ခင်ဦး – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က အောင်သာကျေးရွာမှာ စစ်ကောင်စီတပ်တွေက လူမှုကူညီရေးအသင်းရဲ့ အလှုခံပုံး ဖောက်ပြီး အလှုငွေတွေသိမ်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက် ၁၁:၀၀ နာရီဝန်းကျင်က ခင်ဦးမြို့နယ် အောင်သာကျေးရွာက နေအိမ် သုံးလုံးနဲ့ စျေးဆိုင်တစ်ဆိုင်ကို ဝင်ရောက်ရှာဖွေမွှေနှောက်ပြီး စျေးဆိုင်က ငွေသား နှစ်သိန်းကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ယူသွားတယ်လို့ ဒေသခံကပြောပါတယ်။
အဲဒီရွာကပဲ နောက်အိမ်တစ်အိမ်မှာ ရွာက ပုညသဟာယလူမှုကူညီရေးအသင်းအတွက် လစဥ်အလှုငွေထည့်ဝင်ကြတဲ့ အလှူခံပုံးကိုပါ စစ်ကောင်စီတပ်တွေက ဖောက်ပြီး အလှူငွေတွေကို ယူသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။
“အလှူခံပုံးထားတဲ့အိမ်က လူမှုကူညီရေးအသင်းတာဝန်ရှိသူရဲ့အိမ်ပါ။ ဖမ်းဆီးခံရတာတော့မရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အလှူခံပုံးထဲက ငွေသားဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ ခင်ဦးမြို့နယ်ထဲက သဲကုန်းကြီးကျေးရွာကို ဝင်ရောက်ပစ်ခတ် မီးရှို့တာတွေ စစ်ကောင်စီက ပြုလုပ်ခဲ့ကြပါသေးတယ်။
ခင်ဦးမြို့နယ်ထဲက ပျဥ်ထောင်၊ သဲကုန်းကြီးနဲ့ ရွာသစ်ကုန်းကျေးရွာတွေမှာ စစ်တပ်ကဝင်ရောက်တပ်စွဲထားတာကြောင့် ရွာနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပြီး တောထဲမှာအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုံစာ – မွှေနှောက်ယူဆောင်ခံရတဲ့ ဈေးဆိုင်နဲ့ အလှူခံပုံး။
ဓါတ်ပုံ-ခင်ဦးသတင်းမှန်ပြန်ကြားရေး
#Dailynews

