ငြိမ်းချမ်းရေးအတွက် ခါးသီးတဲ့အမှန်တရား

ကျော်ဇေယျာထွန်းရေးသည်။

ဒီရက်ပိုင်းမှာ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းရေးတဲ့ ‘မြန်မာနိုင်ငံသမိုင်းပုံ’ ဆိုတဲ့ စာအုပ်လေးဖတ်ဖြစ်တယ်။ ကမ္ဘာ့သမိုင်းအကြောင်း မသိရင်တောင် ကိုယ့်မြန်မာနိုင်ငံရဲ့သမိုင်းကိုတော့ သိထားသင့်တယ်ဆိုတဲ့အတွေးနဲ့ ဖတ်ဖြစ်တာပါ။

စာအုပ်ထဲမှာ မြန်မာနိုင်ငံဆိုတဲ့ကုန်းမြေနေရာပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံမှာ အခြေချနေထိုင်သွားတဲ့ ရှေးခေတ်လူတွေအကြောင်း၊ ကျောက်ခေတ်၊ ပျူမြို့ဟောင်းနဲ့ ပျူတွေအကြောင်း၊ ပြီးတော့ ရခိုင်ခေတ်ဦးသမိုင်း၊ မြန်မာနိုင်ငံကို မြန်မာတွေရောက်ရှိလာပုံနဲ့ ပုဂံလက်နက်နိုင်ငံပေါ်ထွန်းလာပုံအကြောင်းတွေ ပါပါတယ်။

ကိုယ်တွေမှတ်သားဖူးတာက ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာမင်းကတည်ထောင်ခဲ့တယ်လို့သိထားပေမယ့် ဒီနေ့မြန်မာနိုင်ငံလို့ခေါ်တဲ့နေရာမှာ အေဒီ ၄ ရာစု ကနေ အေဒီ ၉ ရာစုအထိ ပျူတွေဟာ အစောဆုံးမင်းနိုင်ငံတစ်ခုတည်ထောင်ခဲ့တယ်၊ သီပေါကနေ မုတ္တမတိုင်အောင်ကျယ်ဝန်းတဲ့ပျူနိုင်ငံဟာ ပထမမြန်မာပြည်ထောင်စုနိုင်ငံလို့ ဒီစာအုပ်ထဲမှာဆိုထားပါတယ်။

ပျူတွေဟာ ခရစ်မပေါ်မီ ၅ ရာစုလောက်ကတည်းက မြန်မာနိုင်ငံထဲကို ဝင်ရောက်နေထိုင်ကြလောက်ပြီလို့ သူကဆိုပါတယ်။ ဧရာဝတီမြစ်တစ်လျှောက် ရွှေဘိုကနေပြည်မြို့အထိ မြို့တွေတည်ပြီးနေထိုင်ကြတယ်။ သရေခေတ္တရာဟာ ပျူတွေရဲ့မြို့တော်လို့ဆိုထားပါတယ်။ ပျူတွေဟာ ယဉ်ကျေးသိမ်မွေ့တယ်၊ ဘာသာရေးကိုင်းရှိုင်းတယ်၊ သူများအသက်ကို မသတ်တဲ့အတွက် ပိုးထည်ကိုတောင်မသုံးကြဘူးလို့ ဒေါက်တာသန်းထွန်းကဆိုထားပါတယ်။

ဒီနေရာမှာ ဆက်စပ်ပြောရရင် အဲဒီကာလမှာ ပျူတွေနဲ့အပြိုင် ရခိုင်ပြည်နယ်မှာလည်း လူတွေအခြေချနေထိုင်နေကြပါပြီ။ အဲဒီလူတွေဟာ မြန်မာတွေ မြန်မာနိုင်ငံထဲကိုမဝင်ခင်ကတည်းက အိန္ဒိယဘက်ကဝင်လာကြတဲ့ တိဗက်မြန်မာအနွယ်ဝင်တယ်ဖြစ်တယ်လို့ ဒေါက်တာသန်းထွန်းကဆိုထားပါတယ်။ အလားတူ မွန်လူမျိုးတွေကလည်း မြန်မာနိုင်ငံတောင်ဘက်မှာ အခြေချနေထိုင်ကြပြီး ပျူလူမျိုးတွေနဲ့ ဆက်ဆံမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

