ရန်ကုန်-၂၀၂၄ မေ ၁၄ (မော်ကွန်း)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းခွဲခံရပြီး ပျက်စီးနေတာကြောင့် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ဘားအံ အဝေးပြေးကားတွေ ဒီနေ့အထိ ပြေးဆွဲမှုရပ်နားထားတယ်လို့ အဝေးပြေးကားလက်မှတ်အရောင်းဌာနတွေက ပြောပါတယ်။
မနှစ်က မိုင်းခွဲခံရလို့ပျက်စီးသွားတဲ့ ကျုံအိတ်တံတားဟာ အခုလ ၁၁ ရက် မနက်အစောပိုင်းက ထပ်မံမိုင်းခွဲဖျက်ဆီးခံရတာကြောင့် အသစ်ထိုးထားတဲ့ ဘေလီတံတားပါ ကျိုးကျပျက်စီးခဲ့တာပါ။
“ လမ်းကြောင်းအခြေအနေပေါ်မူတည်သေးတယ်။ ပြန်ထွက်မယ့်ရက် အတိအကျတော့ ပြောလို့မရသေးပါဘူး။ လမ်းကြောင်းကောင်းရင်ပြန်ထွက်ပါမယ်” လို့ မန္တလာမင်း အဝေးပြေးယာဉ်လိုင်း လက်မှတ်အရောင်းဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အိမ်စီးကားတွေ၊ လူနာတင်ကားတွေ၊ ခရီးသည်တင်ယာဉ်တချို့နဲ့ ကုန်တင်ကားတချို့က ကျုံအိတ်တံတားကို ရှောင်ပြီးသွားရတဲ့ ကျေးရွာချင်းဆက်လမ်းကနေ သွားလာနေကြတာဖြစ်ပြီး အဲဒီလမ်းလွှဲမှာလည်း တိုက်ပွဲတွေဖြစ်နေလို့ ကားလမ်းပိတ်ဆို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“တောလမ်းကနေမောင်းရတာ လမ်းကြမ်းလို့အချိန်ပိုကြာတယ်။ တောလမ်းဖြစ်လို့ တချို့နေရာတွေဆို ဖုန်းလိုင်းမမိဘူး။ တိုက်ပွဲဖြစ်နေလို့ လုံခြုံရေးတော့စိတ်ပူရတယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကျုံအိတ်တံတား မိုင်းခွဲခံရပြီး နောက်တစ်ရက်မှာ လုံခြုံရေးအများအပြားနဲ့ တံတားကိုသွားရောက်ကြည့်ရှုခဲ့ပြီး ပျက်စီးသွားတဲ့ တံတားနေရာကို ဘေလီတံတားအသစ် အမြန်တည်ဆောက်နိုင်ဖို့ လုပ်နေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
ကျုံအိတ်တံတားထပ်မံမိုင်းခွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင်ကားလမ်း အသုံးပြုမရတာကြောင့် ရထားစီးနင်းတဲ့သူပိုများလာလို့ အခုလ ၁၃ ရက်ကစပြီး ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ် တစ်ရက် နှစ်ကြိမ်တိုးချဲ့ပြေးဆွဲနေတယ်လို့ မြန်မာ့မီးရထားက ဆိုထားပါတယ်။
ကျုံအိတ်တံတားဟာ မနှစ်က ဇွန် ၂၉ ရက်ကလည်း မိုင်းခွဲဖျက်ဆီးခံရပြီး ဖျက်ဆီးခံရတဲ့တံတားကို လာကြည့်တဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပြီး သုံးဦးသေဆုံးကာ ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ကျုံအိတ်တံတားကို KNLA နဲ့ PDF အဖွဲ့တွေက ဖျက်ဆီးခဲ့တာလို့ အခုလ ၁၂ ရက်က ထုတ်တဲ့ သူတို့ရဲ့ဝါဒဖြန့်သတင်းစာမှာဆိုထားပါတယ်။
ပုံစာ-မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားကို ကြည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီခန့်မွန်ဝန်ကြီးချုပ်။
ဓာတ်ပုံ-U Aung Kyi Thein