ပုံပြင်အရေး ပုံပြင်အတွေး

ဇွန်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၄)မှ စာအုပ်စင်ကဏ္ဍ မှ စာအုပ်အညွှန်း ဖြစ်ပါသည်။

သင့်နော် ရေးသည်။

ကျွန်တော်တို့ငယ်ငယ်က လူကြီးသူမတွေ ပုံပြင်ပြောပြတော့မယ် ဆိုရင် ညီအစ်ကိုမောင်နှမတွေ တိုးဝှေ့နားထောင်ခဲ့ကြရတယ်။ ဟိုးရှေးရှေးတုန်းကလို့ အစချီလိုက်တာနဲ့ တောတောင်တွေနဲ့ ရွှေ ရောင်တဝင်းဝင်းနန်းတော်ကြီးတွေဆီကို စိတ်ကူးရွှက်လွှင့်ခွင့်ရကြ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိဘနေရာရောက်လာတဲ့ ဒီနေ့ခေတ် အခါမှာတော့ ကျွန်တော်တို့ရဲ့ သားသမီးလေးတွေကို ရင်ခွင်မှာ ထည့်ပြီး ပုံပြင်ပြောပြဖို့ အချိန်မရဖြစ်နေကြရတယ်။ ဒါကလည်း ခေတ်ရဲ့ တောင်းဆိုမှုကိုက အိမ်ရှိလူအကုန် မိုးလင်းမိုးချုပ် အလုပ် လုပ်ရတဲ့ ခေတ် ဖြစ်နေတာကိုး။

ကလေးတွေကလည်း ရုပ်မြင်သံကြားနဲ့ မိုဘိုင်းလ်ဖုန်းထဲက ဂိမ်းတွေနဲ့ အသားကျနေကြပြီ။  ပုံပြင်တွေဟာ မိဘနဲ့ သားသမီး ကြား၊ ညီအစ်ကိုမောင်နှမတွေကြားမှာ အပြန်အလှန်မေးမြန်း ဆွေးနွေးပြီး ရင်းနှီးမှု၊ မေတ္တာတရားနဲ့ သံယောဇဉ်ပိုစေသလို ပုံ ပြင်မှာ ပါတဲ့ အကြောင်းအရာတွေထဲကနေ အမှားနဲ့ အမှန်၊ ဓမ္မနဲ့ အဓမ္မ၊ ရိုးသားမှုနဲ့ ကောက်ကျစ်မှု စတာတွေကို သင်ခန်းစာရနိုင် ပါတယ်။

ဒီနေ့ခေတ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေကို ကလေး တွေ ကြည့်ရှုနေကြပေမယ့် ဒါတွေဟာ ကလေးငယ်တွေ ကြည့် သင့်တဲ့ အမျိုးအစားမဟုတ်ပါဘူး။ ချစ်ကြိုက်ကွဲညားဇာတ်လမ်း တွေနဲ့ ဖက်ရမ်းနမ်းရှုံ့ ဇာတ်ဝင်ခန်းတွေဟာ မောင်နဲ့ နှမ၊ သားနဲ့ အမိ မြင်မတော်တဲ့ ဇာတ်ကွက် မဟုတ်ရင်တောင်မှ စိတ်နှလုံးနု နယ်သေးတဲ့ ကလေးငယ်တွေ အတုခိုးမှားသွားမှာ စိုးရိမ်စရာပါ။ နိုင်ငံတကာမှာတော့ ကလေးငယ်တွေကို အသက်အပိုင်းအခြား အလိုက် ခွဲခြားသတ်မှတ်ထားတဲ့ ရုပ်ရှင်ဗီဒီယိုအမျိုးအစားတွေ ရှိနေပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သီးသန့်ခွဲခြား ထားတာ မရှိသေးသလို စာပေမှာဆိုရင်လည်း ကလေးစာပေ ရှားပါးဆဲ။

