“ငြိမ်းချမ်းရေးနဲ့အမျိုးသားတန်းတူရေးကိုလိုချင်တယ်ဆိုရင်  အာဏာရှင်စနစ်ကို လုံးဝဖယ်ရှားနိုင်ဖို့လိုပါတယ်”

မြေပြန့်ဒေသမှာ လှုပ်ရှားနေတဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(PPDF-Kham Dom)ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်သားသစ်တွေ စတင်ခေါ်ယူနေပြီး ပအိုဝ်းလူထုကိုယ်စားပြုတော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့အနေနဲ့ ရှင်သန်မှု၊ စိန်ခေါ်မှု၊ ရပ်တည်ချက်နဲ့ အခက်အခဲတွေကို PPDF-Kham Dom ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်ဝေထူးကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး – PPDF Kham Dom က တပ်သားသစ်တွေ ခေါ်ယူတာဟာ တပ်ဖွဲ့အနေနဲ့ အရင်ထက် ပိုပြီးပြောင်းလဲမှုတွေဖြစ်လာလို့လား၊ ပုံမှန်အနေအထားပဲလား။
ဖြေ – PPDF Kham Dom အနေနဲ့ တပ်သားသစ်ခေါ်ယူတာသည် အရင်ကလို ပုံမှန်အနေအထားအရခေါ်ယူတာမဟုတ်ပါဘူး။ အရင်ကလည်း ဒီလိုခေါ်ယူခဲ့ခြင်းမျိုးလည်းမရှိဘူးပေါ့လေ။ တစ်ခါမှမရှိခဲ့ဘူး။ ဒါသည် ပထမဆုံးအကြိမ်အနေနဲ့ တပ်သားသစ်ကို ကျွန်တော်တို့ရဲ့ PPDF Kham Dom စာမျက်နှာကနေ တရားဝင်ခေါ်ယူခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့နားလည်တာက ဒီ ၂၀၂၃ ခုနှစ်မှာ နွေဦးတော်လှန်ရေးကို ထူးခြားတဲ့အပြောင်းအလဲတစ်ခုအတွက် ရည်ရွယ်ပြီးတော့မှ တပ်သားသစ်ကိုခေါ်ယူတာဖြစ်ပါတယ်။
ကျွန်တော်တို့ PPDF Kham Dom သည် နွေဦးတော်လှန်ရေးမှာ ပြည်သူ့ပြောက်ကျားစစ်သဘောနဲ့ ပြီးခဲ့တဲ့ကာလတွေမှာ ဆောင်ရွက်ခဲ့တာပေါ့လေ။ တကယ်တမ်းတော့ ကျွန်တော်တို့က စစ်ပွဲကို အနိုင်လိုချင်တယ်ဆိုရင်တော့ စစ်ကိုစစ်နဲ့ပဲ တိုက်ရမှာဖြစ်တယ်။ ဒီလိုခံယူတယ်။ အင်အားတစ်ခုကိုပြင်ဆင်နေတဲ့ကာလ၊ တည်ဆောက်နေတဲ့ကာလတစ်ခုမှာ  ပြည်သူ့ပြောက်ကျားစစ်ဆိုတာအသုံးပြုရတယ်။
သို့ပေမဲ့လည်း ပြောက်ကျားစစ်ဆိုတာ ရေရှည်မှာတော့အသုံးပြုလို့မရဘူး၊ ပြောက်ကျားစစ်တစ်မျိုးတည်းနဲ့တော့ ဒီစစ်ပွဲကို အနိုင်အရှုံး၊ အဆုံးအဖြတ်ပေးနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့်မို့ ပြီးခဲ့တဲ့ကာလတွေထက် နွေဦးတော်လှန်ရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးတိုက်ပွဲမှာ PPDF Kham Dom အနေနဲ့ သက်ဆိုင်ရာစစ်ဒေသကွပ်ကဲမှုအောက်ကနေ ပအိုဝ်းစစ်ကြောင်းတွေ စနစ်တကျတိုးချဲ့ဖွဲ့စည်းပြီးတော့မှ ထိထိရောက်ရောက်နဲ့ စစ်ဆင်ရေးမှာပါဝင်သွားမယ်ဆိုပြီးတော့ ဒီလိုရှေ့လုပ်ငန်းစဉ်တွေကိုချမှတ်ထားတာရှိပါတယ်။
ဒါကြောင့် ချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်တွေအတိုင်းပဲ သတ်မှတ်ထားတဲ့စစ်ဒေသကွပ်ကဲမှုအောက်ကမှ စနစ်တကျ ပအိုဝ်းစစ်ကြောင်းတွေကို တိုးချဲ့သွားဖို့အတွက် တပ်သားသစ်တွေကို ပထမဆုံးအကြိမ်ခေါ်ယူခြင်းဖြစ်ပါတယ်။
မေး-  PPDF ဖြစ်ပေါ်လာပုံလေးကိုလည်း ပြည်သူတွေသိရအောင် ပြောပြပေးပါဦး။
