ကွတ်ခိုင်၊ အခြားများ၊ အမှတ်ရချက်များ(၂)

ကွတ်ခိုင်၊ အခြားများ၊ အမှတ်ရချက်များ(၂)

Illustration- MAUNG NOE

ဘဝတွင် မေ့မရနိုင်သော နေ့စွဲ၊ ရက်စွဲ၊ ခုနှစ်၊ လများ ကိုယ်စီ ရှိကြမည်ထင်ပါသည်။ ကျွန်တော့် ဘဝတွင်လည်း ရှိသည်။ အချို့သော နေ့များတွင် နေရောင်ခြည်သည် ကျန်းမာသန်စွမ်းလျက် ရှိသကဲ့ သို့ အချို့သော နေ့များတွင် နေရောင်ခြည်သည် မှေးမှိန်လျက်ရှိ၏။ လတ်ဆတ်သော တောင်ပေါ်လေများ၊ လိမ္မော်သီးများ၊ ပန်းသီး များ၊ ထင်းရူးပင်များ၊ ကျယ်ပြန့်သော၊ ကြည်လင်သော ရေပြင် များ၊ စိမ်းစိုသော လက်ဖက်ခင်းများ၊ မြူနှင်းများနှင့် မခြောက် သေးသော မျက်ရည်များ၊ ချွေး၊ သွေးများ၊ အထီးကျန်မှုများ၊ အဆင်မပြေမှုများ၊ မေ့မရသော၊ မေ့ရသော၊ မုန်းသော၊ ချစ်သော စသည့် လူ့ဘဝအပိုင်းအစ ဓာတ်ပုံ ကားချပ်များသည် လှပစွာသော်လည်းကောင်း အကျည်းတန်စွာဖြင့်သော်လည်းကောင်း အသီးသီး တည်ရှိနေကြသည်။

ကျွန်တော်၏ ကိုယ်ပိုင်အိတ်လေးထဲမှ အပိုင်းအစတချို့ အကြောင်းကို ပြန်လည် ပြောပြလိုပါသည်။ ကျွန်တော်တို့ မိသားစု သည် ဇာတိမြေ ချင်းပြည်နယ် မင်းတပ်မြို့မှ ဟားခါးမြို့သို့ ပြောင်း ရွှေ့နေထိုင်ခဲ့ကြသည်။ ကျွန်တော့်အဖေမှာ အစိုးရရုံးတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းတစ်ဦး ဖြစ်ပါ သည်။ ဟားခါးမြို့တွင် ကိုးနှစ်ကြာ နေထိုင်ခဲ့ကြပြီးနောက် အဖေ ရာထူးတိုးသဖြင့် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့သို့ ကျွန်တော်တို့ မိသားစု ပြောင်းရွှေ့နေထိုင်ကြရသည်။ ကျွန်တော်ကတော့ ရေ ဆင်းတွင် ကျောင်းတက်နေပါသည်။ ကျောင်းပိတ်သောအခါ မိသားစုရှိရာ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့သို့ ကျွန်တော် သွားရ သည်။ ကွတ်ခိုင်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့လေးတစ် မြို့ဖြစ်ပြီး ထိုမြို့တွင် ကချင်လူမျိုးများ၊ ပလောင်လူမျိုးများ၊ ဗမာ လူမျိုးများ၊ ရှမ်းလူမျိုးများ၊ တရုတ်လူမျိုးများ၊ ကပြားများ စသည် ဖြင့် နေထိုင်ကြပါသည်။ လားရှိုးမှ ကွတ်ခိုင်သို့ ကားဖြင့် သွားလျှင် နှစ်နာရီခွဲ သုံးနာရီခန့်သာ ကြာပြီး ကွတ်ခိုင်မှ မူဆယ်သို့လည်း ကားဖြင့် နှစ်နာရီခွဲ သုံးနာရီခန့်သာ ကြာသည်။ ကျွန်တော်တို့ မိသားစုသည် ပလောင်လူမျိုး အများစု နေထိုင်သော ရပ်ကွက် တွင် တိုက်ပုအိမ်လေးတစ်လုံး ငှားကာ နေထိုင်ကြပါသည်။ ကျွန် တော်တို့ မိသားစု နေထိုင်သော ခြံဝင်းလေးမှာ အနည်းငယ် ကျယ်သဖြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြသည်။ ကွတ်ခိုင် မြို့ မြေ၏ မြေဆီသြဇာမှာ အခြားသော ရှမ်းပြည်မြို့ ရွာတို့နှင့် ယှဉ်လျှင် အလွန်ညံ့သည်ဟု ပြောကြသော်လည်း ကျွန်တော်တို့ ခြံလေးတွင် စိုက်သော ဟင်းသီးဟင်းရွက်များမှာမူ ဖြစ်ထွန်းပါ သည်။ အိမ်နီးချင်းတို့မှာ ကချင်နှင့် ပလောင်လူမျိုးများ ဖြစ်ကြ ပြီး အများစုမှာ ပလောင်လူမျိုး မိသားစုများ ဖြစ်ကြပါသည်။

