မုံရွာ – ၂၀၂၄ ဇူလိုင် (မော်ကွန်း)
ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ ရန်ကုန်မြို့မှာအင်တာဗျူးလာဖြေတာ အောင်သွားကြတဲ့လူငယ်တစ်စုဟာ မကြာခင် လုပ်ငန်းခွင်ဝင်ရတော့မှာကိုတွေးပြီး ပျော်ရွှင်စိတ်လှုပ်ရှားနေကြပါတယ်။
သူတို့ဟာ အင်တာဗျူးအောင်ပေမယ့် ထိုင်းနိုင်ငံကိုသွားဖို့ အချိန်တစ်လနီးပါးလိုသေးတာကြောင့် မိသားစုတွေရှိရာ နေရပ်ကိုခေတ္တပြန်ကြဖို့ ဇွန် ၂၉ ရက် ည ၇ နာရီမှာ အောင်မင်္ဂလာအဝေးပြေးကားဝင်းကနေ ရန်ကုန်-မုံရွာ Famous Express ကားစီးပြီး ပြန်လာကြပါတယ်။
သူတို့ဟာ တိုက်ပွဲတွေမကြာခဏဖြစ်သလို အာဏာသိမ်းစစ်တပ် မကြာခဏစစ်ကြောင်းထိုးလေ့ရှိတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်တဲ့ လူငယ်တွေဖြစ်ပါတယ်။
သူတို့ဒေသမှာ နယ်မြေမအေးချမ်းတာကြောင့် လုပ်ငန်းတွေအဆင်မပြေဖြစ်ပြီး မိသားစုစားဝတ်နေရေးအခက်အခဲတွေ ကြုံလာလို့ ထိုင်းမှာ ဟိုတယ်သန့်ရှင်းရေးနဲ့ စက်ရုံအလုပ်ရုံတွေမှာ ရတဲ့အလုပ်လုပ်ကြဖို့ အဲဒီလူငယ်တွေက ဆုံးဖြတ် လိုက်တာပါ။
အလုပ်ရတော့မှာမို့ အပျော်တွေနဲ့ပြန်လာကြတဲ့သူတို့ဟာ မိသားစုတွေရှိရာနေရပ်မရောက်ခင် လမ်းမှာသူတို့အပျော်တွေ ပျောက်ဆုံးသွားတော့မှာကို မသိကြပါဘူး။
သူတို့စီးလာတဲ့ကားဟာ ရန်ကုန်-မန္တလေးအမြန်လမ်းကို ညလုံးပေါက်ဖြတ်ကျော်မောင်းနှင်လာပြီး မနက်အစောပိုင်းမှာ စစ်ကိုင်းတိုင်းထဲကို စတင်ဝင်ရောက်လာပါတယ်။
စစ်ကိုင်းတံတားကနေစပြီး မုံရွာ-မန္တလေးကားလမ်းမတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်အဆင့်ဆင့်ကို ဖြတ်ကျော်လာပြီးနောက် မနက် ၈ နာရီဝန်းကျင်မှာ ချောင်းဦးမြို့နယ်အဝင်မှာရှိတဲ့ စစ်ဆေးရေးဂိတ်နားမှာ သူတို့စီးလာတဲ့ကားဟာ ရုတ်တရက်ရပ်လိုက်ပါတယ်။
တိုက်ပွဲကြားညပ်တဲ့ကား
အဲဒီစစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ကားပေါ်ပါလာသူတွေကို မှတ်ပုံတင်တွေ၊ အိတ်တွေစစ်ဆေးပြီး ကားကို ဆက်လက်ဖြတ်သန်းခွင့် ပြုလိုက်ပါတယ်။
သူတို့လိုက်ပါခဲ့တဲ့ကားဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရဲ့ မလှမ်းမကမ်းမှာ တိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံတွေကြားတာကြောင့် ရှေ့ဆက်မမောင်းဘဲ လမ်းဘေးချရပ်ထားလိုက်တယ်လို့ အဲဒီကားပေါ်မှာလိုက်ပါခဲ့သူ မသန်းသန်းက ပြောပါတယ်။
သူဟာ ရန်ကုန်မှာ အင်တာဗျူးအောင်ခဲ့ပြီး မကြာခင်မှာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ရတော့မယ့်သူပါ။
သူတို့ကား လမ်းဘေးချရပ်ထားပေမယ့် စစ်ကောင်စီတပ်သားတွေက “ဘာမှမဖြစ်ဘူး၊ ရတယ်မောင်း” လို့ ပြောတာကြောင့် ယာဉ်မောင်းက ကားကိုဆက်မောင်းခဲ့တယ်လို့ သူကပြောပါတယ်။
