ကျောင်းသုံးဖတ်စာအုပ်တွေ ပြန်အပ်ရမယ်လို့ဆို

ကျောင်းသုံးဖတ်စာအုပ်တွေ ပြန်အပ်ရမယ်လို့ဆို

ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၉ (မော်ကွန်း)

လာမယ့် ပညာသင်နှစ်တွေကစပြီး အခြေခံပညာကျောင်းတွေမှာ ကျောင်းသုံးဖတ်စာအုပ်ကို လက်ဆင့်ကမ်းစနစ် ပြောင်းလဲမှာဖြစ်တာကြောင့် ဖတ်စာအုပ်တွေကို စာသင်နှစ်ကုန်တိုင်း ပြန်အပ်ရမယ်လို့ ကျောင်းသားမိဘတချို့နဲ့ ဆရာ၊ ဆရာမ တချို့က ပြောပါတယ်။

၂၀၂၅-၂၆ စာသင်နှစ်ကပြီး ကျောင်းသုံးဖတ်စာအုပ်ကို လက်ဆင့်ကမ်းစနစ် စတင်ကျင့်သုံးမှာဖြစ်ပြီး ဒီနှစ်မှာ ကျောင်းက ထုတ်ပေးတဲ့ ဖတ်စာအုပ်တွေကို ပြန်အပ်ရမယ်လို့ ဗိုလ်တထောင်မြို့နယ်က အခြေခံပညာကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

“အဓိကတော့ ကျောင်းကထုတ်ပေးတဲ့စာအုပ်ကို ပြန်အပ်ရမှာ။ အခမဲ့ထုတ်ပေးတဲ့ စာအုပ်တွေပေါ့။ မအပ်နိုင်ရင်တော့ စာအုပ်ဖိုးသွင်းရမယ့်သဘောပေါ့။ နောက်တက်မယ့်ကျောင်းသားကိုလည်း အခမဲ့ပဲပေါ့” လို့ အခြေခံပညာ ဆရာမတစ်ဦးက ပြောပါတယ်။

အခြေခံပညာကျောင်းတွေကို ဖတ်စာအုပ်တွေကို အခမဲ့ပေးဝေတာဖြစ်ပေမယ့် ကျောင်းတချို့မှာတော့ ဖတ်စာအုပ်ထုတ်မပေးတာ၊ ပြန်ရောင်းချတာတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတချို့ကလည်း ပြောပါတယ်။

ဖတ်စာအုပ်တွေ အခမဲ့ထုတ်ဝေပေးရာမှာလည်း ပုံနှိပ်ထုတ်ဝေရေးမှာ အခက်အခဲတွေရှိတာကြောင့် ဒီလို လက်ဆင့်ကမ်းစနစ်ကို ပြောင်းလဲတာဖြစ်နိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

“ဖတ်စာအုပ် ပုံနှိပ်ထုတ်ဝေရေးမှာ အခက်အခဲရှိတာရယ်၊ ပညာရေးဘတ်ဂျတ်ကို လျှော့ချဖို့ လုပ်တယ်ဆိုပြီးတော့ ပြောကြတာရှိတယ်။ လာမယ့်နှစ်စမယ်လို့တော့ ကြားထားတယ်” လို့ ပညာရေးဝန်ထမ်းတစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရ NLD လက်ထက်က စတင်ခဲ့တဲ့ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း အရ ၂၀၁၆ မှာ အခြေခံပညာ သင်ရိုးညွှန်းတမ်းအသစ်ကို စတင်သင်ကြားခဲ့ပြီး လက်ရှိပညာသင်နှစ်မှာတော့ KG+12 သင်ရိုးသစ်နဲ့ အတန်းအားလုံးကို သင်ကြားနေတာပါ။

ဖတ်စာအုပ်တွေ လက်ဆင့်ကမ်း ပြန်အပ်ရတဲ့စနစ်ပြောင်းလဲမယ်ဆိုရင် ကျောင်းသားတွေအနေနဲ့ စာအုပ်အဟောင်းတွေကို ပြန်ကိုင်ရမှာကြောင့် ကျောင်းသားမိဘတွေရဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

လက်ရှိ စနစ်သစ်အရ ပုံနှိပ်စာအုပ်ထဲမှာ ဖြေဆိုရတာ၊ ရေးသားရတာတွေ ပါနေတဲ့အတွက် ဒီလို ပုံနှိပ်စာအုပ် ပြန်အပ်တဲ့စနစ်က နောက်တက်မယ့်ကလေးတွေအတွက် အဆင်မပြေနိုင်ဘူးလို့ ကျောင်းသားမိဘတချို့က ပြောပါတယ်။

“စာအုပ်ထဲမှာ Match လုပ်ရမယ့် သင်ခန်းစာတွေပါတယ်။ အဖြေမှန်ကို အရောင်ခြယ်ပေးရတဲ့ သင်ခန်းစာတွေပါတယ်။ အဲဒါတွေကျရင် ဘယ်လိုလုပ်မလဲ။ နောက်လူက ဒီစာအုပ်ကို ဘယ်လိုကြည့်မလဲ” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အခြေခံပညာ ဖတ်စာအုပ်တစ်စုံကို ပြင်ပစာအုပ်ဆိုင်တွေမှာ ကျပ်တစ်သောင်းခွဲဝန်းကျင်ကနေ နှစ်သောင်းကျော်ထိ ပေါက်ဈေးရှိနေပြီး မြို့နယ်တချို့က စာသင်ကျောင်းတွေမှာ ဖတ်စာအုပ်ကို ကျောင်းက မရောင်းချပေးတာကြောင့် အပြင်စာအုပ်ဆိုင်တွေကနေ ပြန်ဝယ်နေရတယ်လို့ ကျောင်းသားမိဘတချို့က ပြောပါတယ်၊

“နှစ်တိုင်းအပြင်ကပဲ ဝယ်ရတာပါ။ ကျောင်းက ရောင်းပေးတာမရှိဘူး။ ရောင်းလည်း လူစေ့၊ စာအုပ်စေ့ ထုတ်ပေးနိုင်တာမရှိဘူး” လို့ တောင်ဒဂုံမြို့နယ်က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပညာရေးဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေကြောင့် အခြေခံပညာကျောင်းတွေ ပိတ်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ပညာသင်နှစ်မှာမှ ပြန်လည်ပြီး နိုင်ငံတစ်ဝန်းက ကျောင်းတွေကို ပြန်ဖွင့်နိုင်ခဲ့တာပါ။

လက်ရှိမှာလည်း စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိတဲ့ ဒေသတွေက စာသင်ကျောင်းတွေကိုပဲ ဖွင့်လှစ်ထားနိုင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ကယားပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေက အခြေခံပညာစာသင်ကျောင်းအများအပြား လက်ရှိအချိန်ထိ ပိတ်ထားရဆဲဖြစ်ပါတယ်။

ပုံစာ – အခြေခံပညာ ဖတ်စာအုပ်တချို့

ဓာတ်ပုံ – SK

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."