ကျွန်တော် ကွတ်ခိုင်တွင် ကြုံတွေ့ရသော အဖြစ်အပျက် တချို့ကို ပြန်လည် ပြောပြလိုသည်။ ထိုညလေးသည် ခါတိုင်းကဲ့ သို့ သာမန်ညလေးတစ်ည ဖြစ်ပါသည်။ ထိုညက လသာသလား၊ မှောင်မည်းနေသလား မမှတ်မိတော့ပါ။ သေချာတာကတော့ ကျွန်တော်တို့မြို့လေးသည် တိတ်ဆိတ်တုန်လှုပ်နေမည်ဟု ထင်ပါ သည်။ မိသားစု ညစာထမင်းစားကြပြီးနောက် စာဖတ်သူက ဖတ်၊ ဇာတ်ကားရုပ်သံ ကြည့်သူ ကြည့်ဖြင့် ကျွန်တော်တို့ မိသားစုလေး သည် ငြိမ်သက်နေခဲ့သည်။ ည ၉ နာရီအချိန်တွင် မမျှော်လင့်ဘဲ သေနတ်သံတစ်ချက် မြို့တွင်းမှ ထွက်လာသည်။ ကျွန်တော့်ဘဝ တွင် စစ်ပွဲ၊ တိုက်ပွဲ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးပါ။ အမေက တီဗီ ကြည့်နေကြသော ညီငယ်၊ ညီမငယ်များကို တီဗီပိတ်ရန်၊ မီးပိတ် အိပ်ရာဝင်ရန် ချက်ချင်း ပြောပါသည်။ ကျွန်တော်တို့လည်း မီး ပိတ်ကာ အိပ်ရာဝင်ကြရသည်။ ကျွန်တော်တို့အားလုံး တုန်လှုပ် နေကြပါသည်။ သေနတ်သံများသည် နားလိုက်ပေါ်လိုက်နှင့် ဖြစ် နေသည်။ ကျွန်တော့်နားတွင် လှဲအိပ်နေသော ညီမငယ်စိမ်းမှ ကျွန်တော့်လက်အား ဆုပ်ကိုင်ထားပြီး ”အစ်ကို ရေဆင်းမှာ ရှိ တုန်းကလည်း မြို့ထဲမှာ တိုက်ပွဲတွေ ဖြစ်တယ်”ဟု ပြောပြပါ သည်။ ထိုညက ကျွန်တော် အလွန်ကြောက်နေမိပါသည်။ စစ် တိုက်နေသော သူများကိုလည်း ရွံရှာစက်ဆုပ်ပါသည်။ မြို့ထဲမှ ခွေးအူသံများနှင့် တစ်ချက်တစ်ချက် သေနတ်သံများ ထွက်လာ တတ်သည်။ ထိုညက ကျွန်တော် လုံးဝ အိပ်မပျော်ပါ။ အဖေက တော့ မြို့သူမြို့သားတွေအတွက်တော့ မထူးဆန်းတော့ကြောင်း ပြောပါသည်။ ငြိမ်းချမ်းရေး၏ အရသာကို ငြိမ်းချမ်းခြင်းမရှိသော နေရာတွင် ကျွန်တော် သိလိုက်ရပါသည်။ ချင်းပြည်နယ်၏ အရသာကို ထိုညက ကျွန်တော် ပြန်လိုချင်နေမိသည်။

