အောင်ထူးနိုင်
ရန်ကုန်-၂၀၂၀ မေ ၁၅ (မော်ကွန်း)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှေးကွေးတုံ့ဆိုင်းမှုများ စဉ်ဆက်မပြတ်ကြုံတွေ့နေရပြီး COIVD – 19 ကပ်ရောဂါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ယာယီရပ်တန့်စေသည့်အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့ထုတ်ပြန်ခဲ့သည်။
COVID -19 ကြောင့် အားလုံးက စိုးရိမ်နေကြရပြီး NCA ထိုးထားသော်လည်း ဒေသတည်ငြိမ်မှုမရှိသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အနှောက်ယှက်များစွာဖြစ်စေသည်ဟု KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက မော်ကွန်းကိုပြောသည်။
ထို့ပြင် တပ်မတော်ဘက်ကထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်လည်း ၎င်းတို့၏မူဝါဒများထက် NCA ကို အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ကိုက်ညီသော အခြေခံမူများဖြင့်ပြင်ဆင်ပါက ပိုမိုသင့်တော်မည်ဟု ၎င်းက ရှင်းပြသည်။
“ နေရာတိုင်းမှာ သူ့မူ၊ ကိုယ့်မူက ရှိနေတော့ သူ့မူကိုယ့်မူနဲ့ပတ်သက်တဲ့အပိုင်းကို ကျွန်တော်တို့ ဘယ်လိုညှိကြမလဲဆိုတဲ့အပိုင်းကို ပိုပြီးဖြစ်စေချင်တာပေါ့၊ နောက်ပြီးတော့ ဒီအပစ်အခတ်ရပ်စဲရေး လုပ်တဲ့အခါမှာလည်း ဒီကန့်သတ်မှုတွေမလုပ်ဘဲနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ဆိုတာမျိုးကိုလည်း ကျွန်တော်တို့က ပြောချင်တာပါ”ဟု ပြောသည်။
KNU ၏ ထုတ်ပြန်ချက်အပေါ် သဘောထားမှတ်ချက်ပေးနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းဖြင့်ဆက်သွယ်၍လည်းကောင်း၊ SMS ပေးပို့၍လည်းကောင်း မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
COVID – 19 ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အစိုးရက ဧပြီ ၂၇ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းထားကာ ၎င်းကော်မတီက KNU အဖွဲ့နှင့် မေ ၁၀ ရက်တွင် တွေ့ဆုံထားပြီး လာမည့်တစ်ပတ်တွင် ပြန်လည်တွေ့ဆုံအဖြေရှာကြမည်ဖြစ်သည်။
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews