ကျောက်တော် – ၂၀၂၅ စက်တင်ဘာ ၁၂ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို ဒီနေ့မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် ၁၈ ဦး ထိ သေဆုံးသွားတယ်လို့ အာရက္ခတပ်တော် (AA) ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် အစောပိုင်း ၁း၀၀ နာရီခန့်က ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းအနီးကို စစ်ကောင်မရှင်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေနဲ့ ၎င်းပတ်ဝန်းကျင်က ကလေးငယ်တချို့အပါအဝင် စုစုပေါင်း (၁၈) ဦး သေဆုံးကာ (၂၀) ကျော် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်က AA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။
ပြီးခဲ့တဲ့လ ၂၅ ရက် ညပိုင်းကလည်း မြောက်ဦးမြို့ပေါ်က ဒိုင်းကျီရပ်ကွက်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၄ ဦးသေဆုံခဲ့ပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မေလပိုင်းကလည်း ကျောက်တော်မြို့ ရွာမရပ်ကွက်ကို အာဏာသိမ်းစစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာမှာ ဒေသခံ ရှစ်ဦးထိ သေဆုံးခဲ့ပါသေးတယ်။
အာရက္ခတပ်တော် (AA) ဟာ ၂၀၂၃ နိုဝင်ဘာလပိုင်းကစပြီး ရခိုင်ပြည်နယ်က အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်နှစ်ခွဲကျော်ကာလအတွင်း ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကလွဲရင် ပြည်နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားတာပါ။
ဒါအပြင် ပြီးခဲ့တဲ့လပိုင်းတွေကစပြီး AA တပ်တွေဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း စစ်ရေးဖော်ဆောင်လာပြီး နှစ်ဘက်တိုက်ပွဲတွေ ဖြစ်နေတာပါ။

ပုံစာ – ကျောက်တော်က စာသင်ကျောင်းဗုံးကြဲခံရလို့ သေဆုံးသွားတဲ့ ကလေးများ
ဓါတ်ပုံ – အာရက္ခတပ်တော်(AA)