တစ်ရက်တော့Ocean စူပါမားကက်ကို ရောက်လို့ စာ အုပ်စင်တွေဘက်ကို လျှောက်ကြည့်ရင်းနဲ့ လူထုဦးလှရဲ့ ‘တိုင်း ရင်းသားပုံပြင်များမိတ်ဆက်’ဆိုတဲ့ စာအုပ်ကို သွားတွေ့ပါတယ်။  ဟိုဟိုဒီဒီ လှန်လှောမြည်းစမ်းကြည့်တဲ့အခါ လူထုဦးလှ ထုတ်ဝေ ပြီးခဲ့တဲ့ ပုံပြင်စာအုပ်တွေထဲက ‘မိတ်ဆက်’တွေကို စုစည်းထား တာ တွေ့ရပါတယ်။ တိုင်းရင်းသားလူမျိုးစု ပုံပြင်ပေါင်း ၄၈ အုပ် အထိ ထုတ်ဝေပြီးဖြစ်တယ်လို့ ထုတ်ဝေသူက ဖော်ပြထားပါတယ်။

၁၉၅၃ မှာ လူထုဦးလှ အဖမ်းခံရပြီး အင်းစိန်ထောင် အပို့ခံ ရပါတယ်။ အဲဒီအချိန် အပြင်မှာ ကျန်ခဲ့တဲ့ ကလေးတွေ ငယ်သေး တာကြောင့် ပုံပြင်နားထောင်ချင်တဲ့ အရွယ်တွေ ဖြစ်ပေမယ့် လည်း ရန်ကုန်ထောင်ထဲမှာ ရောက်နေတဲ့ သူ့အဖို့ မ္တနလေးမှာ ကျန်ခဲ့တဲ့ ကလေးတွေနဲ့ တစ်နှစ်မှ တစ်ယောက်တလေသာ တွေ့ ရပြီး ထောင်သက်သုံးနှစ်ကျော်မှာ သားသမီးတွေကို တစ်ကြိမ်စီ သာ တွေ့ရတယ်လို့ ဆိုပါတယ်။ ထောင်ထဲကို အကြောင်းအမျိုးမျိုး နဲ့ ရောက်လာတဲ့သူတွေဆီကနေ သူတို့ငယ်ငယ်က မှတ်သား ကြားနာခဲ့မိသမျှ ပုံပြင်တွေကို ပြောပြစေပြီး စာရေးခွင့်သာတိုင်း ကလေးတွေဆီကို ထည့်ထည့်ပေးလိုက်ပါတယ်။ ဒါကြောင့် လူထု ဦးလှရဲ့ ‘ဇနီးနှင့် သားသမီးများသို့ ထောင်တွင်းပေးစာများ’ စာ အုပ်မှာ တိုင်းရင်းသားပုံပြင်တွေနဲ့ တောဓလေ့သီချင်းတွေ ပါ တယ်လို့ ဖော်ပြထားပါတယ်။

ပုံပြင်ဆိုတာတွေက လူ့သမိုင်းမှာ အရေးပါပြီးသားပါ။ သက်ကြီးစကား သက်ငယ်ကြားခဲ့ကြရတာဟာ ပုံပြင်က စတာ ပေါ့။ ပုံပြင်ဟာ ဒဏ္ဍာရီဖြစ်တယ်။ ပုံပြင်ဟာ သမိုင်းဖြစ်တယ်။ ပုံ ပြင်ဟာ ယုံတမ်းစကားဖြစ်တယ်။ ပုံပြင်ဟာ အံ့သြကုန်နိုင်ဖွယ် ဖြစ်တယ်။ ပုံပြင်ဟာ စွန့်စားခန်းဖြစ်တယ်။ ပုံပြင်ဟာ တုန်လှုပ် ချောက်ချားစရာဖြစ်တယ်။ ပုံပြင်ဟာ သတ္တိခွန်အားဖြစ်တယ်။ ပုံ ပြင်ဟာ သင်ခန်းစာဖြစ်တယ်။

အဲဒီလို ဂုဏ်သတ္တိထူးပေါင်း မြောက်မြားစွာနဲ့ ပြည့်စုံကြွယ် ဝနေတဲ့ ပုံပြင်ဟာ ဘိုးဘွားဘီဘင်တွေဆီက ရတဲ့ အကောင်းဆုံး မိမွေဘမွေပဲပေါ့။ မြန်မာအစ တကောင်းက ဆိုတဲ့ စကားအလို အရ တကောင်းပြည်ကြီးနဲ့ မောင်ပေါက်ကျိုင်းဟာ နဂါးနိုင်မင်း ပုံပြင်ထဲကနေ အသက်ဝင်လာခဲ့တာပါ။ ကျန်စစ်သား၊ ငထွေးရူး၊ ညောင် ဦးဖီး၊  ငလုံးလက်ဖယ်တို့ရဲ့  စွန့်စားခန်းပုံပြင်တွေဟာလည်း အခုအချိန်အထိ အသက်ဝင်နေဆဲပေါ့။ ၂ဝ ရာစု နှောင်းပိုင်း ကာလအထိ ပုံပြင်တွေရဲ့ ရှင်သန်မှုဟာ ခိုင်မာဆဲပါ။ အားကောင်း ဆဲပါ။

