ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း)
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်က စစ်ကောင်စီစခန်း ခမရ(၁၃၀)ကို TNLA ပူးပေါင်းတပ်တွေ မနေ့ကမနက်ပိုင်းကစတင်ကာထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့လယ်ပိုင်းထိတိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် မန်တုံမြို့က ဒေသခံတွေလည်း နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အဲ့ဒီမြို့ကထွက်လာတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“လေယာဉ်နဲ့ပါ လာပစ်တယ်။ အကုန် နိုင်သလောက်တော့သယ်ပြီး နီးစပ်တဲ့ရွာတွေ၊ တောတွေထဲ ဝင်ပြေးကြတယ်၊ အခုထိတော့ ပစ်နေတုန်းပဲ” လို့ အဲဒီ့ဒေသခံက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
TNLA အဖွဲ့ဟာမန်တုံမြို့နယ်က ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနဲ့ ပြည်သူ့စစ်စခန်းတွေကို ယခုလဆန်းပိုင်းတည်းက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး ကျန်ရှိနေတဲ့ မြို့အရှေ့ပိုင်းက စစ်ကောင်စီခြေမြန်တပ်ရင်းကို ဝင်တိုက်နေတာဖြစ်တယ်လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
တအောင်း၊ ပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) ကတော့ မနေ့က မနက်ပိုင်းကစပြီး ရှမ်းမြောက်ဒေသက မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း မန်တုံရဲစခန်း၊ လွယ်ကန်ကျေးရွာ၊ မန်ကန်ကျေးရွာ အစရှိတဲ့ နေရာနဲ့ အနီးတဝိုက်မှာ ဂျက်ဖိုက်တာတွေ၊ ဗုံးကြဲလေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။
မန်တုံမြို့နယ်က ဒေသခံ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးကတော့ မြို့တွင်းမှာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအပါအဝင် ဒေသခံအချို့ ပိတ်မိနေဆဲဖြစ်ပြီး ထိခိုက်မှုအခြေအနေတွေကိုလည်း သေချာမသိရသေးဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့လည်း ပြေးနေရတယ်။ အခုထိတော့ မြို့ထဲနဲ့ ဖုန်းအဆက်အသွယ်မရသေးဘူး။ မြို့ကတော့ တော်တော်လေးထိတယ်ကြားတယ်။ မြို့ထဲမှာတော့ ဒေသခံတွေရှိသေးတယ်။ သူတို့လည်း ထွက်လာလို့မလွယ်တော့ဘူး” လို့ ၎င်းက ပြောပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ TNLA ဟာ ရှမ်းမြောက်ဒေသက နမ့်ဆန်၊ နမ့်ခမ်း မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး နမ့်ခမ်းမြို့နယ်ရဲ့ တောင်ဘက်၊ တရုတ်နယ်စပ်အနီးမှာရှိတဲ့ မန်တုံမြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာပါ။
ပုံစာ – မန်တုံမြို့တွင်း နေအိမ်တွေ လက်နက်ကြီးထိမှန်ပြီး ပျက်စီးနေတဲ့မြင်ကွင်း
ဓာတ်ပုံ – PSLF/TNLA သတင်းပြန်ကြားရေး