ဖြေ – PPDF Kham Dom ရဲ့ဖြစ်ပေါ်လာပုံကတော့ ဒီ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းဖြစ်စဉ်ကို ကျွန်တော်တို့ ပအိုဝ်းလူငယ်တွေ ကြုံတွေ့ခံစားခဲ့ရတယ်။ ပအိုဝ်းတိုင်းရင်းသားလူငယ်အပါအဝင် အခြားသော လူမျိုးပေါင်းစုံ လူထုလူတန်းစားအားလုံးသည် အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့နေရာမှာ ကျွန်တော်တို့အတူတကွပါဝင်ခဲ့ကြတယ်။ အာဏာရှင်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသပိတ်မှောက်နေတဲ့ ပြည်သူလူထုကို အကြမ်းဖက်နည်းလမ်းကိုသုံးပြီးတော့မှ ဖြိုခွဲတယ်၊ ချေမှုန်းတယ်၊ ဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်၊ ထောင်ချတယ်၊ မတရားသဖြင့် နည်းမျိုးစုံနဲ့ အကြမ်းဖက် နိုင်ထက်စီးနင်းပြုလုပ်တာကို ကျွန်တော်တို့ ခါးခါးသီးသီးနဲ့ကြုံတွေ့ခံစားခဲ့ရတာဖြစ်တယ်။
နောက်ဆုံးအခြေအနေမှာ ကျွန်တော်တို့အတွက် လုံခြုံရေး၊ ပြည်သူတွေရဲ့လုံခြုံရေးကို ကျွန်တော်တို့ကိုယ်တိုင်ပဲ ပြန်လည်ကာကွယ်ရမယ်။ အာဏာရှင်စနစ်ကို ကျွန်တော်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေရုံနဲ့ မရဘူး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက်နဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့အတွက်သည် လက်နက်ကိုင်နည်းလမ်းမှတစ်ပါး တခြားနည်းလမ်းမရှိတော့ဘူးလို့ ယုံကြည်လက်ခံပြီးတော့ ၂၀၂၁ စက်တင်ဘာလ ၅ ရက်နေ့မှာ PPDF Kham Dom ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
PPDF Kham Dom ကိုဖွဲ့စည်းတဲ့အခါမှာ တူညီတဲ့ဘုံရည်မှန်းချက်တစ်ခုချမှတ်ပြီးတော့မှ ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်တာဖြစ်တယ်။ ဒီရည်မှန်းချက်က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုတဲ့ နိုင်ငံရေးမျှော်မှန်းချက် ၊ နိုင်ငံရေးရည်မှန်းချက်ကို ဖော်ဆောင်ရင်းနဲ့ ပအိုဝ်းအမျိုးသားရည်မှန်းချက်ကိုလည်း တပါတည်းဖော်ဆောင်နိုင်ရန်အတွက်ဖြစ်တယ်။ ကျွဲကူးရေပါပေါ့ဗျာ၊ အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရင်းနဲ့ ပြည်ထောင်စုအဖွဲ့ဝင် ပအိုဝ်းပြည်နယ်သစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ရည်ရွယ်ပြီးတော့မှ ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်တာဖြစ်ပါတယ်။
ဆိုတော့ တပ်နယ် (၂) ဘားအံဒေသ PPDF Kham Dom  ကို ၅.၉.၂၀၂၁ မှာစတင်ဖွဲ့စည်းတယ်၊ ဖွဲ့စည်းပြီးတော့ စည်းရုံးရေးတွေကို ကြိုးစားပြီးဆောင်ရွက်ခဲ့တယ်၊ အဲဒီနောက်မှာ တပ်နယ် (၁) သထုံဒေသကို ဖွဲ့စည်းနိုင်ခဲ့တယ်။ Kham Dom မြေပြန့်ဒေသမှာတော့ တပ်နယ် (၁) သထုံဒေသနဲ့ တပ်နယ် (၂) ဘားအံဒေသကို ဖွဲ့စည်းနိုင်ခဲ့တယ်၊ ထို့အတူပဲ ၂၀၂၂ မှာကျတော့ PNDF Kham Koung ကို တပ်နယ် (၃)အဖြစ် ကျွန်တော်တို့ ပအိုဝ်းတစ်မျိုးသားလုံး စည်းစည်းလုံးလုံးနဲ့နွေဦးတော်လှန်ရေးမှာ ပါဝင်နိုင်ရေးအတွက် စည်းရုံးဖွဲ့စည်းနိုင်ခဲ့တယ်။
လက်ရှိမှာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နိုင်ငံရေးဦးဆောင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအောက်မှာ ကျွန်တော်တို့ ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းတွေအဖြစ် တပ်နယ်(၁) သထုံဒေသ၊ တပ်နယ်(၂)ဘားအံဒေသနဲ့ Kham Koung တောင်ပေါ်ဒေသ ရှမ်း-ကရင်နီနယ်စပ်မှာ တပ်နယ်(၃) PNDF Kham Koung ဆိုတဲ့ တပ်နယ်သုံးခုကို ဖွဲ့စည်းပြီးတော့မှ လက်ရှိတော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်နေကြတာဖြစ်ပါတယ်။