ပုံပြင်တွေကို မြန်မာစာပေထဲ အရောက်ပို့ခဲ့သူတွေက မင်း သုဝဏ်၊ နုယဉ်၊ မောင်ဖြူး အစရှိတဲ့ စာပေခေတ်ဦးက ပုဂ္ဂိုလ်ကြီး တွေပါ။ ဇိနတ္ထ၊ ငါးရာ့ငါးဆယ် ဇာတ်ကြီးဆယ်ဘွဲ့၊ ဓမ္မပဒ အပါ အဝင် ဇာတ်တော်လာတွေထဲက ပုံပြင်သဘောဆန်တာတွေကို ရွေးချယ်ပြီး စာနယ်ဇင်းတွေမှာ ရေးခဲ့ကြသလို နိုင်ငံတကာမှာ ထင်ရှားတဲ့ ပုံပြင်တွေကိုလည်း မြန်မာဘာသာကို ပြန်ဆိုကြတယ်။

စစ်ပြီးခေတ်မှာ ထွက်ပေါ်လာခဲ့ကြတဲ့ ရှုမဝ၊ သွေးသောက်၊ မြဝတီ၊ ပေဖူးလွှာ အစရှိတဲ့ မဂ္ဂဇင်းကြီးတွေထဲမှာ ကလေးတွေ အတွက် ပုံပြင်တွေ ထည့်သွင်းဖော်ပြခဲ့ကြတယ်။ ရုပ်ပြဇာတ်လမ်း တွေအနေနဲ့လည်း ပုံပြင်တွေကို တင်ဆက်ခဲ့ကြတယ်။ ကာတွန်း ဦးဘဂျမ်းရဲ့ လိပ်ကမ္ဘာမကြီး၊ မြွေမင်းသား၊ နှမ မုန့်ရောင်း မောင် မုန့်ထောင်းနဲ့ နေကြာနန်းရှင်တို့ဟာ ထင်ရှားတယ်။ ပန်းချီမောင် စိန်၊ ကာတွန်းဖေသိန်း၊ ကာတွန်းအောင်ရှိန်နဲ့ ကာတွန်းသန်း ကြွယ်တို့ဟာ တေဇဂျာနယ်ခေတ်အထိ ပုံပြင်တွေကို ရုပ်ပြအနေ နဲ့ ရေးဆွဲခဲ့ကြတယ်။ အထင်ရှားဆုံးအဖြစ် ပန်းချီဦးဘကြည်ကို တွေ့နိုင်တယ်။ မြန်မာ့အသံက တနင်္ဂနွေနေ့တိုင်း ကလေးတွေ အတွက် ပုံပြောပြတဲ့ အသံလွှင့်အစီအစဉ်ကို တင်ဆက်တယ်။

ဇဝနဦးစီးသော ကလေးဂျာနယ်၊ မြတ်လုလင်ရုပ်စုံကနေ တေဇ၊ ရွှေသွေး၊ မိုးသောက်ပန်းအထိ ရောက်လာတယ်။ ဒီဘက် ပိုင်းရောက်လာတော့ ပလုတ်တုတ်၊ ပူတူးတူးလေး၊ တွတ်ပီ၊ ပု တက်၊ Kid Zone နဲ့ ယဉ်ကျေးလိမ္မာဆိုတာတွေမှာ ပုံပြင်ကို အဓိက တွေ့ကြရပြန်တယ်။ ပုံပြင်ကို ကလေးက မက်ပေမယ့် လူ ကြီးတွေက ကိုယ်တိုင်ကိုယ်ကျ ပံ့ပိုးဖို့ ခက်ခက်လာတဲ့အလျောက် ကလေးကို ပုံပြင်စာအုပ်တွေ၊ Comic စာအုပ်တွေနဲ့ပဲ ဖြေသိမ့်ခဲ့ ကြတယ်။ ကာတွန်းကား စီဒီချပ်တွေ ဝယ်ပေးခဲ့ကြတယ်။ လူကြီး ကိုယ်တိုင် ကလေးတွေကို ပုံပြောပြတဲ့ ကိစ္စက တဖြည်းဖြည်းနဲ့ တိမ်ကောလာခဲ့တယ်။