သူတို့ကား ပြန်ထွက်ထွက်ချင်းမှာပဲ “ဝုန်းခနဲ”ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးတစ်ခုနဲ့အတူ မသန်းသန်းထိုင်တဲ့ ခုံရဲ့ဘေးက ကားမှန်တွေဟာ တစ်စစီကွဲကြေလွင့်စင်ထွက်လာသလို သေနတ်ပစ်သံတွေလည်း တရစပ်ကြားလိုက်ရပါတယ်။
“ကျွန်မတို့ဘက်အခြမ်းကတော့ (ကား)မှန်တွေက တစစီပဲ။ မိုင်းခွဲတဲ့အသံကြားရတယ်။ သေနတ်ပစ်သံတွေကြားရတယ်။ ခေါင်း(ပေါ်)မှာအသံတွေဝဲနေတာကြားရတယ်။ “ဝပ်ဝပ်” ဆိုတော့ အကုန်ပြားနေအောင်ဝပ်ရတာ။ ဘယ်လိုဖြစ်သွားလဲ မသိတော့ဘူး” လို့ သူက အဲဒီနေ့ကအဖြစ်ကို ပြန်ပြောပြတယ်။
သူတို့ကားအစစ်ဆေးခံပြီး ပြန်ထွက်လာတဲ့နေရာဟာ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးက စစ်ကောင်စီ တပ်စစ်ဆေးရေးဂိတ်ဖြစ်ပြီး အဲဒီနေရာရဲ့မလှမ်းမကမ်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။
သူတို့စီးလာတဲ့ကားဟာ အဲဒီတိုက်ပွဲရဲ့အလယ် နှစ်ဖက်တပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်နေတဲ့ကြား ရောက်သွားခဲ့တာပါ။
ပေါက်ကွဲမှုနဲ့အတူ တရစပ်ပစ်ခတ်သံတွေ ခေတ္တငြိမ်သတ်သွားချိန် ခရီးသည်တင်ယာဉ်ပေါ်က ထိုင်ခုံတွေကြားထဲ ကြမ်းပြင်ပေါ်မှာလူချင်းထပ်ပြီး ပြားနေအောင်မှောက်နေရတဲ့ မသန်းသန်းတို့တစ်တွေ ဘေးဘီဝဲယာကို ခေါင်းထောင်ကြည့်ချိန်မှာတော့ သူတို့နဲ့အတူပါလာသူတစ်ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် မပပဝင်းဟာ သေနတ်ကျည်ဆန်တစ်ချက်ထိမှန်ထားပြီး သွေးအိုင်ထဲမှာ လဲကျနေပါပြီ။
ကားပေါ်မှာ မပပဝင်းထိုင်လိုက်လာတဲ့ဘက်အခြမ်းဟာ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာတွေမရှိပေမယ့် သေနတ်ကျည်ဆန်ဖောက်ဝင်ရာတစ်ချက်တွေ့ရပြီး အဲဒီကျည်ဆန်ကပဲ သူ့အသက်ကိုနှုတ်ယူသွားတာလို့ မျက်မြင်တွေ့ခဲ့ရတဲ့ မသန်းသန်းက ပြောပါတယ်။
“သူ့ကိုထိသွားပြီတဲ့၊ မရတော့ဘူး၊ (သူ)သေတော့မှာလို့ပြောသွားတယ်။ ကျန်တာဘာမှသူဆက်မပြောနိုင်တော့ဘူး” လို့ မပပဝင်း နောက်ဆုံးပြောခဲ့တဲ့စကားကို မသန်းသန်းက ပြန်ပြောပြတယ်။
အဲဒီစကားတွေပြောပြီးနောက် သွေးအိုင်ထဲလဲကျနေတဲ့ မပပဝင်းရဲ့ခန္ဓာကိုယ်ဟာ လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်သက်သွားပါတော့တယ်။
ကျည်ဆန်ထိမှန်သေဆုံးခဲ့တဲ့မပဝင်းဟာ အလုပ်အင်တာဗျူးအောင်ခဲ့တာကြောင့် စိတ်လှုပ်ရှားပြီး တစ်လမ်းလုံးမအိပ်သလို အတူလာခဲ့တဲ့သူငယ်ချင်းတွေနဲ့ ညလုံးပေါက်စကားတွေပြောနေခဲ့တာလို့ မသန်းသန်းက ပြောတယ်။
အခုတော့ တစ်လမ်းလုံးမအိပ်ဘဲ စကားတွေပြောလာခဲ့တဲ့မပပဝင်းဟာ ချောင်းဦးမြို့နယ်ထဲက မုံရွာ-မန္တလေးကားလမ်းပေါ်မှာ အရေးပေါ်လူနာတင်ယာဉ်မရောက်ခင်အချိန်လေးမှာပဲ ထာဝရအိပ်စက်သွားခဲ့ရပါတယ်။
တိုက်ပွဲအတွင်းကားဆက်မောင်းခိုင်းတဲ့ စစ်ကောင်စီတပ်