မေး –  ဦးခွန်မြင့်ထွန်းရဲ့ ပြောစကားတချို့မှာ မှတ်သားရတာက EAO ရဲ့ အောက်မှာသွားနေတဲ့ပုံစံရှိတယ်ဆိုတော့  တပ်ဖွဲ့အနေနဲ့ EAO နဲ့အတူ တိုက်ပွဲဝင်တာမျိုးတွေ ရှိလာပြီလား။ ဘယ်လောက်ရှိပြီလဲ။ အကျအဆုံးတွေရောရှိခဲ့လား။
ဖြေ – ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌဖြားခွန်မြင့်ထွန်းရဲ့ တင်ပြချက်အတိုင်းပါပဲ၊ တပ်နယ်သုံးခုနဲ့ဖွဲ့စည်းထားတဲ့ ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ သက်ဆိုင်ရာ EAOs(လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ)တွေ အပါအဝင်ပေါ့နော် လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဖွဲ့စည်းထားတဲ့ သက်ဆိုင်ရာ‌စစ်ဒေသကွပ်ကဲမှုအောက်မှာ EAO စစ်ကြောင်း၊ PDF စစ်ကြောင်းတွေနဲ့ ကျွန်တော်တို့ ရည်မှန်းချက်ချင်းတူ၊ လမ်းခြင်းတူတဲ့တော်လှန်ရေးအင်အားစုတွေနဲ့  တစည်းတလုံး၊ တညီတညွတ်တည်းနဲ့ စစ်ဒေသအလိုက်စစ်ဆင်ရေးတွေမှာ စနစ်တကျနဲ့ ကျွန်တော်တို့ပါဝင်နေတာဖြစ်ပါတယ်။
လက်ရှိမှာလည်း တပ်နယ်(၁)  သထုံဒေသမှာရှိတဲ့ PPDF-Kham Dom  သည်  ဒရုန်းအထူးစစ်ဆင်ရေးယူနစ်ကိုဖွဲ့စည်းထားပြီးတော့မှ တပ်မဟာ (၁)မှာရှိတဲ့ KNLA ၊ PDF စစ်ကြောင်းတွေနဲ့ စစ်ဆင်ရေးမှာ ကျွန်တော်တို့  တော်လျှောက်ပါဝင်နေတာဖြစ်တယ်။ ယနေ့အချိန်ထိဆိုရင် တပ်နယ်(၁) သထုံဒေသ PPDF အနေနဲ့ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲပေါင်း ၄၀ ကျော်ကို ပါဝင်ဆင်နွှဲခဲ့ပြီးလည်းဖြစ်ပါတယ်။
ထို့အတူ တပ်နယ်(၃) ဖြစ်တဲ့ PNDF-Kham Koung ဆိုရင်လည်း  KNDF နဲ့ PDF စစ်ကြောင်းတွေနဲ့ ပူးပေါင်းပြီးတော့မှ သက်ဆိုင်ရာစစ်ဆင်ရေးဦးဆောင်သူရဲ့ ကွပ်ကဲမှုအောက်မှာ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
ယနေ့ ပင်လောင်းမြို့နယ်၊ နန်းနိမ်ကျေးရွာမှာ ကြုံတွေ့ခဲ့ရတဲ့ စစ်ကောင်စီရဲ့အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုမှာလည်း  KNDF နဲ့အတူ PNDF-Kham Koung ဟာလည်း မြေပြင်ထိသွားရောက်ပြီး ပူးပေါင်းဆောင်ရွက်တာမျိုးတွေ၊ စစ်ကောင်စီကျူးလွန်တဲ့အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုအတွက် ခိုင်လုံတဲ့သက်သေအထောက်အထားတွေ၊ မြေပြင်အချက်အလက်တွေကို ကောက်ယူရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သလိုပဲ ယနေ့ နောက်ဆက်တွဲပင်လောင်းမြို့နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင််ပအိုဝ်းတိုင်းရင်းသားလူထုတွေကိုလည်းပဲ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျမြေပြင်မှာ ကာကွယ်ရေးလုပ်ငန်းတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို  စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်နေကြပါတယ်။
တိုက်ပွဲပေါင်းများစွာကို ပါဝင်ဆင်နွှဲခဲ့ကြပေမယ့် PPDF ရဲဘော်တွေအနေနဲ့ ဒီနေ့ထိကျဆုံးရဲဘော်မရှိသေးပါဘူး။ သို့သော် ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်၊ ဆေးကုသမှုခံယူနေရတဲ့ရဲဘော်တွေတော့ရှိပါတယ်။ ကျဆုံးရဲဘော်မရှိဘူးဆိုတာက PPDF – Kham Dom မှာပါဝင်နေတဲ့ရဲဘော်တွေကို ကျွန်တော်တို့က သတ်မှတ်ထားတဲ့ စစ်ရေးပညာ၊ စစ်ရေးအရည်အချင်းတွေ ပြည့်ဝမှသာလျှင် တိုက်ပွဲမှာပါဝင်ခွင့်ပြုတာဖြစ်တယ်။