မိရိုးဖလာ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းသယ်ဆောင် လာခဲ့ကြတဲ့ ပုံပြင်ပြောပြတဲ့ ဓလေ့ဟာ ခေတ်ရေစီးကြောင်းရဲ့ လှိုင်းတံပိုးတွေအောက်မှာ နစ်တုံပေါ်တုံဖြစ်လာတယ်။ ကျေး လက်လည်း ကျေးလက်အလျောက်၊ မြို့ပြလည်း မြို့ပြအလျောက် အဖေ၊ အမေနဲ့ သားသမီးတစ်တွေ၊ အဘိုး၊ အဘွားနဲ့ မြေးတစ် သိုက်တွေ ထိတွေ့ပွေ့ပိုက် ယုယမှုအနေအထား လျော့ပါးလာ တယ်။ ကလေးက အိမ်မှာ ပေါ့ပေါ့ပါးပါး နေရတဲ့အချိန်ရယ်လို့ ရှိ မှ မရှိတော့တာ။ လူကြီးက ပုံပြောပြချင်ဦးတော့ သူ့ခမျာ နား ထောင်ချိန်ကို မရရှာဘူးလေ။ ဒီလို လူနေမှုပုံစံကြီး ဖြစ်ထွန်းလာ တာနဲ့အမျှ ပုံပြင်ပြောပြ နားထောင်ကျေနပ်ဝမ်းမြောက်တဲ့ကိစ္စ က လျှောကျ လျှောကျ လျှောကျလာလိုက်တာဟာ စိုးရိမ်ရေမှတ် အထိ ရောက်လာတော့တာပါပဲ။

ကလေးတွေကို ပုံပြင်နဲ့ ထိစပ်စေမယ့် တာဝန်ကိုတော့ စာ ရေးဆရာတွေက လိုလိုလားလားယူလိုက်ကြတယ်။ ခေတ် အဆက်ဆက် မရိုးနိုင်လောက်တဲ့ ပုံပြင်အမျိုးမျိုးကို ပုံစံအမျိုးမျိုး နဲ့ စာရေးဆရာအသီးသီးက ရေးသားကြတယ်။ မရိုးနိုင်တဲ့ ငလက်တိုငညို၊ ပခန်းသားနဲ့ ချီပါသား၊ ငလက်မလေး ပိစိကွေး၊ သင်္ဂဇာဆရာတော်၊ ဗန်းမော်ဆရာတော်၊ အမတ်ကြီးဦးပေါ်ဦး၊ ခုံ တော်မောင်ကျဘမ်းဆိုတဲ့ ပုံပြင်စာအုပ်တွေကနေ တစ်ထောင့် တစ်ည၊ အီစွတ်ပုံပြင်၊ အင်ဒါဆင်ပုံပြင်၊ မနှင်းဖြူနဲ့ လူပုလေးခုနစ် ယောက်၊ ပီတာပင်၊ စင်ဒရဲလား၊ ဟယ်ရီပေါ်တာဆိုတာတွေအထိ  ရေးသူတွေက ရေးပြီး ထုတ်သူတွေကလည်း ထုတ်ခဲ့ကြပါတယ်။ စာပေဗိမာန်ဆုရတဲ့ စာအုပ်တွေ ရှိသလို အမျိုးသားစာပေဆုရတဲ့ စာအုပ်တွေလည်း ရှိပါတယ်။ အချို့ အချို့သော ပုံပြင်စာအုပ်အမျိုး မျိုးဟာ စာအုပ်ဖြစ်ရင် ပြီးရောဆိုပြီး အလွယ်တကူ ပေါ့ပေါ့ပါးပါး ထုတ်ကြတာတွေရှိသလို အချို့ အချို့သော ပုံပြင်စာအုပ်တွေဟာ အပီအပြင်ထိုက်ထိုက်တန်တန် အကောင်းစားအသေအချာထုတ် ခဲ့ကြပါတယ်။ ဒီနေရာမှာ စာရေးဆရာအချို့နဲ့ ထုတ်ဝေသူအချို့ ဟာ ကလေးတွေ ဖတ်ကြဖို့ ပုံပြင်သက်သက်ရယ်လို့ မဟုတ်တော့ ဘဲ ကလေးသိသင့်သိထိုက်တဲ့ ကိစ္စအဝဝအတွက် ရည်ရွယ်တဲ့ စာအုပ်ကောင်းတွေကို စေတနာကောင်းနဲ့ အဆင်အပြင်ကောင်း နဲ့ ထုတ်လာကြရာမှာ တန်ဖိုးလည်း ကောင်းလာလို့ လက်လှမ်း မမီနိုင်တဲ့ အနေအထားအထိ ရောက်သွားတာမျိုးတောင် ရှိနေ ပြန်တယ်။

