ဆားလင်းကြီး – ၂၀၂၃ မေ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး၊ ထန်းတောကူးတို့ဆိပ်မှာ အာဏာသိမ်းစစ်တပ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အဲဒီနောက်မှာ ကူးတို့ဆိပ်အနီးအနားက နေအိမ်တွေနဲ့ဆိုင်ခန်းတွေကို မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်း ဆားလင်းကြီးကနေ လက်ပံတောင်းတောင်ကို အာဏာသိမ်းစစ်တပ်ဟာ အင်အား ၁၃၀ ဝန်းကျင်နဲ့ရောက်ရှိလာပြီး ညောင်ပင်ကြီး၊ ထန်းတောရပ်ကွက်တွေကို ဖြတ်ကာ ထန်းတောကူးတို့ဆိပ်ကိုရောက်လာချိန် မိုင်းဆွဲခံရတာပါ။
“မုံရွာဘက်ကို ဇာတ်နဲ့ကူးဖို့ သဲသောင်ပြင်အဆင်းမှာ မိုင်းဆွဲခံရတာ”လို့ ဒေသခံကပြောပါတယ်။
မိုင်းဆွဲခံရလို့ ကူးတို့ဆိပ်အနားက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေကို အာဏာသိမ်းစစ်တပ်က မီးရှို့သွားပြီးအလုံး ၂၀ လောက် မီးထဲပါသွားတယ်လို့ သူကပြောပါတယ်။
အဲဒီနောက် ဒဏ်ရာရတဲ့စစ်သားတွေကို ဇာတ်ပေါ်ကိုတင်ပြီး အာဏာသိမ်းစစ်တပ်ဟာ ပြန်လည်ပစ်ခတ်ရင်း မုံရွာဘက်ကို ကူးသွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
မုံရွာဘက်ကိုကူးသွားတဲ့ ဇာတ်ပြန်လာချိန်မှာ စစ်သား ခုနစ်ဦးလောက်ပြန်ပါလာပြီး ကမ်းကပ်ကပ်ချင်း ဒေသတော်လှန်ရေးအဖွဲ့တွေက ထပ်မံမိုင်းဆွဲပြီး ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“ဒီတကြိမ်မှာတော့ သုံးကောင်လောက် လဲကျပြီး ရမ်းသန်းပြန်ပစ်ပြီး မုံရွာဘက်ကမ်းပြန်ကူးပြေးတယ်”လို့ ဒေသခံကပြောပါတယ်။
ဒေသတော်လှန်ရေးအဖွဲ့တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံကပြောပါတယ်။
Data for Myanmar အဖွဲ့ရဲ့ မတ်လက နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်မီးရှို့လို့ ပျက်စီးသွားရတဲ့ စစ်ကိုင်းတိုင်းက နေအိမ်အရေအတွက်ဟာ ၄၇,၇၇၈ လုံး အထိရှိလာနေပါပြီ။
ပုံစာ – ပထမအကြိမ် မိုင်းဆွဲခံရစဉ်က မီးရှို့ခံရသည့် နေအိမ်နှင့်ဆိုင်ခန်းအချို့
ဓါတ်ပုံ – CJ
#Dailynews

