ဂန္တဝင်တောင်လေးလုံး လွမ်းပါလေရစ် တောင်လေးလုံး

ဂန္တဝင်တောင်လေးလုံး လွမ်းပါလေရစ် တောင်လေးလုံး

ကလောင်အမည်။ ။ ကိုပညာ(အမရပူရ)
ရဟန်းဘွဲ့။ ။ အရှင်ပညာဇောတ
ဟုတ်ကဲ့။ အမရပူရ တောင်သမန်အင်းစောင်းမှာ ရှိတဲ့ တောင်လေးလုံးကျောင်းတိုက်မှာ သီတင်းသုံးတော်မူခဲ့တဲ့ ဆရာတော်ပါ။ အထက်အညာတစ်ခွင်မှာတော့ စာနဲ့ ပေနဲ့ သမိုင်းနဲ့ သုတေသနနဲ့ နေတဲ့ ရဟန်းစာဆို စာရေးဆရာ ကိုယ်တော်တစ်ပါးအဖြစ် အများက ကြည်ညိုချစ်ခင် လေးစားရိုသေကြပါတယ်။

ဆရာတော်က ၁၉၃၃ ခု ဖွား။ အမရပူရ ဇာတိချက်မြှုပ်။ ကိုးနှစ်သားမှာ ရှင်သာမဏေပြုပြီး ၁၉၄၉ ခုနှစ်မှာ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသဆီမှာ ပရိယတ္တိစာပေတွေ သင်ယူခဲ့ပြီး ၁၉၅၁ မှာ ရဟန်းဘောင်ကို ရောက်တယ်။ ၁၉၆၂ မှာ ဓမ္မာစရိယဘွဲ့ကို ဂုဏ်ထူးနဲ့တကွ အရယူနိုင်ခဲ့တယ်။ ၁၉၅၅ ကတည်းက ဆရာတော်ဟာ မြန်မာစာပေလောကထဲကို ချဉ်း နင်းလာခဲ့ပြီး ၁၉၆၈ မှာ ‘ကိုပညာ(အမရပူရ)’ဆိုတဲ့ ကလောင် တစ်ချောင်းကို ထူထောင်နိုင်ခဲ့တယ်။ သူက သမိုင်းနဲ့ ရှေးဟောင်း သုတေသနဘက်မှာ အားသန်တယ်။ လက်တွေ့ဆည်းပူးတယ်။ မောင်သုတ၊ ခင်မကန်ကျောင်းဆရာတော် အရှင်ဝါသဝ၊ မဟာ ဝိဇ္ဇာ ဦးမောင်မောင်တင်၊ ဒေါက်တာသန်းထွန်းတို့နဲ့အတူ ကွင်း ဆင်းလေ့လာဖော်ထုတ်မှုတွေ ပြုလေ့ရှိတယ်။ သူ့ကျောင်းတိုက် ဟာ စာသမား၊ ကဗျာသမားတွေရဲ့ ခိုလှုံရာ၊ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်ကျင်လည်ရာ နေရာထိုင်ခင်းဖြစ်လာတယ်။ ၁၉၈၅ ခု လူထုဒေါ်အမာ အသက် ၇ဝ ပြည့် မွေးနေ့ပွဲကို တောင် လေးလုံးမှာ ကျင်းပရာက အစပြုပြီး တောင်လေးလုံးနဲ့ ကိုပညာဟာ အညာ တစ်ခွင်က စာသမားတွေရဲ့ နှလုံးသားထဲမှာ နေရာတစ်နေရာ ရခဲ့ တယ်။ အားကိုးအားထားပြုရာ တစ်နေရာအဖြစ် ထွန်းကားခဲ့ တယ်။ ဆရာတော်ကိုယ်တိုင်လည်း စံပယ်ဖြူ၊ ကလျာ၊ သောင်း ပြောင်းထွေလာ၊ သွေးသောက်၊ မိုးဂျာနယ်၊ ဟံသာဝတီ၊ အတွေး အမြင်၊ ရတနာမွန်၊ စာပေဂျာနယ်၊ ပန်၊ ငွေတာရီ၊ ပေဖူးလွှာ၊ မဟေသီ၊ ရွှေအောင်လံ အစရှိတဲ့ စာနယ်ဇင်းတွေမှာ အလျဉ်း သင့်သလို စာတွေ စဉ်ဆက်မပြတ် ရေးခဲ့တယ်။ သူ့စာတွေဟာ သူ့ ဘဝထဲက သူ့နှလုံးခုန်သံထဲက ထွက်လာတာတွေပါပဲ။ သူ့ သံယောဇဉ်အရ သူရေးခဲ့ရာမှာ ကာလသုံးပါးနဲ့ လိုက်လျောညီ ထွေမှုတွေအပြင် ဆင်ခြင်စရာတွေ၊ အမှတ်အသားပြုစရာတွေ၊ အောက်မေ့စရာတွေလည်း ပါတယ်။

