ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေအကြား ဒီနေ့မနက်ပိုင်းကနေ မွန်းလွဲပိုင်းထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဂွဒေသခံ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
AA တပ်တွေဟာ ဒီလ ၁၃ ရက်က စတင်ကာ ရခိုင်တောင်ပိုင်းဂွမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး တိုက်ပွဲကာလ နှစ်ပတ်ကျော်လာတဲ့အထိ နှစ်ဖက် တိုက်ပွဲဆက်လက်ပြင်းထန်နေတာပါ။
ဒီနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ ဂွမြို့ပေါ်ကို ကြည်း၊ ရေ၊ လေ အင်အားသုံးကာ ပစ်ခတ်နေပြီး တိုက်ပွဲအခြေအနေ ပြင်းထန်ဖွယ်ရှိတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ညပိုင်းထိတော့ နည်းနည်းငြိမ်နေတာ ဒီနေ့မနက်ကနေ စပြီးပစ်နေတာ၊ အခုထိ (မွန်းလွဲပိုင်း) ပစ်နေတုန်းပဲ။ သင်္ဘောကလည်းပစ်တယ်။ လေယာဉ်နဲ့လည်းပစ်တယ်။ လက်နက်ကြီးတွေလည်းတောက်လျှောက်ပစ်ခတ်သံကြားရတယ်” လို့ ၎င်း ဒေသခံက ဒီနေ့မွန်းလွဲပိုင်းမှာ ပြောပါတယ်။
AA တပ်တွေဟာ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဂွအနောက်ပိုင်းက ဂွ-ငသိုင်းချောင်းလမ်းပိုင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ပိတ်ဆို့ဖြတ်တောက်လိုက်တာကြောင့် နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဂွတောင်ပိုင်းက သာပေါင်း-မကျီးစင်-ဂွ လမ်းပိုင်းကို ပြောင်းလဲအသုံးပြုပြီး စစ်ကူတွေ ဆက်တိုက်ပို့လွှတ်နေတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီဟာ AA ရဲ့ ထိုးစစ်ကို ဟန့်တားဖို့ ဂွ-ငသိုင်းချောင်းကားလမ်းရဲ့ ရိုးမပေါ် ဖြတ်တဲ့ လမ်းတစ်လျှောက်မှာ လက်နက်ကြီးစခန်းတွေ၊ ခံစစ်စခန်းတွေ ပြင်ဆင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး AA တပ်တွေဟာ ရိုးမကို ဖြတ်ကျော်ဝင်လာပြီး ဒီလမ်းပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ကာ လမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်လိုက်တာပါ။
ဂွဒေသခံတစ်ဦးကတော့ “အခုထိတော့ မြို့မကျသေးဘူးလို့ ပြောလို့ရတယ်။ တပ်ကလည်း စစ်ကူကားတွေ နေ့တိုင်းပို့တယ်။ ဂွတောင်ပိုင်းက ရွာတွေမှာလည်း တပ်ဖြန့်ထားတဲ့ပုံစံရှိတယ်။ မြို့ပေါ်ကတော့ AA တပ်တွေ တစ်ဝက်လောက်စီးမိနေပြီကြားတယ်။ မြို့ကတော့ တော်တော်လေးကြေသွားပြီ။ လက်နက်ကြီးကျတာနဲ့ မီးလောင်တာနဲ့ အိမ်ခြေလည်းတော်တော်ပျက်စီးသွားတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဂွမြို့နယ်အတွင်း ခမရ ၅၆၂ နဲ့ ၅၆၃ တပ်ရင်းနှစ်ခုရှိတဲ့အနက်မှာ ဂွမြို့မြောက်ပိုင်းမှာ အခြေစိုက်ထားတဲ့ ခမရ ၅၆၃ တပ်ရင်းနဲ့အတူ မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေကို AA တပ်တွေက အခုသီတင်းပတ်ထဲမှာ သိမ်းပိုက်လိုက်နိုင်ပြီး ကျန်ရှိတဲ့ တပ်ရင်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။
စစ်ကောင်စီတပ်ဟာ ဂွမြို့နဲ့ ဆက်စပ်နေတဲ့ AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကိုလည်း ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ဂွမြို့နယ်ဟာ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက် ပြည်နယ်ထွက်ပေါက်တစ်ခုဖြစ်ပြီး ဧရာဝတီတိုင်းရဲ့ ဝင်ပေါက်လည်းဖြစ်တာကြောင့် ဒေသတွင်း ဗျူဟာအရ အရေးပါတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီတပ်ဟာ ဂွမြို့မကျရေးကို ကြည်း၊ ရေ၊ လေ အင်အားသုံးပြီး ခုခံနေတာပါ။
ပုံစာ – ဂွမြို့က နေအိမ်တွေ မီးလောင်နေတဲ့မြင်ကွင်း
ဓါတ်ပုံ – AA Info Desk

