ကျောက်မဲ-၂၀၂၄ ဇွန် ၂၆ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁)က စစ်ကောင်စီတပ်သား ၁၇ဦးဟာ TNLA ထံမှာ ဒီနေ့ညနေ ၄း၀၀ နာရီဝန်းကျင်က လက်နက်ချအညံ့ခံခဲ့တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက အခုညနေမှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီအပြင် ကျောက်မဲမြို့မရဲစခန်းကိုလည်း TNLA တပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားတဲ့အပြင် မြို့ရဲ့နေရာတချို့ကိုပါ ထိန်းချုပ်ထားနိုင်ပြီလို့ ကျောက်မဲမြို့ခံတွေက ပြောပေမယ့် မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
“အခုမြို့ပေါ်မှာတော့ တိုက်ပွဲက ပြန်ငြိမ်သွားပြီ။ လက်နက်ကြီးပေါက်ကွဲသံတွေကတော့ ကြားနေရတုန်းပဲ”လို့ ကျောက်မဲမြို့ခံတစ်ဦးကပြောပါတယ်။
စကခ(၁) လက်အောက်ခံ စစ်ကောင်စီတပ်သား ၁၇ဦး လက်နက်ချအညံ့ခံတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ကျောက်မဲမြို့ပေါ်မှာ မနေ့က မနက်အစောပိုင်းကစပြီး ဒီနေ့အထိ စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။
ကျောက်မဲမြို့တွင်းနဲ့ မြို့အနီးဝန်းကျင်မှာပါ တိုက်ပွဲတွေဖြစ်နေလို့ မြို့ခံတွေက စစ်ရှောင်မရဘဲ နေအိမ်တွေထဲမှာ တံခါးပိတ်ပြီးနေနေရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နှစ်ရက်အတွင်း ကျောက်မဲမြို့ပေါ်က ဒေသခံခြောက်ဦး လက်နက်ကြီးကျည်၊ လက်နက်ငယ်ကျည်ထိမှန်သေဆုံးခဲ့သလို ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရထားပါတယ်။
ပုံစာ-TNLAထံလက်နက်ချအညံ့ခံခဲ့တဲ့ စကခ(၁)လက်အောက်ခံ စစ်ကောင်စီတပ်သားများ။
ဓာတ်ပုံ-Ta’ang TV