ဆရာတော်ဟာ စာနဲ့ ပေနဲ့ မွေ့လျော်ရာမှာ သူ့မိခင် မူလ ဘူတဖြစ်တဲ့ ဘာသာသာသနာအရင်းခံ ကိစ္စအဝဝမှာ သူ့တပ်သူ လုံခဲ့သူဖြစ်တယ်။ ဓမ္မာစရိယဘွဲ့ကို ဂုဏ်ထူးနဲ့ ရထားသူပီပီ ကျမ်း ဂန်ကို ကျွမ်းတယ်။ ကျမ်းတတ်ပုဂ္ဂိုလ်ဖြစ်ပေမယ့် လောကီစာပေ တွေဘက်မှာ ပေါ့လျော့မှုရှိမယ်လို့ ထင်ရင် မှားလိမ့်မယ်။ လက်ရှိ မြန်မာစာပေလောကကိုလည်း သူက မလစ်ဟင်းဘူး။ ကာလပေါ် စာနယ်ဇင်းတွေနဲ့လည်း ဆရာတော်က တရင်းတနှီး ရှိလှပေ တယ်။ အခါအားလျော်စွာ သူက စိတ်လိုလက်ရ ဟန်ကျပန်ကျ ဝင်ရေးလေ့ရှိပြန်တယ်။ အထောက်အထား၊ မှတ်တမ်းမှတ်ရာ၊ အချက်အလက်၊ စကားသက်သေ စာသက်သေ၊ အကိုးအကား၊ ရုပ်ပုံကားချပ်၊ အဆိုအမှတ် ဆိုတာမျိုးတွေကို သူက ရသယှက်ပြီး ရေးနိုင်တယ်။ သေချာတာတစ်ခုကတော့ ရိုးသားမှုပဲ။ ဆရာတော့် စာတွေဟာ သဘောဖြူအူစင်းတွေ ဖြစ်တယ်ဆိုတာ ဖတ်မိရင် ချက်ချင်းသိနိုင်တဲ့ စာတွေ ဖြစ်နေတယ်။

သူ့ဘဝ၊ သူ့သီလသမာဓိပညာ၊ သူ့ ဇွဲလုံ့လဝီရိယတွေကို သူ့ စာတွေမှာ အထင်အရှားတွေ့ရတယ်။ အလားတူပဲ သူ့ခံစားမှုကို လည်း မြင်ရပေတယ်။ သူ့ပင်ကိုသဘာဝကလည်း ပတ်ဝန်းကျင် အပေါ်မှာ သက်ဝင်စီးမျောမှု ရှိတယ်။ သူ့ဝန်းကျင် တောင်သမန် တခိုဟာ သူ့ရင်ထဲမှာ ထာဝရအလှတွေနဲ့ ပြည့်စုံနေတယ်။ သူခိုလှုံ ခဲ့ရာ မဟာဂန္ဓာရုံရဲ့ အငွေ့အသက်တွေဟာ သူ့ဝိညာဉ်မှာ ယှက် သန်းလွှမ်းခြုံနေခဲ့တယ်။ စာဆိုအရှင်ဟာ ငယ်ဖြူဖြစ်တဲ့ အလျောက် သူ့ဘဝဟာ ငြိမ်းအေးမှုနဲ့ ပြည့်စုံပြီး အရာရာကို သူ က သဘာဝတ္တဗေဒနဲ့ပဲ တိုင်းတာကျင့်သုံးပြီး ဓမ္မအတိုင်း သူနေ ထိုင်တယ်။ စာပေအပေါ်မှာ သံယောဇဉ်ကြီးသလို စာပေအနု ပညာရှင်တွေအပေါ် တိမ်းညွှတ်မှု အလုံအလောက်ထားရှိတယ်။ သူ့တောင်လေးလုံးမှာ အကြောင်းသင့်လို့ ခိုလှုံလာကြတဲ့ စာပေ နယ်ပယ်က အချို့အချို့သော ပုဂ္ဂိုလ်များအပေါ် စောင့်ရှောက် ကြင်နာတယ်။ ကျောသားရင်သား မခွဲခြားဘဲ အလိုလိုက်တယ်။

