ဂေထော
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၃ (မော်ကွန်း)
ကျောက်တော်မြို့ နှင့် ငါးမိုင်အကွာရှိ မဟာမုနိဘုရားဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းသို့ စစ်ရှောင်လာသူ ၁,၅၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် အိပ်ရာခင်းများ လိုအပ်နေကြောင်း ယင်းစခန်းမှ စစ်ရှောင်များကိုကူညီပေးနေသည့် အရှင်ဆေကိန္ဒက မော်ကွန်းသို့မိန့်သည်။
“လူကယ်ပြန်ကနေပြီး ဆန်အိတ် ၁၀၀ ကျော်လောက်တော့ တစ်ခါထောက်ပံ့ခဲ့တာရှိတယ်။နောက်ပြီးတော့ အစိုးရကနေပံ့ပိုးတာသိပ်မရှိဘူး။အခုလက်ရှိ နီးစပ်ရာရွာနားကနေပြီး စစ်ရှောင်တွေကို စားနပ်ရိက္ခာတို့ ထောက်ပံ့တာမျိုးလောက်ပဲရှိတယ်”ဟု သူက မိန့်သည်။
ကစ္ဆပနဒီမြစ်၏အရှေ့ဘက်ခြမ်းရှိ မျောက်တောင်၊သာစည်၊ရွှေပြည်သစ်၊ကျောက်ဂူစု၊ရွှေပြည်ကြီး၊ အလယ်ကျွန်း၊သုံးဆောင်စုနှင့်မာလာကျေးရွာမှ ပြည်သူများသည် ဒေသတွင်းနယ်မြေမငြိမ်းသက်မှုများကြောင့် စက်တင်ဘာ ၁ ရက်နေ့မှစပြီး ထွက်ပြေးတိမ်းရှောင် လာကြသူများဖြစ်သည်ဟု အရှင်ဆေကိန္ဒကရှင်းပြသည်။
လက်ရှိတွင် COVID-19 ရောဂါပြည်တွင်းကူးစက်မှုမြင့်တက်နေသော်လည်း စခန်းရှိစစ်ဘေးရှောင်ပြည်သူများသည် ဓမ္မာရုံတွင် လူဦးရေရာနှင့်ချီနေထိုင်နေရခြင်းကြောင့် ၎င်းတို့ကို သုံးပေအကွာ၊ ခြောက်ပေအကွာ၊ လက်ဆေးခြင်း၊ Mask တပ်ခြင်းများ လိုက်နာလုပ်ဆောင်စေရန် မလွယ်ကူကြောင်း သူကဆိုသည်။
ကျောက်တော်မြို့နယ်သည် စစ်ရှောင်စခန်းပေါင်း ၁၈ ခုရှိပြီး အချို့သောစစ်ရှောင်စခန်းများသည် အစိုးရစာသင်ကျောင်းများ၊ သာသနာရေးအဆောက်အအုံများ၌ ဖွင့်လှစ်ထားပြီး ယနေ့အထိ စစ်ရှောင်ဦးရေ ၂၂,၀၀၀ ဝန်းကျင်ရှိလာသည့်အတွက် စခန်းအများစု အိပ်ရာခင်းနှင့်စားသောက်ရေးအတွက် လုံလောက်မှုမရှိကြောင်း ကျောက်တော်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကဆိုသည်။
”သူတို့တွေအတွက်လိုနေတာ ဒီအချိန်မှာMaskတွေမဟုတ်ဘူး။ဆန်တွေလိုတယ်။မနက်စာ၊ညစာ သူတို့စားဖို့သောက်ဖို့ ၊သူတို့မိသားစုတွေ အသက်ရှင်ဖို့အတွက် အဓိကအရေးကြီးတာက ပထမအဆင့်က စားသောက်ရေးပေါ့၊ဒါကိုပဲလိုအပ်နေမှာသူတို့ဆီမှာ”ဟု သူကပြောသည်။
ရခိုင်ပြည်နယ်ရှိစစ်ရှောင်များကိုကူညီပေးနေသည့် Rakhine Ethnics Congress (REC)အဖွဲ့မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက“လုံးဝမလုံလောက်ဘူး။အစိုးရဘက်ကတစ်ချို့သောစခန်းတွေမှာထောက်ပံ့တာရှိမယ်။တော်တော်များများစခန်းတွေမှာ ထောက်ပံ့မှုမရှိဘူး။ အခြားစားစရာတွေလည်း သိပ်ပြီးမရှိဘူး”ဟု သူကပြောသည်။
တပ်မတော်နှင့် AA တို့၏ ၂၀၁၈ နှောင်းပိုင်းမှစတင်လာသည့် စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ဦးရေ နှစ်သိန်းကျော်ရှိနေပြီး စစ်ရှောင်စခန်း ၁၅၀ကျော်ရှိကြောင်း စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသော Rakhine Ethnics Congress (REC)အဖွဲ့မှ သိရသည်။
ပုံစာ -ကျောက်တော်မြို့နယ်ရှိရွာများမှ ထွက်ပြေးလာကြသည့် မဟာမုနိစစ်ရှောင်စခန်းက ပြည်သူများ
Photo – ခိုင်မင်းသျှင်
#Dailynews