ကျွန်တော်တို့အရမ်းကာရော တိုက်ပွဲမှာပါဝင်တာမဟုတ်ဘဲနဲ့ စနစ်တကျ သင်ကြားပေးလိုက်တဲ့ စစ်ရေးဆိုင်ရာဘာသာရပ်တွေကို အမှန်တကယ်သိရှိ၊ နားလည်၊ သဘောပေါက်ပြီးတော့မှ ကျွန်တော်တို့က တိုက်ပွဲမှာ စိစစ်ပြီးတော့ ပါဝင်ခွင့်ပြုတာဖြစ်ပါတယ်။
ကျွန်တော်တို့ပါဝင်နေတာသည် တိုက်ပွဲမှာပါဝင်နေတာဖြစ်တယ်။ စစ်တိုက်ရင်သေတတ်ပါတယ်။ ဒါကျွန်တော်တို့ရဲဘော်တွေကို အမြဲတမ်းပြောတဲ့စကားပါ။ ‌မသေအောင်စစ်ပညာသင်ပေးတာဖြစ်တယ်။ ဒါကြောင့်စစ်ပညာတွေကို လေ့ကျင့်၊ သင်ကြားပေးတဲ့နေရာမှာ စစ်ပညာသည် ကိုယ့်အတွက်မသေဆေးပဲဖြစ်ပါတယ်။
ဒါကြောင့်သင်ကြားပေးတဲ့စစ်ပညာကို ရဲဘော်တွေလက်ထဲ၊ သူတို့ရဲ့ ဦးနှောက်ထဲ တကယ်ရောက်မရောက်ကို ကျွန်တော်တို့သေချာစွာစိစစ်ပြီးမှ အရည်အချင်းပြည့်မီမှသာလျှင် ရှေ့တန်းပို့တာဖြစ်တယ်။ တိုက်ပွဲမှာပါဝင်ခွင့်ပေးတာဖြစ်တယ်။  စစ်ဆင်ရေးဆိုတာလေ့ကျင့်ရေးပဲဖြစ်တယ်။ လေ့ကျင့်ရေးဆိုတာ စစ်ဆင်ရေးပဲဖြစ်တယ်။ ဒါကြောင့် ရဲဘော်တွေတစ်ဦးချင်းစီသည် မသေဆေးကို ရရှိပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက် တိုက်တိုင်းလည်း အနိုင်ရပြီးတော့ ကျဆုံးမှုဒီနေ့ထိ မရှိရခြင်းဖြစ်ပါတယ်။
မေး –  PPDF အနေနဲ့ နွေဦးတော်လှန်ရေးမှာ ဘယ်လို အယူအဆမျိုးကိုခံယူပြီး အာဏာရှင်ကို တိုက်ပွဲဝင်နေပါသလဲ။
ဖြေ – ကျွန်တော်တို့ချမှတ်ထားတဲ့ အမျိုးသားရည်မှန်းချက်၊ ပြည်ထောင်စုရည်မှန်းချက်ကိုပဲပြန်ပြောရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအတွက် အာဏာရှင်စနစ်ကိုအပြီးသတ်ဖယ်ရှားနိုင်ရမှာဖြစ်တယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလားတောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်နိုင်ဖို့ဆိုရင်လည်း အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားနိုင်ဖို့ဖြစ်တယ်။
ဒါကြောင့်ဖို့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ရည်မှန်းချက်ကို ကျွန်တော်တို့ချမှတ်ပြီးတော့မှ နွေဦးတော်လှန်ရေးမှာပါဝင်တာဖြစ်တယ်။
ကျွန်တော် ပအိုဝ်းလူမျိုးတွေကိုပြောလေ့ရှိတဲ့စကားတစ်ခုရှိပါတယ်။ ဘယ်လူမျိုးမှ တစ်ဆင့်နိမ့်အခွင့်အရေးကိုမလိုချင်ကြဘူး။ အခြားတိုင်းရင်းသားလူမျိုးနည်းတူ အမျိုးသားတန်းတူအခွင့်အရေးကိုပဲ လိုချင်ကြတာဖြစ်တယ်။ ဒါကြောင့်မို့ ပအိုဝ်းအမျိုးသားရေးစိတ်ဓါတ်၊ ပအိုဝ်းမျိုးချစ်စိတ်ဓါတ်ကို အမှန်တကယ်ရှိတယ်ဆိုရင် ပအိုဝ်းအနာဂတ်ကိုလည်း အမှန်တကယ်ချစ်ဖို့လိုတယ်။
အမှန်တကယ်မျိုးချစ်စိတ်ဓါတ်ရှိတယ်ဆိုရင် ပအိုဝ်းအနာဂတ်ကိုလည်းချစ်ဖို့လိုတယ်။ ဒါကြောင့်မို့ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်တဲ့နေရာမှာ ပအိုဝ်းအမျိုးသားရဲ့ အခန်းကဏ္ဍ၊ ပအိုဝ်းအမျိုးသားရဲ့အနာဂတ်ကို ဘယ်လိုပုံဖော်ချင်သလဲဆိုတာကိုတော့ ပအိုဝ်းလူမျိုးတွေ တစ်ဦးချင်းစီက ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးမေးရမယ့်မေးခွန်းဖြစ်လာပါတယ်။
