ကျောက်ဖြူ – ၂၀၂၅ ဖေဖော်ဝါရီ ၂၅ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်အခြေစိုက် ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က တိုက်ခိုက်ပြီးနောက် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ရေတပ်စခန်းအနီးကဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
သံတွဲမြို့နယ်က မောင်ရွှေလေးရေတပ်လေ့ကျင့်ရေးစခန်းကို သိမ်းထားပြီးဖြစ်တဲ့ AA ဟာ တရုတ်နိုင်ငံရဲ့စီမံကိန်းကြီးတွေရှိရာ ကျောက်ဖြူမြို့နယ်မှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းကို ထပ်မံထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ရေတပ်စခန်းဝန်းကျင်က သစ်ပုတ်တောင်ကျေးရွာ အပါအဝင် ဂုံးချိန်၊ စည်မော်၊ ဦးကင်း၊ ကြတ္တိန်၊ ကပ်သပြေ၊ ပျားတဲနဲ့ ရှောက်ချောင်းကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်ကြရတာ ဖြစ်ပါတယ်။
ဓညဝတီရေတပ်စခန်းဌာနချုပ်အပါအဝင် နှင်းဖဲတောင်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်းနဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ အဲဒီရွာတွေဘက်ကို လှမ်းပစ်နေတဲ့အပြင် လေးကြောင်းကပါ ဗုံးကြဲနေတဲ့အတွက် စစ်ဘေး ရှောင်နေကြရတာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
” ရေတပ်စခန်းကို AA က စတိုက်တော့ အပြန်အလှန်ပစ်ခတ်ကြတယ်။ အဲ့ဒီအချိန်ကတည်းက ရေတပ်စခန်း အနီးအနားက ရွာတွေမှာပါ တိုက်ပွဲတွေဖြစ်နေတာ ဒီနေ့အထိပဲ။ လေကြောင်းကနေလာပစ်တယ်။ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်လှမ်းပစ်တယ်။ ဒါကြောင့် ဆက်မနေရဲတော့ဘဲ တိမ်းရှောင်သွားကြတာ။ သစ်ပုတ်တောင်ရွာက ဒေသခံတချို့ကတော့ စစ်ကောင်စီက ရွာကိုပိတ်ဆို့လိုက်လို ထွက်ပြေးချိန်မရလိုက်ဘဲ ပိတ်မိကျန်နေကြသေးတယ်” လို့ သူက ပြောပါတယ်။
ဒီလို ဘေးလွတ်ရာကို တိမ်းရှောင်လာကြရသူတွေဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာ မလုံမလောက်ဖြစ်နေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
” အသက်လုပြေးလာတာဆိုတော့ အဝတ်အစားတွေတောင်မပါလာကြဘူး။ အဝတ်တွေရော၊ စားရေးသောက်ရေးရော အရေးပေါ်အကူညီတွေ လိုအပ်နေကြပါတယ်။ လောလောဆယ်တော့ နိုင်ငံခြားမှာရှိတဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ပေး ထားတယ်။ ပြီးတော့ မြေပြင်က အကူညီပေးနေတဲ့ အဖွဲအစည်းတွေနဲ့ ကျွန်တော်တို့ လှမ်းချိတ်ဆက်နေတာတော့ ရှိပါတယ်” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြန်မာပြည်ကို ခါးလည်ကနေပိုင်းဖြတ်သွားတဲ့ တရုတ်စီမံကိန်း ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြီးတွေအစပြုရာ ကျောက်ဖြူမြို့ကို AA က ဒီလ ၂၁ ရက်ကစလို့ ထိုးစစ်ဆင်လာတာဖြစ်ပြီး ယခင်တုန်းကတော့ မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။
ရခိုင်မှာ မြို့နယ် ၁၇ ခုရှိတဲ့အနက် ကျောက်ဖြူမြို့ပေါ်၊ စစ်တွေမြို့ပေါ်နဲ့ မာန်အောင်ကျွန်းတွေမှာသာ စစ်ကောင်စီ အခြေစိုက်နိုင်တော့ပြီး ကျန်ဒေသအားလုံးကို AA က သိမ်းထားခဲ့ပြီ ဖြစ်ပါတယ်။
ပုံစာ- ကျောက်ဖြူမြို့ ဝေဟင်မြင်ကွင်း
ဓါတ်ပုံ- Google

