ရန်ကုန် – ၂၀၂၅ ဧပြီ ၂ (မော်ကွန်း)
မြေငလျင်လှုပ်ခတ်ပြီး ငါးရက်အကြာ ဒီနေ့မှာ အဆောက်အဦအပျက်တွေကြား ပိတ်မိနေသူ သုံးဦးကို ကယ်ဆယ်ရေးအဖွဲ့တွေ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက်ပိုင်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်က ဟိုတယ်အေးချမ်းသာယာ ခြောက်ထပ်အဆောက်အဦရဲ့ အောက်ဆုံးနှစ်ထပ်မှာပိတ်မိနေတဲ့ ဟိုတယ်ဝန်ထမ်းအမျိုးသားတစ်ဦးကို မနက်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၎င်းအဆောက်အဦမှာပဲ ထပ်မံပိတ်မိနေသေးတဲ့ နောက်ထပ်ဟိုတယ်ဝန်ထမ်းတစ်ဦးကိုလည်း မွန်းလွဲပိုင်းမှာ ထပ်မံကယ်ထုတ်နိုင်ခဲ့တာပါ။
ဒီကယ်ဆယ်ရေးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့အတူ တူရကီနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ငါးရက်ကြာပိတ်မိနေတဲ့ ၎င်းအမျိုးသားနှစ်ဦးကို ကယ်ဆယ်ဖို့အတွက် ရှာဖွေကယ်ဆယ်မှု ကြာချိန် ၁၀ နာရီကျော်ကြာမြင့်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်က ပြိုကျသွားတဲ့ စွယ်တော်နန်းတည်းခိုခန်းမှာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကိုလည်း ဒီနေ့ မွန်းလွဲ ၃ နာရီခန့်မှာ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ၎င်းတည်းခိုခန်း သုံးထပ်အဆောက်အဦ ပြိုကျပျက်စီးခဲ့ပြီး တည်းခိုနေသူတချို့ ပိတ်မိနေခဲ့တာပါ။
၎င်းပိတ်မိနေသူတွေအနက် နှစ်ဦးရဲ့ ရုပ်အလောင်းကို အရင်ရှာတွေ့ခဲ့ပြီး ကျန်ရှိနေတဲ့ အသက်ရှင်ကျန်နေသူတစ်ဦးကို ဒီနေ့မွန်းလွဲပိုင်းမှာ ထပ်မံဖော်ထုတ်ကယ်ဆယ်နိုင်ခဲ့တာပါ။
ဒီအင်အားပြင်းငလျင်ကြောင့် တစ်နိုင်ငံမှာ သေဆုံးသူ ၂,၉၀၀ နီးပါးထိ ရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၄,၆၀၀ ကျော်နဲ့ ပျောက်ဆုံးသူဦးရေ ၇၀၀ ကျော် ရှိတယ်လို့ ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။
လက်ရှိမှာ တရုတ်၊ အိန္ဒိယနိုင်ငံတွေအပြင် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။

ပုံစာ – ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့မြင်ကွင်း
ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