ဒါကြောင့်မို့ တစ်ဆင့်နိမ့်အခွင့်အရေးကိုမလိုချင်ဘူး။ တန်းတူအခွင့်အရေးကိုလိုချင်တယ်ဆိုရင် အခွင့်အရေးကိုတောင်းဆိုသလိုပဲ တာဝန်ကိုလည်း ကိုယ်စီယူကြရမှာဖြစ်ပါတယ်။ Rights and Responsibility ဆိုတာက အခွင့်အရေးနဲ့တာဝန် ဒွန်တွဲနေပါတယ်။
ဒါကြောင့်မို့ တခြားတိုင်းရင်းသားတွေအနေနဲ့ ထင်းတစ်တုံးစီသယ်နေတဲ့အချိန်မှာ ကျွန်တော်တို့ပအိုဝ်းလူမျိုးတွေလည်း ထင်းတစ်ထုံးပါဝင်ပြီး ထမ်းဖို့လိုပါတယ်။ တစ်နေ့ … ထမင်းစားဝိုင်းကိုရောက်တဲ့အခါ အခြားတိုင်းရင်းသားလူမျိုးတွေအနေနဲ့ ထမင်းတစ်ပန်းကန်ရရင် ကျွန်တော်တို့ ပအိုဝ်းလူမျိုးလည်း ထမင်းတစ်ပန်းကန်ရရမယ်ဆိုတဲ့ ခံယူချက်နဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ရခြင်းဖြစ်ပါတယ်။
မေး – တောင်ပေါ်ပအိုဝ်းလူမျိုးအများစုဟာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဌာနေအသွင်ပြောင်းပြည်သူ့စစ် PNO/PNA ရဲ့ ‌အုပ်ချုပ်မှုအောက်မှာရှိနေပါတယ်။ ဒီလိုအခြေအနေမှာ မြေပြန့်ပအိုဝ်းလူမျိုးတွေက နွေဦးတော်လှန်ရေးမှာ တောင်ပေါ်ထက် ပိုပြီး ပါဝင်တဲ့အနေအထားမျိုးရှိလား။
ဖြေ – တောင်ပေါ်ပအိုဝ်းလူမျိုးအများစုဟာ PNO/PNA ရဲ့အောက်မှာ အုပ်ချုပ်ခံနေရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ပဲ သူတို့အနေနဲ့ ဒီနွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့အခွင့်အလမ်းတွေဟာ အင်မတန်နည်းတယ်။ ဘာကြောင့်လဲဆိုတော့ PNO/PNA သည်  အာဏာသိမ်းစစ်တပ်ရဲ့ အမိန့်ညွှန်ကြားမှုအောက်မှာ ရှိနေတဲ့ ဌာနေပြည်သူ့စစ်အဖြစ်အသွင်ပြောင်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးစနစ်ကို အသက်သွင်းတဲ့နေရာမှာ စစ်ကောင်စီရဲ့လက်ကိုင်တုတ်လည်းဖြစ်တယ်။ ဒါကြောင့်မို့ တောင်ပေါ်ဒေသမှာရှိတဲ့ ပအိုဝ်းလူမျိုးတွေကို နွေဦးတော်လှန်ရေးမှာ ပါဝင်ခွင့်မရှိအောင်နည်းမျိုးစုံနဲ့  အကြောက်တရားနဲ့ သူတို့ဖိနှိပ်နေကြတာဖြစ်တယ်။
ဒါကြောင့် တောင်ပေါ်ဒေသမှာနေထိုင်တဲ့ ပအိုဝ်းလူထုတွေအနေနဲ့  နွေဦးတော်လှန်ရေးမှာ ပါဝင်မှုဟာ ရှိနေတဲ့လူဦးရေနဲ့   နွေဦးတော်လှန်ရေးမှာပါဝင်တဲ့လူဦးရေ ကျွန်တော်တို့ရာခိုင်နှုန်းအားဖြင့်တွက်ချက်မယ်ဆိုရင် အင်မတန်မှနည်းပါတယ်။ အားမလို၊ အားမရအင်မတန်ဖြစ်ရပါတယ်။
တစ်ဘက် မြေပြန့်ဒေသမှာရှိတဲ့ ပအိုဝ်းလူထုတွေအနေနဲ့ မည်သူတစ်ဦးတစ်ယောက်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှု၊ တားဆီးပိတ်ပင်မှု၊ အနီးကပ်ခြိမ်းခြောက်မှုမရှိဘဲနဲ့မိမိတို့ရဲ့ လွတ်လပ်တဲ့သဘောဆန္ဒနဲ့ နွေဦးတော်လှန်ရေးမှာ ပိုပြီးပါဝင်ဖို့အခွင့်အလမ်းတွေရတဲ့အပေါ်မှာ မြေပြန့်ဒေသပအိုဝ်းလူမျိုးတွေရဲ့ ပါဝင်မှုက ပိုများရခြင်းဖြစ်ပါတယ်။
ဒီနွေဦးတော်လှန်ရေးမှာ ပအိုဝ်းအမျိုးသားအနေနဲ့ပါဝင်လာရေးအပါအဝင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှာ ပါဝင်လာနိုင်ရေးဖြစ်စေ၊ နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးအနေနဲ့ ပါဝင်လာနိုင်ရေးဖြစ်စေ မြေပြန့်ဒေသမှာရှိတဲ့ ပအိုဝ်းလူထုတွေရဲ့ ပူးပေါင်းမှု၊ ကြိုးစားအားထုတ်မှု၊ PPDF-Kham Dom ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်အများကြီးပါဝင်ပါတယ်။ မြေပြန့်ဒေသ ပအိုဝ်းလူထုရဲ့ ပအိုဝ်းအမျိုးသားအပေါ်ချစ်မြတ်နိုးတဲ့စိတ်၊ ပအိုဝ်းအမျိုးသားအနာဂတ်ကို အမှန်တကယ်ချစ်မြတ်နိုးတဲ့စိတ်တွေနဲ့ ခုနကလိုမျိုး PNO/PNA လိုအဖွဲ့အစည်းမျိုးမရှိတဲ့အတွက် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ကိုလည်း အချိန်တိုတိုအတွင်းမှာ စည်းရုံးပြီးမှဖွဲ့စည်းနိုင်ခဲ့တယ်။  NUCC မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ယနေ့ အချိန်ထိလည်း အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် NUCC အဖွဲ့အစည်းတွေမှာ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေးစသည်အားဖြင့် ကဏ္ဍပေါင်းစုံမှာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီအနေနဲ့ ဦးဆောင် ဆောင်ရွက်နိုင်တာလည်းဖြစ်ပါတယ်။
မေး – လတ်တလောမှာ တပ်ဖွဲ့အနေနဲ့ တွေ့ကြုံနေရတဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဖြေ – လတ်တလောကြုံတွေ့ရတဲ့အခက်အခဲထွေထွေထူးထူးမရှိပါဘူး။ သို့ပေမဲ့ တော်လှန်ရေးဆိုတာကတော့ အခက်အခဲတွေတော့အများကြီးရှိတယ်ပေါ့။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့အခက်အခဲတွေတော့ရှိတယ်။ ပြီးရင်လည်း ကျန်းမာရေး၊ သူနာပြု၊ ဆေးမှူး၊ ဆရာဝန်စသည်အားဖြင့်ပေါ့လေ ဒါမျိုးတွေတော့ ကျွန်တော်တို့မှာ မရှိဘူးပေါ့ဗျာ။ ပြီးရင်နည်းပညာပိုင်းမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေမရှိဘူး။  ဒါတွေနဲ့ပတ်သက်လို့ကျွန်တော်တို့မှာ အခက်အခဲတွေရှိတယ်။
နောက်စစ်ဘက်ဆိုင်ရာမှာဆိုရင်တော့ လက်နက်ခဲယမ်းတွေရဲ့လိုအပ်ချက်ကအမြဲတမ်းရှိနေသေးတယ်ပေါ့။ နောက်တစ်ခုကတော့ တပ်နယ်(၁) သထုံဒေသမှာ ဒရုန်းယူနစ်ကတော့ တောက်လျှောက်မစ်ရှင်မှာပါဝင်နေရတယ်။ ပါဝင်နေရတော့ ဒရုန်းပျက်စီးမှုတွေ၊ ရန်သူရဲ့ Drone Jammer (ဒရုန်းပျံသန်းဆက်သွယ်မှုဖြတ်တောက်စက်)တွေကြောင့် ပျက်စီးဆုံးရှုံးသွားတာတွေ၊ ရန်သူဘက်က လက်နက်နဲ့ပစ်ချခံရတာမျိုးတွေကြုံတွေ့ရတယ်။ ဒါကြောင့် ပြန်လည်ပြင်ဆင်စရိတ်တွေလိုအပ်တယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ဒရုန်းတွေအတွက် ပြန်လည်ဝယ်ယူဖို့ ဒါမျိုးတွေလည်းလိုအပ်တယ်။
ပြီးခဲ့ရက်ကမှ တပ်မ ၄၄ တပ်မမှူးရဲ့အိမ်ကို ကျွန်တော်တို့ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်။  အဲဒီမှာ ရန်သူဘက်က ပြန်လည်ပစ်ခတ်တဲ့အပေါ်မှာ ဒရုန်းနှစ်စင်းပျက်စီးဆုံးရှုံးသွားတယ်။ ဘာပဲပြောပြောကျွန်တော်တို့ တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုကတော့ မကြာခဏကြုံရတယ်။ ဒါကြောင့် ပျက်စီးသွားတဲ့ဒရုန်းတွေပြန်လည်ဝယ်ယူဖို့၊ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ချက်တွေ စရိတ်စကတွေရှိနေဆဲပဲဖြစ်ပါတယ်။
မေး – တပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေကို ဘယ်သူတွေက ထောက်ပံ့ပေးကြပါသလဲ။