၁၉၈၅၊ နိုဝင်ဘာမှာ လူထုဒေါ်အမာရဲ့ အသက် ၇ဝ ပြည့် မွေးနေ့ကို တောင်လေးလုံးကျောင်းတိုက်မှာ သံဃာတော် အရှင် မြတ်တွေကို ဆွမ်းကပ်ပြီး မိတ်သင်္ဂဟတွေနဲ့ သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ရာက အစပြုပြီး ဆရာတော်ကိုပညာရဲ့ တောင်လေး လုံးကျောင်းတိုက်ဟာ မန္တလေးနဲ့ အညာတစ်ခွင်က စာသမားတွေ ရဲ့ စုရပ်ဖြစ်လာလိုက်တာ ဒီကနေ့အထိပါပဲ။ ခုတော့ စာပေနဲ့ ပတ် သက်တာ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တာ၊ ရပ်ဓလေ့ ရွာဓလေ့နဲ့ ပတ်သက်တာဆိုတဲ့ ကိစ္စတွေနဲ့ စာသမား၊ ကဗျာသမားတွေ ပါ ဝင်ကြမယ့် ပွဲဆိုရင် ဆရာတော်ရဲ့ တောင်လေးလုံးမှာပဲ စုဝေးကြ၊ ဝိုင်းဖွဲ့ကြ၊ အခမ်းအနား ခင်းကျင်းကြ ဖြစ်နေပါပြီ။ အစဉ်အလာ ရှိတဲ့ တောင်လေးလုံးဟာ မန္တလေးစာပေရပ်ဝန်းရဲ့ မဏ္ဍိုင်ကြီးလို့ ပြောရင် လွန်အံ့မထင်။

ဆရာတော် ဘဝနတ်ထံပျံတော်မူပြီးမှ ဆရာတော့်စာအုပ် အသစ်တစ်အုပ် ထွက်လာတယ်။ စာအုပ်နာမည်က ‘တောင် သမန်အလွမ်းစာများ’တဲ့။ ရာပြည့်က ထုတ်တာ။ ၂ဝ၁၆၊ မေ ဆရာတော်ပျံတော်မူပြီး ခုနစ်လအကြာ ၂ဝ၁၆၊ နိုဝင်ဘာမှာ ရာ ပြည့်က စာအုပ်ထွက်လာနိုင်တယ်။ အဲဒီစာအုပ်အတွက် လူထု စာကြည့်တိုက်က ကိုအောင်မြင့်ဦးရဲ့ အကူအညီကို ရယူခဲ့ရသလို ‘ကိုပညာ(အမရပူရ)စာစုစာရင်း’ကို  ပြုစုခဲ့တဲ့ မယဉ်ယဉ်လှရဲ့ စာတမ်းကိုလည်း အားကိုးအားထား ပြုခဲ့ရတယ်လို့ ထုတ်ဝေသူ က မှတ်ချက်ပြုပါတယ်။

‘…အလွမ်းစာ’ကို တောင်သမန်ဝန်းကျင်၊ တောင်လေးလုံး နဲ့ မဟာဂန္ဓာရုံ၊ အလွမ်းစာများနဲ့ ပေးစာများ ဆိုပြီး ကဏ္ဍလေးခု ခွဲထားပေးပါတယ်။ အဲဒီလို ကွဲပြားအောင် ခွဲခြားပေးလိုက်လို့ စာအုပ်က ဖတ်ရတာ ချောမွေ့သွားတယ်။ တောင်သမန်ဝန်းကျင် မှာ ၁၃ ပုဒ်၊ တောင်လေးလုံးနဲ့ မဟာဂန္ဓာရုံမှာ ၁၁ ပုဒ်၊ အလွမ်းစာ များမှာ ၁၇ ပုဒ်နဲ့ ပေးစာများမှာ ၉ ပုဒ်၊ စုစုပေါင်း ၅ဝ။

ဒီစာတွေဟာ စင်စစ်တော့ ခုလို စုစည်းမပေးရင်၊ ခုလို ထုပ် ထုပ်ပိုက်ပိုက် လုပ်မပေးထားရင် မှေးမှိန်တိမ်ကောပြီး ဟိုလိုလို သည်လိုလိုနဲ့ မေ့မေ့လျော့လျော့ ဖြစ်သွားရမယ့် စာတွေပါ။ တန် ဖိုးရှိတာကို မသိနိုင်လောက်အောင် ဖြစ်ကြရမယ့် အခြေအနေက နေ စာတစ်အုပ်အဖြစ် သတ်သတ်မှတ်မှတ် ထုတ်ဝေဖြစ်တာဟာ စာပေလောက၊ သုတေသီလောက၊ သမိုင်းလောကအတွက် အလွန်ကျေးဇူးများလှပါတယ်။ တချို့သော အကြောင်းခြင်းရာ တွေဟာ ပါးစပ်ရာဇဝင်အဖြစ် တည်တံ့ခဲ့ကြသော်ငြား စာနဲ့ တင် ပေးပါမှ အထောက်အထားရကြရတဲ့ သဘာဝပါ။ ဒီစာအုပ်ထဲက စာအတော်များများဟာ ကိုပညာ(အမရပူရ)ရဲ့ ကိုယ်တွေ့ကိစ္စ တွေသာ ဖြစ်ပြီး သူတစ်ဦးတည်းသာ သိထား၊   ကြုံထား၊ တွေ့ထား တာတွေမို့ သူပြန်ပြောမှ ပြန်ရေးသား ဖော်ထုတ်ပြမှသာ အများ က သိကြရတာတွေ ဖြစ်တယ်။ သမိုင်းကွင်းဆက်တွေအဖြစ် သူ့ ဆီက တစ်ဆင့် သိကြရတာတွေဟာ သီးသန့်ဆန်ပါတယ်။

