ခင်ဦး – ၂၀၂၃၊ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ဟာ အရပ်လေးမျက်နှာစစ်ကြောင်းထိုးခံနေရကာ စစ်ရှောင်ဦးရေ ရှစ်ထောင်ကျော်ရှိလာပြီး စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေပြီလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“အစားအစာက ထမင်းတစ်ထုပ်ရဖို့တောင်တစ်ရွာနဲ့တစ်ရွာ မနည်းဆောင်ရွက်နေရတယ်။ ထမင်းထုပ်ဆိုလူစေ့မရကြဘူး။နေစရာကလည်းတောတွေထဲမှာပြွတ်သိပ်နေတယ်။ လက်နက်ကြီးနဲ့သာပစ်ရင်မှန်နိုင်တဲ့အနေအထားမှာရှိတယ်။” လို့သူကပြောပါတယ်။
စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်း ယောက်သွားအိုင်ကျေးရွာကို လက်နက်ကြီးငယ်နဲ့ပစ်ခတ်ဝင်ရောက်လာတာကြောင့် အနီးအနားက အလယ်ရှို၊ ကုလားလူးနဲ့ ရှားလွင်စတဲ့ကျေးရွာက ဒေသခံတွေပါထွက်ပြေးတိမ်းရှောင်နေရတာပါ။
မနေ့ကဆိုလည်း ခင်ဦးမြို့နယ်ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက်ကရွာတွေကို ပျူစောထီးနဲ့စကစတပ်သား အင်အား ၄၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းနှစ်ကြောင်းထိုးဝင်လာပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တာကြောင့်အနီးအနားရွာတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
ယခုလ ၁၃ ရက်ကဆိုလည်း ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းရှိ လက်ပံရွာကျေးရွာကို ပျူစောထီးနဲ့ စစ်ကောင်စီအင်အား ၁၀၀ စစ်ကြောင်း ဝင်လာပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အခုဆို ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၆၆ ရွာမီးရှို့ခံထားရပြီး၊ အိမ်ခြေလေးထောင်နီးပါးပျက်စီးဆုံးရှုံးခဲ့သလို အိုးအိမ်မဲ့ဖြစ်သွားသူ တစ်သောင်းခွဲကျော်ရှိလာနေပါတယ်။
Photo – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