နောက်နေ့များတွင်လည်း စောစော အိပ်ရာဝင် မီးပိတ်ကာ အိပ်ကြရသည်။ တချို့ ညများတွင် သေနတ်သံများ ထွက်လာ တတ်သည်။ နားလိုက်၊ ထွက်လိုက် ဖြစ်ပါသည်။ သို့သော် ပထမ ဆုံးညကဲ့သို့ အကြီးအကျယ် တုန်လှုပ်ခြင်းတော့ မဖြစ်တော့ပါ။ အကယ်၍ ကျွန်တော်တို့အိမ်နားတွင် တိုက်ပွဲဖြစ်လာပါက မိသားစုလုံခြုံအောင် ဘယ်လို ရှောင်ရမလဲ၊ ဘယ်လို လုပ်ရမလဲ ဟူ၍သာ စိတ်ကူးနေခဲ့သည်။ ကျွန်တော်တို့ရပ်ကွက်တွင် ပလောင် ခန်းမကြီးတစ်ခု ရှိပါသည်။ ထိုခန်းမကြီးတွင် တောင်ပေါ်ရွာများမှ စစ်ဘေးရှောင်ပြည်သူများ လာရောက်နေထိုင်ကြသည်။ သက် ကြီးရွယ်အိုများ ရှိသကဲ့သို့ ကလေးငယ်များ၊ လူလတ်ပိုင်းများစွာ တို့ကိုလည်း တွေ့ရသည်။ အိမ်စွန့်၊ ရွာစွန့် ပြေးနေကြရသော သူ တို့ကို ကျွန်တော် ကိုယ်ချင်းစာပါသည်။ စစ်ပွဲကား ရွံရှာစက်ဆုပ် ဖွယ်ကောင်းလေစွ။

‘နောက်နေ့နေရောင်ထွက်တော့
လက်နက်ကိုင်မှန်သမျှ ငါတို့ရန်သူပဲတဲ့
ဒေသခံအဘွားကြီး ပြောတော့
ငါတို့ရယ်မောဖို့မမေ့ကြပါဘူး
ဘုရားသခင်လည်း ငါတို့ကိုကြည့်ပြီး
ရယ်မောနေပါလိမ့်မယ်’

လားရှိုးမြို့ လရောင်လမ်းချိုး ကဗျာဆရာများမှ ထုတ်ဝေ သော လရောင်လမ်းချိုးမဂ္ဂဇင်း အမှတ် ၂ တွင် ကျွန်တော်ရေးခဲ့ သော ကွတ်ခိုင်ညကဗျာမှ အပိုင်းအစ ဖြစ်ပါသည်။ ကျွန်တော်တို့ အိမ်နီးချင်း ပလောင်အဘွားအို ပြောခဲ့သောစကားကို ပြန်လည် ထည့်သွင်းရေးခဲ့ခြင်းဖြစ်သည်။ လက်နက်ကိုင်မှန်သမျှ ငါတို့ ရန်သူပဲ ဟူ၍ ဖြစ်သည်။ ကျွန်တော် ကဗျာတစ်ပုဒ် ရွတ်ပြလိုပါ သည်။ ဆရာအောင်ချိမ့်၏ အန်တီကဗျာစာအုပ်မှ ကဗျာတစ်ပုဒ် ဖြစ်သည်။ နားဆင်ကြည့်ပါလော့။

‘ရန်ကုန်မြို့ အပေါ်မှာ
ထုန်း…ထုန်း…
မိုးပေါ်ရောက်မှ ပေါက်တဲ့
အဆင့်မြင့်
ဗြောက်အိုးများ။

