဲ့အတွက် ရုံးချုပ်နဲ့ဒေသအသီးသီးက ရုံးဌာနတွေမှာ ဌာနတွင်းကြီးကြပ်ကွပ်ကဲတဲ့စနစ်ကို ပြင်ဆင်ဖို့နဲ့ လိုက်နာဆောင်ရွက်အောင်လုပ်ဖို့ ပြည်ထောင်စု စာရင်း စစ်ချုပ် ဦးမော်သန်းက အကြံပြုပါတယ်။
နိုင်ငံအနှံ့က ရဲတပ်ဖွဲ့ဌာနတွေရဲ့ အသုံးစရိတ်တွေကို စစ်ဆေးတဲ့အခါ “ အမှန်အသုံးစရိတ်ထက်ပိုမိုထုတ်ယူမှု၊ အလွဲသုံးစားမှုပြုခြင်း” တွေ ရှိခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို စာရင်းစစ်ချုပ်က အစီရင်ခံတယ်။
၂၀၁၈၊ ခြောက်လတာအတွင်း နိုင်ငံတော်ဘဏ္ဍာငွေတွေကို ဌာနဆိုင်ရာအသီးသီးရဲ့သုံးစွဲမှုတွေအပေါ် စာရင်းစစ်ခဲ့ရာမှာ ပေါ်ပေါက်ခဲ့တာလို့ သူက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြပါတယ်။
၂၀၁၇-၁၈ဘဏ္ဍာနှစ်နဲ့ ၂၀၁၈ ဧပြီကနေ စက်တင်ဘာအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အသုံးစရိတ်တွေကို စာရင်းစစ်ခဲ့ရာမှာ ရှမ်းပြည်နယ်၊ဟိုပန်ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ ကျပ်သိန်း ၄,၀၀၀ ကျော်၊ မန္တလေးရွှေစာရံမှာအခြေစိုက်တဲ့ အမှတ်(၄) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှာ ကျပ်သိန်း ၈၀၀ ကျော်၊ စစ်ကိုင်းမှာရှိတဲ့ အမှတ်(၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှာ ကျပ်သိန်း ၁,၀၀၀ ကျော် ငွေကြေးအလွဲသုံးစားပြုထားတာကို တွေ့ရတယ်လို့ စာရင်းစစ်ချုပ်က အစီရင်ခံတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း မကွေးတိုင်း၊ ရေနံချောင်းမှာအခြေစိုက်တဲ့ အမှတ်(၁) ရေနံမြေလုံခြုံ ရေးရဲတပ်ဖွဲ့ခွဲမှာ ကျပ် သိန်း ၂၀၀ ကျော် ပိုမိုထုတ်ယူသုံးစွဲထားကြတယ်လို့ ဦးမော်သန်းက ပြောတယ်။
ကျန် ရဲတပ်ရင်းတပ်ဖွဲ့တွေက သူတို့ပိုမိုထုတ်ယူသုံးခဲ့ကြတဲ့ငွေတွေကို ပြန်သွင်းခဲ့ပြီးဖြစ်ပေမယ့် ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးက အလွဲသုံးစားငွေတွေကတော့ ပြန်လည်ပေးသွင်းခြင်းမရှိသေးဘူးလို့ သူက ပြည်ထောင်စု လွှတ်တော်ကို တင်ပြပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ၂၀၁၈၊ ခြောက်လဘဏ္ဍာငွေ အရအသုံးစာရင်းကို စာရင်းစစ်ဆေးခဲ့တဲ့အပေါ်တင်ပြရာမှာ အထက်ပါကိစ္စတွေကိုလည်း ထူးခြားဖြစ်စဉ်တွေအဖြစ် ထုတ်နှုတ်ဖော်ပြခဲ့တာဖြစ်ပါတယ်။
#mawkun #magazine #chronicle #dailynews