ကျော်ဇေယျာထွန်း
ငပလီ၊ ဖေဖော်ဝါရီ- ၂၁
ငပလီကမ်းခြေမြို့ ၊ ပုလဲကျွန်းတွင် ဝေလငါးအသေတစ်ကောင် ယနေ့တွင် ကမ်းတင်ခဲ့သည်။
ဝေလငါးအသေသည် ယမန်နေ့က ပုလဲကျွန်းအနီးပင်လယ်ပြင်တွင် မျောနေရာမှ ယခုလို ကမ်းတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဝေလငါးအသေကို လွန်ခဲ့သည့် သုံးရက်က အုန်းတစ်ပင်ကျွန်းအနီးတွင် ငါးဖမ်းသမားများ တွေ့ခဲကြောင်း၊ မြောက်လေတိုက်သဖြင့် ယခုလို ငပလီကမ်းခြေဘက်သို့ ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံ ရေလုပ်သားများက ဆိုသည်။
” ငါးမှာပတ်နေတဲ့ ပိုက်က ကမ်းနားမှာ သုံးတဲ့ပိုက်၊ ရေထဲ မျောလာရင်း ပိုက်နဲ့ငြိတာ” ဟု ပုလဲကျွန်းသို့ ဧည့်ဆွဲစက်လှေမောင်းသူ ဦးမင်းနိုင်က ဆိုသည်။
ဝေလငါးအသေကို ဒေသခံ လူကြီး၊ လူငယ်၊ ကလေးများနှင့် ခရီးသွားဧည့်သည်တချို့ လာရောက်ကြည့်ရှုလျက်ရှိသည်။
ငပလီကမ်းခြေမြို့ ၊ ဂြိတ်တောရပ်ကွက်( ပုလဲကျွန်း)သို့ ဝေလငါးအသေကမ်းတင်ခြင်းသည် ယခု အကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကလည်း ယခုထက် အရွယ်အစားကြီးသည့် ဝေလငါးအသေတစ်ကောင် ဂြိတ်တောရွာ၊ မဒေးတောင်အနီးတွင်ကမ်းတင်ခဲ့ဖူးကြောင်း ဒေသခံများကဆိုသည်။
ဓာတ်ပုံ – ကျော်ဇေယျာထွန်း
#Dailynews