ဖြေ – အဓိက PPDF – Kham Dom ရပ်တည်နေတာသည် နိုင်ငံတကာရောက်နေတဲ့ ပအိုဝ်းအင်အားစုတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ကျွန်တော်တို့ရပ်တည်နေတာဖြစ်တယ်။ ယနေ့အခြေအနေမှာ ကျွန်တော်တို့ ရပ်တည်နိုင်အောင် တိုက်ပွဲတွေမှာပါဝင်နိုင်အောင်၊ တိုက်ပွဲဆင်နိုင်ဖို့ဆိုတာက နိုင်ငံတကာရောက်ပအိုဝ်းအင်အားစုတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ပြည်သူလူထုတွေရဲ့ အဓိကကူညီပံ့ပိုးမှုတွေကြောင့် ကျွန်တော်တို့  ရပ်တည်နေတာဖြစ်ပါတယ်။
မေး – တပ်ဖွဲ့ဝင်အသစ်ဖြစ်လာမယ့်သူတွေကို တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ ဘာများပြောကြားချင်ပါသလဲ။
ဖြေ – ပြောလိုတာက ကျွန်တော်တို့ပအိုဝ်းတိုင်းရင်းသားအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံသည် အမှန်တကယ်စစ်မှန်တဲ့ငြိမ်းချမ်းတဲ့ပြည်ထောင်စုကို လိုချင်တာဖြစ်တယ်။ ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုချင်တာဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့အမျိုးသားတန်းတူရေးကို လိုချင်တယ်ဆိုရင်  အာဏာရှင်စနစ်ကို လုံးဝဖယ်ရှားနိုင်ဖို့လိုပါတယ်။
စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ အမျိုးသားတန်းတူရေးဆိုတာဘယ်လိုမှမရနိုင်သလို အမှန်တကယ်ထာဝရတည်မြဲတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကိုလည်း ဘယ်လိုမှဖော်ဆောင်လို့မရနိုင်ပါဘူး။ ဒါကြောင့်မို့ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးသည် ပအိုဝ်းအမျိုးသားရေးတာဝန်အဖြစ်နဲ့ ခံယူတတ်ဖို့လိုတယ်။
ပအိုဝ်းမျိုးချစ်စိတ်ဓါတ်၊ အမျိုးသားရေးစိတ်ဓါတ်အမှန်တကယ်ရှိတယ်ဆိုရင်  ပအိုဝ်းအနာဂတ်ကိုလည်း အမှန်တကယ်ချစ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့လူမျိုးကိုချစ်ရင် ကိုယ့်ရဲ့လူမျိုးအနာဂတ်ကိုလည်း ချစ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ အာဏာရှင်ချုပ်ငြိမ်းရေးနဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခင်းအကျင်းမှာ ပအိုဝ်းအမျိုးသားလည်းပဲ အခြားတိုင်းရင်းသားနည်းတူ အမျိုးသားတန်းတူရေးကို ရရှိပြီးတော့မှ အခြားအမျိုးသားပြည်နယ်ရှိသကဲ့သို့ ပအိုဝ်းပြည်နယ်လည်းပဲ တည်ဆောက်နိုင်ဖို့လိုအပ်ပါတယ်။
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ပအိုဝ်းပြည်နယ်ပေါ်ထွန်းရေးသည် ပအိုဝ်းအမျိုးသားရဲ့အနာဂတ်ဖြစ်ပါတယ်။ ဒါသည် ပအိုဝ်းအမျိုးသားအနေနဲ့ တန်းတူရေးကိုဖော်ဆောင်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ပအိုဝ်းအနာဂတ်ကိုဖော်ဆောင်တဲ့နေရာမှာ ပအိုဝ်းတစ်မျိုးသားလုံး လူကြီး၊ လူငယ်၊ လူလတ်၊ ရဟန်းရှင်လူ၊ ပအိုဝ်းမိဘပြည်သူအားလုံးမှာ ကိုယ်စီကိုယ်ငှ တာဝန်ရှိကြတယ်။ ဒါသည် ပအိုဝ်းအမျိုးသားရေးတာဝန်တစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်ထောင်စုအရေးအတွက် တိုက်ပွဲဝင်ရင်း ပအိုဝ်းအမျိုးသားရေးတာဝန်ကိုလည်း ကျွန်တော်တို့  ထမ်းဆောင်ကြရပါမယ်။ ပအိုဝ်းအနာဂတ်အတွက် ပအိုဝ်းလူမျိုးကိုယ်တိုင်ကပဲ ကိုယ်တိုင်အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ပအိုဝ်းအနာဂတ်အတွက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသစ်တည်ဆောက်နိုင်ရေးအတွက် အနာဂတ်ပအိုဝ်းပြည်နယ်တည်ဆောက်ရေးဆိုတဲ့ ပအိုဝ်းအနာဂတ်၊ ပအိုဝ်းကံကြမ္မာအတွက် တိုက်ပွဲဝင်ပေးဆပ်နေခြင်းသည် ကျွန်တော်တို့ရဲ့ အသက်၊ ခန္ဓာ၊ ဘဝ၊ အနာဂတ်တွေကို ပေးဆပ်ပြီး တိုက်ပွဲဝင်နေခြင်းသည် မွန်မြတ်သော၊ ကြီးမြတ်သော ပေးဆပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပအိုဝ်းလူမျိုးတစ်ယောက်အနေနဲ့ မြင့်မြတ်စွာရှင်သန်နိုင်ဖို့ ပါဝင်တော်လှန်နေခြင်းကို ဂုဏ်ယူနေဖို့ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