မုံရွာ-မန္တလေးလမ်းပေါ်မှာ ဇွန် ၃၀ ရက် မနက် ၈ နာရီခွဲဝန်းကျင်က ဆားလင်းကြီးမြို့နယ် တရုတ်ကြေးနီစီမံကိန်းတွေကနေ ကြေးနီတွေသယ်လာတဲ့ကားတွေကို ဒေသခံတော်လှန်ရေးတပ်တွေက ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ချောင်းဦးမြို့နယ်ထဲက စစ်ကောင်စီတပ်တွေနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး ကားလမ်းပေါ်မှာသွားလာနေတဲ့ခရီးသည်တင်ကားတွေ တိုက်ပွဲကြားညပ်ကာ ခရီးသည်တွေထိခိုက်သေ ဆုံးမှုဖြစ်ပေါ်ခဲ့တာပါ။
ကိုယ်တိုင်ကြုံခဲ့သူ မသန်းသန်းကတော့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲကြား ကားကိုဆက်မောင်းခိုင်းခဲ့လို့ အခုလိုဖြစ်သွားတာလို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်အတွင်း ကိုယ်တိုင်ကြုံခဲ့ရတဲ့ အမည်မဖော်လိုတဲ့ကားသမားတစ်ဦးကလည်း တိုက်ပွဲဖြစ်နေလို့ ခရီးသည်တင် ယာဉ်တွေလမ်းဘေးမှာရပ်ထားချိန် စစ်ကောင်စီတပ်သားတွေက ဆက်မောင်းခိုင်းလို့ အခုလိုထိခိုက် သေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။
“မင်းတို့ဘာလို့ရပ်နေတာတုန်း ဆိုပြီးပြောတာ။ ရှေ့ကကားတွေလည်းရပ်နေလို့ ရပ်ထားတာလို့ပြန်ပြောလိုက်တယ်။ အဲဒီမှာ သူတို့ကလက်မှတ်တွေစစ်၊ လူတွေလမ်းဆင်းလျှောက်ခိုင်း၊ ပြီးတော့ကားပေါ်ပြန်တက်ခိုင်းပြီးကားထွက်ခိုင်းတာ။ ကားလည်းထွက်ကော (စစ်ကောင်စီတပ်)စစ်ဆေးရေးဂိတ်ကပစ်တာ” လို့ အဲဒီကားသမားက ပြောပြတယ်။
PDF မိုင်းခွဲခဲ့တဲ့ကား
ချောင်းဦးမြို့နယ်ထဲမှာ ခရီးသည်တင်ယာဉ်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ဇွန် ၃၀ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က ငါးယှန်ကျေးရွာအနီးမှာ ကြေးနီတင်ကားတွေကို ကြားဖြတ်တိုက်ခိုက်ရင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကားတွေဟာ ဆားလင်းကြီးမြို့နယ်၊ တရုတ်ကြေးနီစီမံကိန်းတွေကနေ ကြေးနီတွေတင်ဆောင်လာတဲ့ ကားတွေဖြစ်သလို စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တာကြောင့် တိုက်ခိုက်တာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းတစ်ခုက အမည်မဖော်လိုတဲ့ ရဲဘော်တစ်ဦးကတော့ တိုက်ပွဲဖြစ်နေချိန် အထိနာနေတဲ့စစ်ကောင်စီတပ်တွေက ရပ်ထားတဲ့ခရီးသည်တင်ယာဉ်တစ်စီးကို မောင်းခိုင်းကာ ကာဘာယူပြီး တော်လှန်ရေးတပ်တွေကိုပြန်ပစ်ခတ်လို့ အဲဒီကားကိုမိုင်းခွဲခဲ့ရတယ်လို့ ဝန်ခံပါတယ်။
“ဒီကောင်တွေ(စစ်ကောင်စီတပ်သားတွေ)က Express ကားကိုကာဘာယူပြီး ပစ်အားများနေတဲ့အချိန် ကျွန်တော်တို့က ပစ်အားကိုလျှော့ဖို့အတွက် ဒီဟာ(မိုင်းခွဲတာ)ကို လုပ်မှရတော့မှာ။ မလုပ်ရင်လည်း ကျွန်တော်တို့ရဲဘော်တွေက ဆုတ်လမ်းလည်း ကောင်းကောင်းမရှိတော့ဘူး” လို့ သူကပြောပါတယ်။
ကာကွယ်ရေးအဖွဲ့တွေ ခွဲလိုက်တဲ့မိုင်းကြောင့် ခရီးသည်တင်ယာဉ်တစ်စီးပျက်စီးခဲ့ပြီး ကားပေါ်ပါသူတချို့ ထိခိုက်ဒဏ်ရာ ရပေမယ့် သေဆုံးမှုမရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။