မြန်မာစာအုပ်လောကမှာ ကလေးဖတ်ဖို့ စာအုပ်အမျိုး အစားဟာ ရှိသင့်ရှိထိုက်တဲ့ အချိုးအစားအရေအတွက်အထိ မရောက်လာသေးပေမယ့် အထိုက်အလျောက်တော့ ရှိနေခဲ့ပါပြီ။  လူများစုက စာအုပ်ဝယ်တဲ့ အလေ့အကျင့် ခန်းခြောက်နေပြန် တော့ လူကြီးမိဘက ကလေးကို ကျောင်းစာအုပ်က လွဲပြီး သည့် ပြင်စာအုပ်တွေကို Outside Reading အတွက် ဝယ်ပေးကြ တယ်ဆိုတာ ကြုံတောင့်ကြုံခဲပါ။ ကလေးခမျာမှာ Pocket Money နဲ့ စာအုပ်ဝယ်လို့ရတဲ့ အရွယ်မှ မဟုတ်တာ။ စာအုပ်ဆိုင် ကို ရောက်ကို မရောက်ဖူးကြတဲ့ ကလေးတွေ တပြုံကြီးပဲ။ City Mart တို့၊ Ocean တို့၊ ဂမုန်းပွင့်တို့ ရောက်တဲ့အခိုက်မှာသာ စာ အုပ်ကို မြင်ဖူးကြရတာ။ ရပ်သံရွာသံလည်း မကြားစဖူး၊ စာသံပေ သံလည်း မနာခံဖူးဘူးဆိုတဲ့ ကလေးတွေ အများကြီးပေါ့။ ပတ် ဝန်းကျင်မှာလည်း တစ်အိမ်လုံး ကျောင်းစာအုပ်က လွဲပြီး ဘာစာ အုပ်မှ မရှိတဲ့ အိမ်မျိုး။ စာအုပ်စင်ဆိုတာ အဝေးကြီး။ စာဖတ်ခန်း ဆိုတာ ဘာမှန်းကို မသိတဲ့ အိမ်တွေ အမြောက်အမြား။ ကလေး အတွက် မဆိုထားနဲ့၊ လူကြီးကိုယ်တိုင်က စာအုပ်နဲ့ ဆယ်ကမ္ဘာ ခြားနေကြပြီ မဟုတ်လား။

ထောင်ထဲရောက်သွားမှ စာအများကြီးရေးဖြစ်သူဟာ လူ ထုဦးလှပဲ။ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ၊ ဇနီးနှင့် သားသမီး များသို့ ထောင်တွင်းမှ ပေးစာများ၊ လေနှင့်အတူ။ ၁၉၅၃-၁၉၅၇  ရန်ကုန်ထောင်ကြီးထဲမှာ နေရခိုက် လူထုဦးလှဟာ အဆိုးထဲက အကောင်းတွေ တွေ့ရှိခဲ့တယ်။ အတူနေ ထောင်သားပေါင်းစုံရဲ့ ဘဝအထွေထွေကို အနီးကပ် သူ စူးစမ်းခွင့်ကြုံပြီး စာတစ်ပုဒ်၊ စာ တစ်အုပ်ဖြစ်အောင် သူ အားထုတ်နိုင်ခဲ့တယ်။

ထူးခြားမှုက ထောင်ထဲမှာနေရင်း တိုင်းရင်းသားတွေရဲ့ ပုံ ပြင်တွေကို စုစည်းထုတ်ဝေနိုင်ရင် အချင်းချင်း ယုံကြည်မှုနဲ့ နား လည်မှု ပိုရရှိပြီး နိုင်ငံတော်ကို ကောင်းကောင်းအကျိုးပြုနိုင်မှာ သေချာတယ်ဆိုတဲ့ Idea ကို ဦးလှ ရခဲ့ပုံပဲ။ အဲဒီစိတ်ကူးစိတ်သန်း ကို သူ ထောင်ကထွက်လာပြီး အကောင်အထည်ဖော်ရာမှာ တိုင်း ရင်းသားပုံပြင်စာအုပ်ပေါင်း ၄၈ အုပ် သူ ရေးနိုင်၊ ထုတ်နိုင်ခဲ့တယ်လေ။

