ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၇ (မော်ကွန်း)
ပြီးခဲ့တဲ့ ရက်ပိုင်းကမှ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအများအပြားထိခိုက်ဒဏ်ရာသွားတဲ့ ကျောက်မဲမြို့ကို ဒီနေ့လယ်ပိုင်းမှာလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေး က ထုတ်ပြန်ထားပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်က ကျောက်မဲပြည်သူ့ဆေးရုံကို အခုလ ၂၅ ရက်က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူနာတွေကို ဆေးကုသပေးနေတဲ့ CDM ဆရာမတစ်ဦးနဲ့ လူနာတစ်ဦး သေဆုံးကာ ကျန်းမာရေးဝန်ထမ်းတွေ၊ CDM ဝန်ထမ်းတွေ အပါအဝင် အရပ်သား ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ဒီနေ့ မွန်းလွဲ နှစ်နာရီခန့်မှာလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ကျောက်မဲမြို့ ညဈေးတန်း၊ ခရိုင်ရုံးတို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုတော့ ထပ်မံထုတ်ပြန်သွားလို့ TNLA က ဆိုပါတယ်။
ပြီးခဲ့ရက်ပိုင်းက ကျောက်မဲဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တဲ့အတွက် ရှုတ်ချကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
ဒီဆေးရုံဟာ TNLA အနေနဲ့ ကျောက်မဲမြို့ကို သိမ်းလိုက်ပြီးနောက်ပိုင်းမှာ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီနဲ့ လူထုကျန်းမာရေးအတွက် လည်ပတ်နေတာပါ။
TNLA တပ်တွေဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျောက်မဲအပါအဝင် မြို့ပေါင်း ၁၂ မြို့ ထိ သိမ်းယူနိုင်ခဲ့တာပါ။
စစ်ကောင်စီအနေနဲ့ သူတို့လက်လွှတ်လိုက်ရတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
အခုလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့ကလည်း TNLA တပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းကနေ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အများအပြား သေဆုံးခဲ့ပါသေးတယ်။
ပုံစာ – စစ်ကောင်စီ ဗုံးကြဲလို့ ပျက်စီးသွားတဲ့ နေအိမ်အပျက်အစီးများ
ဓါတ်ပုံ – TNLA

