ရန်ကုန်-၂၀၂၃ မတ် ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မြကန်ကျေးရွာကိုစစ်ကောင်စီတပ်တွေ ဒီကနေ့မနက်ပိုင်းက မီးရှို့ပြီးပြန်အထွက်မှာ ရိုက်သတ်ခံထားရတဲ့ဒေသခံတစ်ဦးအလောင်းနဲ့ ရွာခံတစ်ချို့ပျောက်ဆုံးနေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို အတည်ပြုပြောပါတယ်။
“ပျောက်ဆုံးနေတဲ့ဒေသခံနှစ်ဦး သုံးဦးရှိတယ်။ ဖမ်းသွားတာလား ဘာလားတော့မသိဘူး။ အဆက်သွယ်မရသေးတဲ့ဒေသခံတွေရှိတယ်။ အသတ်ခံလိုက်ရတဲ့ဒေသခံရှိတယ်။ ကနဦး တစ်ဦးလို့သိရတယ်။ အခုမှနယ်မြေရှင်းလင်းရေးဝင်တုန်းဆိုတော့ စာရင်းအတိအကျမသိရသေးဘူး။ သေနတ်ဒင်နဲ့ရိုက်နှက်သတ်သွားတာ၊ သေနတ်ဒဏ်ရာတော့မတွေ့ဘူး၊ ရိုက်ခံရတဲ့အနေအထား သေနတ်ဒင်ရာတွေတွေ့တယ်၊ ဖိနပ်ရာတွေတွေ့တယ်”လို့ သူကပြောပါတယ်။
အသတ်ခံထားရတဲ့သူဟာ အသက် ၆၅ နှစ်ခန့် မြကန်ရွာခံအမျိုးသားတစ်ဦးဖြစ်ပြီး အမည်စုံစမ်းနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။
မြကန်ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ ဒီမနက် ၈ နာရီ မိနစ်၂၀ ဝန်းကျင်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး နေအိမ်တစ်လုံး မီးရှို့ခံရကာ မြကန်ရွာခံတွေအပြင် အနီးနားက အင်းပက်၊ ကုန်းသာ စတဲ့ရွာတွေက ဒေသခံငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက ရွာသစ်ကုန်းပျူရွာကနေ အနီးနားရွာတွေကို စက်ကလေး (လက်နက်ငယ်)တွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသစ်ကုန်းရွာအနီးက ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ဆိုပါတယ်။
ပုံစာ – မီးရှို့ခံနေရသည့်မြကန်ရွာ
Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
#Dailynews