ရန်ကုန်မြို့ အပေါ်မှာပေါ့လေ
ပျော်အောင်ပေါ့လေ
ထုန်း …
ထုန်း …။

ကြောက်ကြမှာပဲ
နယ်စပ်ပြည်သူတွေဆို။

အောင်ချိမ့်

ဟုတ်သည်။ ကြောက်ရပါသည်။ ခံစားနားလည်ပေးနိုင် လိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော် ပြောပြပါမည်။ ကျောင်းများ ပြန်ဖွင့်သောအခါ ရေဆင်းတွင် ကျွန်တော် ကျောင်းပြန်တက်ရ သည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လင်းဇင်းအမျိုးသား ဆောင် အခန်း ၃၅ မှာ ကျွန်တော့်အခန်းဖြစ်ပါသည်။ တောင်သာ သား သူငယ်ချင်းကိုထင်လင်းစံနှင့်အတူနေကြခြင်းဖြစ်သည်။သီတင်းကျွတ်ကာလရောက်သောအခါ ဗြောက်အိုးများ၊ မီးရှူး မီးပန်းများ တရပ်စပ်ပစ်ဖောက်ကြသည်။ တအုန်းအုန်း တရွှီးရွှီး ဖြစ်နေပါသည်။ အဆောင်တွင်လည်း ကျောင်းသားတချို့ ဖောက် ကြသည်။ တစ်ဦးနှင့်တစ်ဦးအတူ ပစ်ဖောက်ကာ နောက်ကြ ပျော်ကြသည်။ တစ်နေ့။ ရေဦးသား သူငယ်ချင်း ကိုခိုင်ထွန်း အခန်းတွင် ကျွန်တော် အိပ်နေချိန် ဗြောက်အိုးသံများကြားရ သဖြင့် ကျွန်တော် လန့်နိုးသွားသည်။ ဘေးခန်းနေ နတ်မောက် သားက ဗြောက်အိုးဖောက်ခြင်း ဖြစ်ပါသည်။ ဟုတ်ပါသည်။ ဗြောက်အိုးသံများကို ကျွန်တော် မကြိုက်ပါ။သီတင်းကျွတ်ပွဲ တော်ကို ကျွန်တော် နားလည်ပေးနိုင်သည်။ သို့သော် စည်းမဲ့ကမ်း မဲ့ ဗြောက်အိုးဖောက်ခြင်းများကြောင့် စိတ်ဒုက္ခဖြစ်ရခြင်းမှာမူ အမှန်ပင်ဖြစ်သည်။ နှလုံးရောဂါရှိသောသူများအတွက် ပို၍ပင် ဆိုးဝါးမည် ထင်ပါသည်။ ဗြောက်အိုးဖောက်မှုများနှင့် ပတ်သက် ၍ လန့်ရပုံတို့ကို သူငယ်ချင်း ရခိုင်သား အောင်နိုင်ဝင်းအား ကျွန် တော် ပြောပြခဲ့သည်။ ရန်ကုန်မြို့အပေါ်မှာ ကဗျာကိုလည်း ကျွန်တော် ပြောပြခဲ့ပါသည်။

စစ်ပွဲသည် ယုတ်မာကြောင်း၊ ရက်စက်ကြောင်းကိုမူ ကျွန် တော် မပြောလိုတော့ပါ။ အမှန်တကယ် ငြိမ်းချမ်းရေးသည် နီးပါပြီလော။ ငြိမ်းချမ်းရေးကို ဘယ်သူတွေ သတ်ဖြတ်နေကြပါ သလဲ။ အားလုံး အသိပင်ဖြစ်ပါသည်။ ကျွန်တော် မပြောလိုတော့ ပါ။ ကျွန်တော့်နေ့စွဲအပိုင်းအစတချို့ကို ထုတ်ဖော်ရေးသားခြင်း သာဖြစ်ပါသည်။

‘မတရားသော သူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မလူတို့ကို မငြူစူနှင့်။ အကြောင်းမူကား မတရားသော သူသည် အကျိုးကို မရ ။ အဓမ္မလူ၏ မီးခွက်သည် သေလိမ့်မည်’
သုတ္တံကျမ်း ၂၄း ၁၉-၂ဝ

၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ အက်ဆေး ဖြစ်ပါသည်။

ဝေမြင့်မောင် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."