အတိုချုပ်ပြီးလိုရင်းပြောရရင် ပျူတွေနေခဲ့တဲ့ သရေခေတ္တရာမြို့ကို နန်ကျောင်လူမျိုးတွေလာတိုက်လို့ မြို့ပျက်ခဲ့ရတယ်။ မြန်မာနိုင်ငံထဲလာတိုက်တဲ့စစ်ပွဲတွေမှာ နန်ကျောင်တွေနဲ့အတူ မန်းမန်လို့ခေါ်တဲ့ မူလမြန်မာတွေလည်းပါခဲ့တယ်။ သူတို့ဟာ တိဗက်မြန်မာအနွယ်တွေဖြစ်ပြီး စစ်တိုက်တာကို ဝါသနာပါသူတွေဖြစ်ကြပါတယ်။ အဲဒီမန်းမန်လူမျိုးတွေဟာ နန်ကျောင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာမနေချင်တဲ့အခါ သူတို့ရောက်ဖူးတဲ့မြန်မာနိုင်ငံဘက်ကို ထွက်ပြေးပြောင်းရွှေ့လာခဲ့ကြတယ်လို့ အဲဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာလူမျိုးတွေဟာ အေဒီ ၉ ရာစုလောက်မှ မြန်မာနိုင်ငံမြောက်ဘက်ကနေ သံလွင်မြစ်တစ်လျှောက်ဆင်းလာပြီး စိုက်ပျိုရေးကောင်းတဲ့ ကျောက်ဆည်၊ မင်းဘူးဘက်မှာ အခြေချခဲ့ကြတယ်။ မြန်မာလူမျိုးတွေဟာ စစ်တိုက်ဝါသနာပါပြီး မြေကတုတ်နဲ့စစ်ဆင်တိုက်နည်းကို အထူးကျွမ်းကျင်သူတွေဖြစ်တာကြောင့် မွန်၊ ကဒူး၊ ပျူ၊ သက်၊ ပေါင်လောင်းနဲ့ စကြော လူမျိုးတွေရှိပြီးဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ကြတယ်။ ပုဂံကို နိုင်ငံရဲ့ဗဟိုအရပ်အဖြစ်သတ်မှတ်လိုက်တယ်လို့ ဒေါက်တာသန်းထွန်းကဆိုထားပါတယ်။

မြန်မာနိုင်ငံထဲကို မြန်မာလူမျိုးတွေဝင်ရောက်လာပြီး ပုဂံနိုင်ငံတော်ကြီးတည်ထောင်ပြီးတဲ့နောက်ပိုင်းမှာတော့ အားလုံးသိကြတဲ့အတိုင်း ပုဂံ၊ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်းရမ်းနဲ့ ကုန်းဘောင်ခေတ်အဆက်ဆက် တခြားသော တိုင်းရင်းသားနယ်မြေတွေကို သိမ်းပိုင်းတိုက်ခိုက်ပြီးအုပ်ချုပ်ခဲ့ကြတယ်။

ရခိုင်ပြည်ဆိုရင် ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက် ၁၇၈၅ မှာ မြန်မာဘုရင်လက်အောက် ကျရောက်ခဲ့ရတယ်။ ၁၈၈၅ မှာတော့ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ရောက်တယ်။ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ဖို့ တိုင်းသားပေါင်းစုံ တစ်တိုင်းပြည်လုံးကြိုးစားခဲ့ကြလို့ ၁၉၄၈ မှာ လွတ်လပ်ရေးရခဲ့တယ်။