“ပြည်သူကားတွေက အလိုက်တသိရပ်ပေးတယ်။ ရပ်ပေးတဲ့အချိန်ကို စစ်ကောင်စီဘက်ကနေပြီး အတင်းမောင်းခိုင်းတာ။ ကျွန်တော်တို့ကလည်း တိုက်ပွဲဖြစ်နေတဲ့ကြားထဲကနေ ရန်သူနဲ့ပြည်သူခွဲလို့မရတော့ဘူးလေ။ ခွဲရင်ကျွန်တော်တို့ကလည်း နာတော့မှာ။ တတ်နိုင်သလောက် ကျွန်တော်တို့ရှောင်တယ်။ ရှောင်တဲ့ကြားထဲက ဒီလိုဖြစ်သွားတာ” လို့ အဲဒီကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့မိုင်းကြောင့် ထိခိုက်ခဲ့သူတွေကို သူတို့အနေနဲ့ တောင်းပန်တယ်လို့ မုံရွာခရိုင် PDF တပ်ရင်းက ရဲဘော်က ဆက်ပြောတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲမဖော်ဆောင်ခင်ရက်အနည်းငယ်အလိုနဲ့ တိုက်ပွဲမဖြစ်ခင် နာရီပိုင်းသာလိုတော့တဲ့ အချိန်တွေမှာ လမ်းပိုင်းဖြတ်သန်းမသွားဖို့ စာထုတ်သတိပေးသလို ကာကွယ်ရေးအဖွဲ့ဝင်တွေက ကားလမ်းပေါ်တက်ပြီး ယာယီပိတ်ဆို့တာတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။
အခုလို လမ်းအသုံးပြုသူတွေ ထိခိုက်သေဆုံးတဲ့ဖြစ်စဉ်တွေရှိလာမှာစိုးတာကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က သတိပေး ထုတ်ပြန်ချက်တွေထုတ်တိုင်း ပြည်သူတွေအနေနဲ့ အတိအကျလိုက်နာပေးဖို့ သူကတောင်းဆိုပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအကျော်မှာ ရန်ကုန်ကနေ မုံရွာကိုမောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ရှစ်စီးကို လက်လုပ်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဇူလိုင် ၁ ရက်က ထုတ်တဲ့ သူတို့ရဲ့ဝါဒဖြန့်သတင်းစာမှာ ဆိုထားပါတယ်။
အဲဒီအပြင် ခရီးသည်တွေကိုကူညီဖို့သွားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်လို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် မပပဝင်းတို့လိုက်ပါလာတဲ့ Famous Express ယာဉ်အပါအဝင် ရန်ကုန်-မုံရွာပြေးဆွဲနေတဲ့ စိန်ဌေးလှိုင်၊ ရွှေစင်စင်္ကြာ၊ ရွှေသလ္လာ၊ နယူးစွမ်း၊ ရွှေမန္တလာ၊ Famous Express (သုံးစီး) စုစုပေါင်းကားရှစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။
“ပစ်တာတော့ ဘာတွေပစ်တာမှန်းမသိဘူး။ စစ်တပ်ဘက်ကပစ်တာ၊ အကုန်ပစ်တာပဲ။ သူတို့ရဲ့ဂိတ်အရှေ့မှာနှစ်ဖက်(ဘယ်ညာနှစ်ဖက်ညှပ်)ပစ်တာ” လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ မသန်းသန်းက ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ခရီးသည်တွေကို စစ်ကောင်စီတပ်သားတွေက ဓာတ်ပုံတွေရိုက်ပြီး ဒဏ်ရာပြင်းထန်သူတွေကို မုံရွာဆေးရုံကြီးကိုပို့ကာ တချို့ကိုတော့ ချောင်းဦးဆေးရုံကို ပို့ပေးတယ်လို့ မသန်းသန်းက ပြောပါတယ်။
မုံရွာဆေးရုံကြီးမှာတော့ ခရီးသည်တင်ယာဉ်မောင်းတစ်ဦး ဆေးကုသမှုခံယူရင်း ဒဏ်ရာကြောင့်သေဆုံးသွားခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိသူတွေကပြောပေမယ့် မော်ကွန်းအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ခရီးသွားဖို့ ထိတ်လန့်နေ