ဒီတောင်သမန်အလွမ်းစာများထဲက မောင်သုတ၊ ညိုမြ၊ ရွှေကိုင်းသား၊ အရှင်ဇနကာဘိဝံသ၊ ဒဂုန်တာရာ၊ သုခ၊ လူထု ဦးလှ၊ လူထုဒေါ်အမာ၊ ငွေဥဒေါင်း၊ ဒေါက်တာသန်းထွန်း၊ နီမောင် တို့ရဲ့ ပုံရိပ်တွေဟာ ကိုပညာနဲ့ ဆက်စပ်နေခဲ့တဲ့ သီးသန့်ပုံရိပ်တွေ သာ ဖြစ်ပြီး သူ မဝေငှရင် ဘယ်လိုမှ ဘယ်သူမှ မသိနိုင်တဲ့ ရုပ်ပုံ ကားချပ်တွေသာ ဖြစ်တယ်။ စုစည်းမှုမရှိရင် တစ်စတစ်စနဲ့ လွင့် ပါးသွားဖို့ သေချာသလောက်ပေါ့။

အခု အဲဒီလို အမြုတေတွေကို စာမှန်၊ နေရာမှန် ရောက် အောင် ဆောင်ရွက်ပေးကြသူတွေရဲ့ ကျေးဇူးကြောင့် တောင် သမန်ကို စာရေးဆရာ နည်းတူ လွမ်းခွင့်ရကြပါပြီ။ ကိုပညာကို မသိကြသေးသူ၊ မရင်းနှီးကြသေးသူတွေအတွက် ဒီစာအုပ်ဟာ ကိုပညာကို စာချစ်သူ၊ စာအစပျိုးသူတွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ စာတစ်အုပ်လို့ဆိုရင် အားလုံးက သဘောတူကြမှာပါ။ အတ္ထုပ္ပတ္တိ တစ်ပိုင်းတစ်စ၊ သမိုင်းတစ်ပိုင်းတစ်စနဲ့ သုတေသနစိတ်၊ မှတ် တမ်းမှတ်ရာတွေကို ထိန်းသိမ်းလိုတဲ့ စိတ်အခြေခံတွေအတွက် လမ်းစဖော်ပေးရာလည်း ရောက်တယ်။ သာမန်သိရရင်တော်ပြီ လို့ သဘောထားပြီး ဖတ်မယ်ဆိုရင်လည်း ကျေနပ်စရာကောင်း တယ်။ အမှုတစ်စုံတစ်ရာအတွက် သဲလွန်စ ဖော်ပေးတဲ့ စာစုတွေ လို့ သတ်မှတ်လို့လည်း ရတယ်။ စိတ်ကောင်းစေတနာကောင်းကို နှိုးဆော်ပေးတဲ့ စာအုပ်လည်း ဖြစ်နေတယ်။

ရာပြည့်စာအုပ်အမှတ်စဉ် ၄၃၆၊ ပထမအကြိမ်၊ နိုဝင်ဘာ၊ ၂ဝ၁၆၊ အုပ်ရေ ၈ဝဝ၊ တန်ဖိုး ၃,၅ဝဝ၊ ကာဗာ ကျော်မင်းမောင်၊ စာမျက်နှာ ၂၉၂၊ ၁ဝ ချိုး၊ အနှောင့်ကော်ကပ်၊ စာကြည့်တိုက် အòန်းမပါ၊ လူပုဂ္ဂိုလ်၊ သမိုင်းအချက်အလက်၊ နေရာဒေသ၊ ရသ အဖွဲ့အနွဲ့၊ သုတေသနလမ်းကြောင်း၊ အရေးအဖွဲ့ ပြေပြစ်မှု၊ ဆီဆီ လျော်လျော် အခင်းအကျင်းဆိုတာမျိုးတွေအတွက် လိုသလို ထုတ်နုတ်သုံးစွဲနိုင်တဲ့ ဘက်စုံကြွယ်ဝတဲ့ စာတစ်အုပ်။ လွမ်းချင် ရင် လွမ်းစရာ အပြည့်ပါတဲ့ ကိုပညာ(အမရပူရ) ရဲ့ ‘တောင်သမန် အလွမ်းစာများ’ပါပဲ။ ။

၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ စာအုပ်အညွှန်း ဖြစ်ပါတယ်။

သင့်နော် ရေးသည်။

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."