လွယ်လွယ်ပြောရရင် လွတ်လပ်ရေးရပြီးတဲ့အခါ တိုင်းရင်းသားတွေက သူတို့ဒေသ၊ သူတို့ပြည်နယ်ကို သူတို့ကိုယ်တိုင်အုပ်ချုပ်ခွင့်ပြန် လိုချင်ကြတယ်။ သူတို့လူမျိုး၊ သူတို့ယဉ်ကျေးမှု၊ သူတို့စာပေတွေ တိုးတက်ပြန့်ပွားအောင်လုပ်ချင်ကြတယ်။

ပါလီမန်ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးခေတ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်အထိ တိုင်းရင်းသားပေါင်းစုံဟာ သူတို့ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် အနုနည်းရော အကြမ်းနည်းပါသုံးပြီး တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ မရခဲ့ပါဘူး။

၂၀၁၀ မှာ ပါတီစုံရွေးကောက်ပွဲတွေကျင်းပပြီး တက်လာတဲ့အစိုးရက တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတယ်။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ရောင်ခြည်သမ်းလာပြီလို့ထင်ခဲ့ရတယ်။

နောက်ထပ် ၂၀၁၅ ရွေးကောက်ပွဲပြီးလို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ရှိအစိုးရတက်လာတော့ တိုင်းရင်းသားတွေအားလုံး ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်ခွင့်ရတော့မှာပဲ၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေတော့ အပြည့်အဝရတော့မှာပဲလို့ ယုံကြည်ခဲ့ကြတယ်။

ဒါပေမဲ့ တိုင်းရင်းသားတွေလိုချင်နေတဲ့အရာတွေဟာ ဒီနေ့အထိမရသေးပါဘူး။ လက်နက်တွေကိုင်ထားရတုန်း၊ တိုက်ပွဲတွေ ဆင်နွှဲနေရတုန်း။ အသက်တွေ စတေးနေရတုန်း။ ကလေးသူငယ်လေးတွေအပါအဝင် အရပ်သားတွေသေရတာလည်း တရုန်းရုန်းပဲ။

ကျွန်တော့်စိတ်ထဲတော့ ဘယ်သူ့မှအသေမခံစေချင်တော့ဘူး။ တိုင်းရင်းသားတွေဘက်ကပဲသေသေ၊ တပ်မတော်သားတွေဘက်ကပဲ သေသေ ဒါတွေဟာအလဟဿအချည်းနှီး သေနေရတယ်လို့ပဲမြင်မိတယ်။

ဟိုးတုန်းက တိုက်ကြခိုက်ကြတယ်ဆိုတာ ယဉ်ကျေးမှုမမြင့်သေးလို့၊ လူ့အခွင့်အရေးတွေ၊ တိုင်းရင်းသားအခွင့်အရေးဆိုတာတွေ မသိကြသေးလို့တိုက်ခဲ့ကြပါလားဆိုပြီး နားလည်ပေးလို့ရပေမယ့် ဒီနေ့ခေတ်ကြီးမှာ သိလျက်သားနဲ့ တစ်ဦးနဲ့တစ်ဦးတိုက်နေကြတာမြင် ရတော့ အရင်ကထက် ပိုလို့တောင်မိုက်နေကြပါလားလို့သာ တွေးမိတော့တယ်။

ဧပြီ ၂၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ရေးထိုးထားတဲ့ အချက်ငါးချက်ပါတဲ့ သတင်းထုတ်ပြန်ချက်တစ်ခုထုတ်ပြန်တယ်။ နံပါတ်သုံးအချက်မှာ ဖော်ပြထားတာက –
‘Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းရှိ အစိုးရ၊ ပြည်သူ၊ စေတနာ့ဝန်ထမ်းများက အလေးထားကြိုးပမ်းဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်၊ အမှောင့်လုပ်ရပ်များလုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား အရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါသည်’ တဲ့။