အခုလို မုံရွာ-မန္တလေးကားလမ်းမပေါ် ချောင်းဦးလမ်းပိုင်းမှာ ခရီးသည်တင်ယာဉ်တွေ ပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးမှုတွေ ရှိလာပြီးနောက်ပိုင်း အဲဒီလမ်းပိုင်းကိုဖြတ်သန်းပြီး ခရီးမသွားရဲကြတော့ဘူးလို့ မုံရွာမြို့ခံတွေကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ကရင်၊ ကချင်၊ ရခိုင်၊ မွန် စတဲ့တိုင်းနဲ့ပြည်နယ်တွေထဲက အဓိကကားလမ်းမတွေမှာလည်း မကြာခဏဆိုသလို ခရီးသည်တင်ယာဉ်တွေ၊ လူနာတင်ယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ပစ်ခတ်ခံရတာတွေဖြစ်ပွားခဲ့ပါတယ်။
မော်ကွန်းက ဒေသတွင်းသတင်းတွေရဲ့ဖော်ပြချက်တွေ၊ စစ်ကောင်စီဝါဒဖြန့်သတင်းစာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကနေ လက်လှမ်းမီသလောက် စုဆောင်းထားတဲ့အချက်အလက်တွေအရ ၂၀၂၂ ကနေ အခုနှစ် ဇွန်လအထိ မုံရွာ-မန္တလေးကားလမ်းမပေါ်မှာ ခရီးသည်တင်ယာဉ်တွေ ပစ်ခတ်ခံရ၊ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ အကြိမ်ရေ ၅၀ ဝန်းကျင်ရှိပြီး အဲဒီဖြစ်စဉ်တွေအတွင်း ခရီးသည် ၄၀ ကျော်သေဆုံးကာ လူတစ်ရာနီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၂ ဩဂုတ်လတုန်းကလည်း စစ်ကိုင်း-မန္တလေးဆက်သွယ်ထားတဲ့ (ရတနာပုံ)တံတားပေါ်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ရန်ကုန်-မုံရွာ ခရီးသည်တင်ယာဉ်တစ်စီးကို စစ်ဆေးရင်းပစ်ခတ်ခဲ့လို့ ခရီးသည်နှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီအပြင် မုံရွာ-ကျောက္ကာလမ်းပေါ်မှာလည်း ၂၀၂၂ ဖေဖော်ဝါရီတုန်းက ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ခရီးသည်လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
သူတို့အလုပ်လုပ်ချင်တဲ့ ထိုင်းနိုင်ငံကိုသွားဖို့ ရန်ကုန်ကိုလာရမှာဖြစ်ပေမယ့် တိုက်ပွဲတွေဖြစ်နေသရွေ့ မုံရွာ-မန္တလေးကားလမ်းမပေါ်က ချောင်းဦးလမ်းပိုင်းကိုဖြတ်ပြီး ဘယ်ကိုမှခရီးမသွားရဲတော့ဘူးလို့ ဘဝအိပ်မက်တွေပျက်ကျေသွားတဲ့ မသန်းသန်းက အခုလိုပြောပါတယ်။
“မစီးရဲတော့ဘူး။ ကားဆိုတာထက် ချောင်းဦးလမ်းမဆိုရင်ကို လန့်နေတာ။ ဘာပြောချင်တာရှိလဲဆိုတော့ အခုကတော့ကြောက်လန့်ပြီးတော့ အဲဒီလမ်းကိုသွားရမှာကို ကြောက်နေတာ။ ဒီတိုင်း၊ ဒီလိုပုံစံဆိုလို့ရှိရင် မသွားရဲတော့ဘူး” ။ ။
ပုံစာ-မုံရွာ-မန္တလးကားလမ်းပေါ် ချောင်းဦးလမ်းပိုင်းမှာ တိုက်ပွဲကြား ပစ်ခတ်ခံခဲ့ရတဲကားတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ခရီးသည်တချို့။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်MOI နဲ့ fifty two news တယ်လီဂရမ်ချန်နယ်။

