ရန်ကုန် – ၂၀၂၄ မတ် ၆ (မော်ကွန်း)
ယောဒေသ ဂန့်ဂေါမြို့မြောက်ပိုင်းကို မနေ့ကညပိုင်းက စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသတွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ ယောအလင်းတန်းက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ကန်ကျေးရွာကို မနေ့ည ၈ နာရီခန့်က မိတ္ထီလာလေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းက ဗုံးကြဲသွားတာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ ကန်ကျေးရွာက ဆိုင်ကယ်ပြင်ဆိုင်တစ်ခုနဲ့ လူနေအိမ်တချို့ထိမှန်ခဲ့ပြီး ဒေသခံနှစ်ဦးသေဆုံးကာ နေအိမ်လေးလုံး မီးလောင်သွားတယ်လို့ ယောအလင်းတန်းက အသိပေးထားတာပါ။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ကန်ကျေးရွာဟာ ချင်းတွင်းမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ မြစ်သာမြစ်ကမ်းနဲ့ ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းအနီးမှာတည်ရှိတာပါ။
စစ်ကောင်စီအနေနဲ့ ဂန့်ဂေါမြောက်ပိုင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့လပိုင်းကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ဒီဒေသတွေမှာ လက်တလော တိုက်ပွဲဖြစ်ပွားတာမရှိသေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
ယောဒေသခံတစ်ဦးကတော့ “ဒီနေရာက ရွာခပ်ကျဲကျဲပဲရှိတယ်။ မြစ်သာဆည်နဲ့နီးတယ်။ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာတော့ မကြားမိသေးဘူး။ စစ်ကြောင်းထိုးတာတော့ရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၄ ရက်ကလည်း ဂန့်ဂေါမြောက်ပိုင်းက တောင်ခင်ရန်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒီကျေးရွာက နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
ယောဒေသထဲပါဝင်တဲ့ ထီးလင်း၊ ဂန့်ဂေါနဲ့ ဆောမြို့နယ်တွေရဲ့ ကျေးလက်ဒေသအများစုကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတဲ့အခြေအနေရှိပြီး စစ်ကောင်စီက ဒီဒေသကို အင်အားဖြည့်တင်းနေတယ်လို့ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ပုံတောင်ပုံညာတောင်တန်းနဲ့ ချင်းတောင်တန်းကြားမှာရှိတဲ့ ယောဒေသမှာလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေကို ဒေသတွင်း တစ်ခုတည်းသောတပ်ဖွဲ့စည်းဖို့ ယောတပ်တော် (YA) က ပြီးခဲ့တဲ့လပိုင်းက ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီဖိတ်ခေါ်ချက်အရ NUG လက်အောက်ခံ ဂန့်ဂေါခရိုင် တပ်ရင်းတစ်ခုနဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့ဟာ ယောတပ်တော်ထံပူးပေါင်းခဲ့ကြပြီး ဒီဒေသမှာစစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။

ပုံစာ – လေကြောင်းတိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့နေအိမ်တချို့
ဓါတ်ပုံ – ယောအလင်းတန်း

