ရန်ကုန် -၂၀၂၃ မေ ၃၀ (မော်ကွန်း)
မနေ့ကမီးရှို့လို့မကုန်သေးတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ချောင်းနားရွာကို ဒီနေ့ထပ်ပြီး စစ်ကောင်စီတပ်တွေက မီးရှို့နေဆဲဖြစ်တယ်လို့ အနီးမှာစောင့်ကြည့်နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက မော်ကွန်းကိုပြောပါတယ်။
“ပျက်စီးဆုံးရှုံးမှုက လောလောဆယ်တော့ အတိအကျမသိရသေးဘူး။ မနေ့ကရှို့တာတော့ ကျန်တဲ့အိမ်ကျန်သေးတယ်။ အဲဒါကို ဒီနေ့ထပ်ရှို့တာ” လို့ ဒေသကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အိမ်ခြေ ၁၂၀ ဝန်းကျင်ရှိတဲ့ ချောင်းနားရွာကို စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က မနေ့က မနက်ကတည်းက ရွာကိုဝင်စီးပြီးမီးတင်ရှို့နေတာပါ။
“ မနက်စောစော ၈ နာရီလောက် သွားကပ်တယ်။ ကပ်တဲ့အချိန်မှာ ရွာကိုမီးရှို့ပြီးလို့ ပြန်ထွက်သွားလောက်ပြီထင်တာ။ ကင်းပုန်းနဲ့တွေ့လို့ အပြန်အလှန်ပစ်ခတ်တာရှိတယ်။ ကျွန်တော်တို့ဘက်တော့ အထိခိုက်တော့မရှိဘူး။ အင်အား သိပ်မရှိတာနဲ့ မဟာမိတ်တွေနဲ့ပေါင်းပြီး ၁၁ နာရီလောက်မှာ ထပ်တိုက်တယ်။ ရွာထဲကိုဝင်နိုင်လောက်မလား အကဲစမ်းကြည့်တာ။ ရွာမှာက ဘန်ကာကောင်းတော့ ဝင်မရဘူး။ တစ်ဖက်မှာလည်း စစ်ကြောင်းက လက်နက်ကြီးနဲ့ထောက်တော့ ပြန်ဆုတ်လာရတာ” လို့ ချောင်းနားရွာက စစ်ကောင်စီတပ်ကို တိုက်ဖို့ကြိုးပမ်းနေတဲ့အခြေအနေကို ပခုက္ကူခရိုင်၊ တပ်ရင်း ၁၈ က ပြန်ကြားရေးတာဝန်ရှိသူက ဒီနေ့ လယ်ပိုင်းမှာရှင်းပြတယ်။
ချောင်းနားရွာမှာ စစ်ကောင်စီတပ်တွေ ရှိနေသေးတာကြောင့် ရွာခံတွေအပြင် အနားမှာရှိတဲ့ ကိုင်းလယ်၊ ပြစ်တဲ၊ တဲတော်ယာ (တောင်စု)၊ ဇင်းရွေးခုံ၊ သီးခြောက်၊ သရဖီ စတဲ့ရွာတွေက ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပေါက်မြို့နယ်တောင်ပိုင်းက ရွာတွေကို မေ ၂၅ ရက်ကတည်းက မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၃ မတ် ၁၉ အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေက မကွေးတိုင်းထဲက အိမ်ခြေ ၉,၀၁၉လုံး အထိ မီးရှို့ဖျက်ဆီးထားတယ်လို့ ဆိုထားပါတယ်။
ပုံစာ- စစ်ကောင်စီတပ်တွေရဲ့မီးရှို့ဖျက်ဆီးခံရတဲ့ ပေါက်မြို့နယ်တောင်ပိုင်း တဲတော်ယာ(တောင်စု)ရွာ
Photo – Successful Force – Pauk
#Dailynews