အဲဒီကြေညာချက်ကိုဖတ်ပြီး ကျွန်တော်တွေးမိလိုက်တာက ‘နောက်ဆုံးတော့ မြန်မာတွေဟာပေါင်းစည်း သွားကြပြီး တိုင်းရင်းသားတွေကိုဆက်ပြီး နှိပ်စက်လေဦးမလား’ လို့ တွေးမိလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ထုတ်ပြန်ချက်ရဲ့သဘောက ကြက်ပွဲမှာ အသာစီးရနေတဲ့ကြက်ဖကို “ဖေ့သားကြီး တော်တယ်ကွ” လို့ မြှောက်ပေးသလိုဖြစ်နေလို့ပါ။

တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းရေးရအောင်ကြိုးပမ်းနေတဲ့ကာလကြီးမှာ တိုက်ပွဲတွေထဖြစ်တော့ နှစ်ဖက်လုံးကိုငြိမ်းချမ်းရေးစကား ဆိုရမယ့်အစား၊ နှစ်ဖက်စလုံးကို ဆင်ခြင်ကြဖို့ပြောရမယ့်အစား တစ်ဖက်ကိုချီးကျူးတယ်ဆိုတော့ အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို မေးခွန်းထုတ်စရာဖြစ်သွားစေတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတဲ့သတင်းတွေကို နေ့စဉ်လိုလိုဖတ်နေရတယ်။ ဓာတ်ပုံနဲ့တကွ တက်လာတာတွေလည်း မြင်နေရတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ သေနတ်ကိုင်ပြီးပစ်ခတ်နေတဲ့သူတွေ ကျဆုံးသွားတယ်ဆိုတာမျိုး မတွေ့ရသလောက်ပဲ။ (တွေ့လည်းမတွေ့ချင်ပါဘူး) ပစ်ခတ်မှုတွေဖြစ်လို့ သေဆုံးသွားရတဲ့ ရခိုင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ၊ ကလေးငယ်လေးတွေရဲ့ ပုံတွေကတော့ ခဏခဏတွေ့ရတယ်၊ ကလေးငယ်လေးတစ်ယောက် ရင်ဘက်မှာသွေးထွက်နေပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့ဓာတ်ပုံဆိုရင် ဘယ်လိုမှကိုမကြည့်ရက်ဘူး။ ရင်ထဲမှာ မချိအောင်ဖြစ်ရတယ်။

သင်္ကြန်ရက်မှာလဲ ရွာထဲလက်နက်ကြီးကျလို့ ရွာသူရွာသား ရှစ်ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ ကလေးတွေပါတယ်။ ဒါပေမဲ့ ဒါတွေနဲ့ပတ်သက်လို့ အစိုးရဆီကနှစ်သိမ့်စကားလေးတစ်ခွန်းတောင်မကြားရဘူး။ ဖေ့စ်ဘွတ်မှာတတ်လာတဲ့ အဲဒီသတင်းတွေရဲ့ အောက်ကမှတ်ချက်တွေမှာတော့ “တစ်ပြည်လုံးကို ဗုံးကြဲပစ်လိုက်” တို့၊ “ရခိုင်တွေ အကုန်လုံးကို ရှင်းပစ်လိုက်” တို့ဆိုတဲ့ စကားတွေ ဖတ်ရတာဟာ တကယ့်ကိုရင်နာစရာပါ။ ဘာလို့များတိုင်းရင်းသားတွေကို ဒီလောက်တောင်မုန်းနေရသလဲဆိုတာ မစဉ်းစားတတ် အောင်ပါ။

ဟိုးပဝေသဏီကတည်းက သူတို့ပိုင်ဆိုင်ခဲ့တဲ့ တောတောင်ရေမြေတွေကို သူတို့ကိုယ်တိုင်ပြန်ပြီးအုပ်ချူပ်ချင်လို့ သူတို့ပြန်တောင်းတဲ့ကိစ္စ ဘာများမတရားတာရှိလို့လဲလို့ တွေးမိတယ်။