မေး – ကျွန်တော်တို့မေးတဲ့အထဲမပါတာပဲဖြစ်ဖြစ်၊ ထပ်ပြီး ဖြည့်စွက်ပြောကြားစရာရှိရင်ပြောပေးပါဦး။
ဖြေ – ပအိုဝ်းမိဘပြည်သူ၊ ပအိုဝ်းလူထုအပါအဝင်၊ အခြားသော ပြည်သူလူထုအားလုံးကိုပြောချင်တာက ယနေ့နွေဦးတော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတာသည် လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို အငြိုးအတေးအမုန်းတရားတွေနဲ့ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ပြည်ထောင်စုရဲ့အနာဂတ်အတွက် အာဏာရှင်စနစ်ကို တော်လှန်ဖယ်ရှားနေတာဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့စနစ်က အင်မတန်အရေးကြီးပါတယ်။ မြေပြင်မှာပြည်သူလူထုတွေရဲ့ အမြင်တွေ အမျိုးမျိုးကျွန်တော်တို့ကြားသိရတယ်။ ပအိုဝ်းလူမျိုးမပပျောက်ဖို့အတွက်၊ စာပေယဉ်ကျေးမှုတွေ၊ ရိုးရာတွေ၊ ဘာသာစကားတွေ၊ ပညာရေးတွေ ဒါတွေကို ဆောင်ရွက်နေကြတယ်ဆိုတာ တွေ့ရတယ်။ မှန်ပါတယ် မိဘပြည်သူတွေထင်မြင်ယူဆချက်တွေဟာ အရမ်းအရေးကြီးပါတယ်။ လူမျိုးတစ်မျိုးမှာ စာပေယဉ်ကျေးမှုတွေ၊ ဝတ်စားဆင်ယင်မှု၊ သမိုင်းကြောင်းတွေဟာ အရမ်းအရေးကြီးပါတယ်။
ဒါပေမဲ့ လူမျိုးတစ်မျိုးရဲ့အနာဂတ်မှာ အမျိုးသားတန်တူရေးရဖို့၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တခြားလူမျိုးတွေရဲ့ကြားမှာ ဂုဏ်သိက္ခာရှိရှိနဲ့ လွတ်လပ်၍ သီးခြားရပ်တည်တဲ့လူမျိုးဖြစ်ဖို့ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့ စနစ်ဆိုးကို ကျွန်တော်တို့က ဖယ်ရှားနိုင်ဖို့လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့စနစ်က အုပ်ချုပ်နေတဲ့အစိုးရကိုဖြစ်စေ ကောင်းမွန်စွာထိန်းကျောင်းနိုင်တဲ့စနစ်ဖြစ်ဖို့လိုအပ်ပါတယ်။
အဲလိုမဟုတ်ဘဲနဲ့ လူတစ်စုကမှ နိုင်ငံတစ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေကို လုပ်ချင်သလိုလုပ်၊ မှောက်ချင်သလိုမှောက်လို့ရနေတယ်ဆိုရင် ဒီနိုင်ငံဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မယ့်ကိန်း၊ ကျဆုံးနိုင်ငံ ဆိုက်ရောက်မယ့်ကိန်းကို မလွဲမသွေရောက်ရှိသွားမှာဖြစ်တယ်။
ဒါကြောင့်မို့နိုင်ငံတစ်နိုင်ငံမှာ တရားမျှတပြီးတန်းတူရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်ဖို့ဆိုရင် ကျွန်တော်တို့အာဏာရှင်စနစ်ဆိုးကို ဖယ်ရှားနိုင်ဖို့အတွက်လိုအပ်သလို ကောင်းမွန်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံလိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလည်း ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် လိုအပ်ပါတယ်။ စနစ်သာလျှင်အဓိက၊ စနစ်သာလျှင် အခရာကျတယ်ဆိုတာကို ပအိုဝ်းမိဘပြည်သူတွေကိုသိစေချင်ပါတယ်။

#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."