ခင်ဦး- ၂၀၂၃ မတ် ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ပေါ်မှာ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကင်းသွားထောက်တဲ့ ခင်ဦးဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး မနေ့မနက်ပိုင်းက သတ်ဖြတ်ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“သံဘိုရွာအနီးမှာ ပိတ်ဖမ်းခံရပြီးသတ်ခံရတယ်။ တစ်ဦးက ခေါင်းဖြတ်သတ်ခံရတယ်။ နောက်တစ်ဦးက ခေါင်းတွေကြေမွသွားအောင်ရိုက်ခံရတယ်။ မျက်နှာမပီတော့ဘူး။ ပြီးမှသေနတ်နဲ့ နဖူးတေ့ပစ်သွားတယ်။ ခေါင်းဖြတ်သတ်ခံရတဲ့ ရဲဘော်ရဲ့ခေါင်းကို နွယ်ကြိုးနဲ့ သစ်ပင်မှာချိတ်သွားတယ်”လို့ ပြောပါတယ်။
အသတ်ခံရတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးဟာ ရဲဘော်ကျော်ရဲနဲ့ ရဲဘော်သက်နိုင်ဖြိုးတို့ဖြစ်ပြီး အသက်လေးဆယ်ဝန်းကျင်အရွယ်ရှိတယ်လို့ သိရပါတယ်။
သတ်ဖြတ်သွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ကညနေပိုင်းကပဲ ရွှေဘိုနယ် ဘုတ်ကုန်းပျူရွာကနေ ရွှေဘိုလေ့ကျင့်ရေး-၈ ထဲ ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ အသတ်ခံရတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူပေါင်း ၂၇၅ ဦးအထိရှိလာပြီဖြစ်ပြီး စစ်ရှောင်နေရတဲ့ ပြည်သူပေါင်းနှစ်သောင်းကျော်ရှိလာပြီလို့ သိရပါတယ်။
#Dailynews