ကိုယ့်မြေမှာကိုယ်နေပြီး အစော်ကားခံနေရတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ရင်ထဲ ဘယ်လောက်တောင်ခံစားရ မလဲဆိုတာ မတွေးတတ်အောင်ဘဲ။ ဒေသခံတွေမှာ COVID-19 ရောဂါကပ်ဆိုးကြီးအတွက် ပူပန်နေဖို့အချိန်မရဘဲ ဘယ်ကပစ်လိုက်မှန်းမသိတဲ့ ကျည်ဆန်တွေသာ ကိုယ့်ဆီရောက်မလာဖို့ ပူပန်နေရတယ်၊ တိမ်းရှောင်နေရတယ်။ ရွာထဲကိုပစ်ထည့်လိုက်တဲ့ ကျည်ဆန်တွေသာ ဆန်အိတ်တွေ၊ ဆီပုံတွေ၊ ကလေးနို့မှုန့်ဘူးတွေ၊ လမ်းမီးတိုင်တွေ၊ ကတ္တရာလမ်းတွေသာဖြစ်လိုက်ပါတော့လို့ ကျွန်တော်ဆုတောင်းမိ တယ်။ အဲဒီလိုသာဖြစ်ခဲ့ရင် ဒေသခံတွေက ခင်ဗျားတို့ကို ကျေးဇူးတင်ကြမှာပါ။ ချစ်ကြမှာပါ။

နှစ်ပေါင်းများစွာ တိုက်ခဲ့ကြတဲ့စစ်ပွဲတွေက တိုင်းပြည်ရဲ့ တိုးတက်မှု၊ ငြိမ်းချမ်းမှုတွေကို မဆောင်ကြဉ်းပေးနိုင်ဘဲ အသက်တွေသာ စတေးခဲ့ရတယ်၊ အမုန်းတရားတွေသာ ပိုပွားခဲ့ကြတယ်ဆိုတာ ရှေးရှေးကသာဓကတွေရှိနေလျက်နဲ့ မြန်မာနိုင်ငံမှာ ဘာကြောင့်များ စစ်ပွဲတွေဆက်တိုက်နေသေးတာလဲလို့ မတွေးတတ်အောင်ပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သောင်းကျန်းသူလို့ပဲပြောပြော၊ သူပုန်လို့ပဲဆိုဆို၊ အကြမ်းဖက်အဖွဲ့လို့ပဲ သတ်မှတ်သတ်မှတ်၊ ဒါတွေဟာအပေါ်ယံ ပညတ်ချက်သာဖြစ်ပြီး သူတို့တောင်းဆိုနေတဲ့အချက်တွေ မပေးသ၍တော့ လက်နက်တွေကိုင်နေကြဦးမှာပဲ။ နှစ်ပေါင်းထောင်ချီပြီး နေထိုင်လာခဲ့တဲ့ သူတို့ပြည်နယ်ကို သူတို့ကိုယ်တိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲတွေဆင်နွဲနေကြဦးမှာပဲ။ စစ်ပွဲတွေဆက်ဖြစ်နေကြဦးမှာပဲ။ အဲဒီလိုသာဆိုရင် တိုင်းပြည်ဟာ ငြိမ်းချမ်းခြင်း၊ တိုးတက်ခြင်းတွေနဲ့ အလှမ်းဝေးနေကြဦးမှာပဲဆိုတာ ကျိန်းသေပါပဲ။

အခုလိုပြောလို့ တိုင်းရင်းသားတွေနဲ့ မြန်မာကြား သွေးခွဲစကားပြောနေတာလားလို့ မေးလာရင် ဒါတွေဟာ မြန်မာပြည်ငြိမ်းချမ်းရေး အတွက် မဖြစ်မနေပြောရမယ့် ခါးသီးတဲ့အမှန်တရားလို့ပဲ ပြောပါရစေ။

၂၃.၄.၂၀၂၀

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."