ငါန်းဇွန်၊ရေဦး – ၂၀၂၁ နိုဝင်ဘာ ၄ (မော်ကွန်း)
ငါန်းဇွန်မြို့နယ်နဲ့ ရေဥဦးမြို့နယ်တွေက ခြင်းခတ်နေတဲ့ လူငယ်တွေနဲ့ ဂိမ်းဆော့နေတဲ့ ဆယ်ကျော်သက်တွေကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ နိုဝင်ဘာလ ၃ ရက် ညနေပိုင်းက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ရှိ မြေစာရင်းရုံးဝန်း အတွင်း ခြင်းခတ်နေကြတဲ့ မြို့ခံလူငယ်တွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူထဲက တစ်ဦးကလွဲလို့ ဒီကနေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
“နိုဝင်ဘာ ၂ ရက်နေ့ညပိုင်းက ငါန်းဇွနယ်က မိုင်တဲတာဝါတိုင်တစ်တိုင် ဖောက်ခွဲခံရတာနဲ့ပတ်သက်ပြီး စစ်ဆေးတာလို့ပြောတယ်။ ပါသွားတဲ့သူတွေထဲက ကုလရွာသားတစ်ယောက်ကိုတော့ ဆက်ပြီး ဖမ်းဆီးထားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာလည်း ဒီကနေ့ မနက် ၁၀ : ၃၅ ဝန်းကျင်က တင်းတိန်ရံကျေးရွာအဝင် မူးရိုးအနီးတဲတစ်လုံးမှာ စုထိုင်ပြီး စကားပြောဂိမ်းဆော့နေကြတဲ့ ဆယ်ကျော်သက် (၅)ယောက်ကို စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်တွေနဲ့ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တခြားနယ်တွေမှာလည်း လိုင်စင်သက်တမ်းကုန်နေတဲ့ဆိုင်ကယ်တွေကို ပိုက်စိပ်တိုက်ဖမ်းဆီးနေပြီး ငွေသိန်းချီပေးရွေးရတာတွေ၊ ယာဥ်ပိုင်ရှင်ကိုပါ ဖမ်းဆီးတာမျိုးတွေ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။
#Dailynews