”တိုင်းရင်းသားလူမျိုးပေါင်းစုံပုံပြင်တွေကို ကျွန်တော် ဘာကြောင့် စုသလဲ။ နိုင်ငံခြားပုံပြင်တွေကို ဘာဖြစ်လို့ ဘာသာ ပြန်သလဲလို့ မေးရင် ပုံပြင်ကောင်းတွေဟာ ကလေးသူငယ်တွေရဲ့ ဘဝကို ကောင်းကောင်းဖန်တီးနိုင်စွမ်းရှိလို့ဖြစ်တယ်လို့ ကိုယ် တွေ့နဲ့ ယှဉ်ပြီး အလေးအနက်ဖြေကြားလိုပါတယ်။ ကောင်းတဲ့ ပုံ ပြင်တွေဟာ လူ့ဘဝကို အများကြီးအကျိုးပြုနိုင်တယ်လို့ ကျွန် တော်ယုံတယ်”

အဲဒီလိုနဲ့ ၁၉၆၂ က စပြီး ဟောတစ်အုပ် ဟောတစ်အုပ် ထုတ်လာလိုက်တာ မကွယ်လွန်ခင်အထိ ၄၃ အုပ်၊ ကွယ်လွန်ပြီးမှ ၅ အုပ်၊ ပေါင်း ၄၈ အုပ်အထိ ထုတ်နိုင်ခဲ့တယ်။ နိုင်ငံတကာ ပုံပြင် ဘာသာပြန်က ၅ အုပ်။ အဲဒါပါ ပေါင်းရင် ပုံပြင်စာအုပ်ခေါင်းစဉ် အောက်မှာ ၅၃ အုပ်။

၁၉၈၂ မှာ လူထုဦးလှဆုံးတော့ ၇၂ နှစ်အရွယ်။ အဲဒီမှာ သူ ရေးခဲ့၊ ထုတ်ခဲ့တဲ့ စာအုပ်အရေအတွက်က ၉ဝ။ ပုံပြင်ချည်းသက် သက် ၅၃ အုပ်။ ၅၈ ဒသမ ၈ ရာခိုင်နှုန်းဟာ ပုံပြင်ဖြစ်နေတယ်။ ဒါကိုကြည့်ရင် သူ ထောင်ထဲက စိတ်ကူးစိတ်သန်းကို အကောင် အထည်ဖော်ရာမှာ ဘယ်လောက်အထိ အားသွန်ခွန်စိုက် လုပ် ဆောင်ခဲ့တယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပြီပေါ့။ သူ့တစ်သက် ရေးခဲ့သမျှ စာအုပ်တွေရဲ့  ၆ဝ ရာခိုင်နှုန်းနီးပါးဟာ ပုံပြင်တွေ ဆိုတော့ သူ့ဘဝကို ပုံပြင်တွေနဲ့ တည်ဆောက်ခဲ့ရဲ့လို့ မှတ်ချက် ပေးရင် မှားနိုင်ဖွယ်မရှိဘူး။

၂ဝ၁ဝ မှာ လူထုဦးလှ နှစ်တစ်ရာပြည့်ပွဲ လုပ်ခဲ့ပြီးပြီ။ သူ့ပုံ ပြင်စာအုပ် စတင်ထုတ်ဝေနိုင်ခဲ့တာ ငွေရတုကာလ ကျော်ခဲ့ပြီးပြီ။ သူနဲ့ သူ့ပုံပြင်စာအုပ်တွေကို ဒီကနေ့ လူငယ်တွေ၊ ကလေးတွေနဲ့ အခုထက်ပိုပြီး နီးစပ်ထိကပ်ခွင့်ရအောင် ဘာပွဲလေးများလုပ်ရင်  ကောင်းမလဲလို့ တွေးမိရဲ့။ အခုခေတ်ကလေးတွေနဲ့ ပုံပြင်နဲ့ တရင်းတနှီးဖြစ်ကြရလေအောင် အခုထက်ပိုပြီး ဘာများလုပ်ပေး ကြရင် ကောင်းမလဲလို့ တွေးမိရဲ့။       ။

 

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."